AA အုပ်ချုပ်ရေးအောက်တွင် လူမှုသဟဇာတ ပို ဖြစ်လာ

AA အုပ်ချုပ်ရေးအောက်တွင် လူမှုသဟဇာတ ပို ဖြစ်လာ
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture

နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်ရှိ စုံလင်ကွဲပြားသည့် လူမျိုးစုများကို လူမှုသဟဇာတဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်နေပြီး လက်ရှိတွင် လူမျိုးစုအားလုံးမှာ ယခင်ကထက် ဆက်ဆံရေး ပိုမို အဆင်ပြေလာနေကြောင်း လေးမြို့ချောင်းဒေသခံ ချင်းနှင့် မရမာကြီးလူမျိုးများက ပြောဆိုကြသည်။

မြောက်ဦးမြို့နယ် လေးမြို့မြစ် အထက်ပိုင်းဒေသတွင် ရခိုင်၊ ချင်း၊ မြို၊ ခမီ၊ မရာမာကြီး လူမျိုးများ နေထိုင်ကြပြီး ယခုအခါ လူမျိုးစု အချင်းချင်းကြား မလိုမုန်းတီးခြင်းများ မရှိဘဲ ချစ်ကြည်ရင်းနှီးစွာ နေထိုင်မှုပုံစံ ဖြစ်နေကြောင်း ပြောဆိုသည်။

“ ULA/AA က ပြည်သူကို တန်းတူညီမျှ အုပ်ချုပ်ပါတယ်။ ကျနော်တို့ ချင်းတိုင်းရင်းသားတွေ အနေနဲ့လည်း ရခိုင်ပြည်ထဲ နေထိုင်ကြတဲ့အခါ တန်းတူတန်းမျှ တာဝန်ယူ ပေးရတယ်။ အနိုင်ကျင့်တာတွေလည်း မရှိပါ။ ကျနော်တို့ ချင်းတိုင်းရင်းသား ဖြစ်ပေမယ့် ဖော်ဖော်ရွေရွေ ဆက်ဆံပါတယ် ” ဟု မြောက်ဦးမြို့နယ်၊ ခြိတ်ချောင်းကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ချင်းလူမျိုး ဦးကံသိန်းက DMG ကို ပြောသည်။

မြောက်ဦးမြို့နယ် လေးမြိုချောင်း ဒေသခံများသည် မြေပဲ၊ ငရုပ်၊ ခရမ်း၊ ပြောင်း၊ ငှက်ပျောပင်ခင်းများ အဓိကထား စိုက်ပျိုးကြပြီး တောတောင်များကို မှီခိုလုပ်ကိုင်စားသောက်ကြသည်။

လူမှုသဟဇာတအရေးနှင့် ပတ်သက်ပြီး ချင်းအမျိုးသား ဦးအင်္ဂါအောင်ကလည်း လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်တွင် စည်းလုံးညီညွတ်မှုကို ပိုမိုဖြစ်လာနေကြောင်း ဆိုသည်။

“ စစ်ကောင်စီ အုပ်ချုပ်တဲ့အခါ ကျနော်တို့ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးကို ခံခဲ့ရပါတယ်။ အခု အာရက္ခတပ်တော်က အုပ်ချုပ်စိုးမိုးလာပါတယ်။ တိုင်းရင်းသားပေါင်းစုံ ညီကိုမောင်နှမ၊ လူမျိုး၊ ဘာသာမခွဲ စည်းလုံးမှုအင်အားကို ဗိုလ်ချုပ်က လမ်းညွှန်ပြခဲ့ပါတယ်။ ကျနော်တို့ကလည်း ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေနဲ့ စည်းလုံးခဲ့ကြတာကို တွေ့မြင်လာရပါတယ် ” ဟု လေးမြို့ချောင်းဒေသခံ အသက် ၆၁ နှစ်အရွယ် ချင်းအမျိုးသား ဦးအင်္ဂါအောင်က ပြောသည်။

ယခုအချိန်တွင် အာရက္ခတပ်တော်အနေဖြင့် လူမှုသဟဇာတဖြစ်စေရေး မျိုးနွယ်စုဝင်များ၏ အမျိုးသားနေ့များ လုပ်ပေးခြင်း၊ ဘာသာရေးပွဲတော်များကိုလည်း ဦးဆောင်ကာ ကျင်းပပေးခြင်းနှင့် ရခိုင်ပြည်တွင် ချစ်ခင်စည်းလုံးမှုဖြင့် လွတ်လပ်စွာ နေထိုင်ကြရန် ပြောဆိုမှုများရှိနေကြောင်း သိရသည်။

ထို့အတူ လေးမြို့ချောင်းဒေသတွင် ယခင်ကထက် မျိုးနွယ်စုဝင်များ လူမှုသဟဇာတနှင့် ကူးသန်းဆက်သွယ် ရောင်းဝယ်ဖောက်ကားမှုတို့အပြင် ဆက်ဆံရေး ပိုမိုကောင်းမွန်လာကြောင်း မရာမာကြီး လူမျိုးများက ပြောဆိုကြသည်။

ယင်းအပြင် စစ်ကောင်စီ အုပ်ချုပ်ချိန်နှင့် ယခု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အုပ်ချုပ်မှုတို့မှာ အလွန်ပင် ကွာခြားချက်များ ရှိနေကြောင်းလည်း မြောက်ဦးမြို့နယ်က မရမာကြီး လူမျိုးများက ပြောကြသည်။

ရော်မဏီကျေးရွာက မရာမာကြီး လူမျိုး ဒေါ်ဦးစောနွယ်က “ အရင်ထက် ပိုမို ကောင်းမွန်လာပါတယ်။ သွားလာရတာ အဆင်ပြေပါတယ်။ ကျမတို့ဟာ ညအချိန်ဆိုလည်း ကလေး၊ ကိုယ်ဝန်သည်တွေ တစ်ခုခုဖြစ်ရင် သွားလို့ ရပါတယ်။ စစ်ကောင်စီ လက်ထက်မှာဆိုရင် မသွားဘူး။ အရင်နဲ့ နှိုင်းယှဉ်ရင် အများကြီး အဆင်ပြေလာပါတယ်။ အုပ်ချုပ်ရေးသော်လည်းကောင်း၊ ကူးသန်းသွားလာရေးတွေလည်း အဆင်ပြေလာပါတယ် ” ဟု ပြောသည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည်တွင် လူမှုသဟဇာတဖြစ်ပေါ်တိုးတက်စေရေး စုံလင်ကွဲပြားသည့် မျိုးနွယ်စုအားလုံးအကြား အပြုသဘောဆောင်သည့် ဆွေးနွေးချက်များနှင့် ရိုးရာယဉ်ကျေးမှုများ အကြောင်းကို နှီးနှောဖလှယ်ပွဲများကိုလည်း မကြာခဏပြုလုပ်နေကြောင်း ပြောကြသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...