မြစ်ကြီးနားမြို့မှာ သံတိုသံစရောင်းဝယ်ရေးဆိုင် မီးလောင်

မြစ်ကြီးနားမြို့မှာ သံတိုသံစရောင်းဝယ်ရေးဆိုင် မီးလောင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သံတိုသံစအဟောင်းရောင်းဝယ်ရေးဆိုင်တစ်ဆိုင်မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ််မှာ မတ်လ ၂၄ ရက် မနက် ၁ နာရီ ဝန်းကျင် မြစ်ကြီးနားမြို့ အေးမြသာယာ နယ်မြေ ၅ ၊ လမ်းသွယ် (၁၄) လွတ်လပ်ရေးအားကစားကွင်းရှေ့မှာရှိတဲ့ (ပစ်တိုင်းထောင်) သံတိုသံစပစ္စည်းအဟောင်းရောင်းဝယ်ရေးခြံထဲက နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

“မီးလောင်တဲ့အိမ်မှာ လူမရှိဘူး။ သော့ခတ်ထားတယ်။ အိမ်ရှင်တွေက ခရီးထွက်သွားတာတဲ့။ အိမ်စောင့်တွေက အလှူသွားနေတဲ့အချိန် လောင်တာ”လို့  မျက်မြင်တွေ့သူတစ်ဦးက ဆိုပါတယ်။

ရပ်ကွက်နေပြည်သူတွေပြောချက်အရ ဝါယာရှော့ကြောင့် မီးလောင်တာလို့ယူဆရပြီး မီးအရှိန်အလွန်ပြင်းထန်ခဲ့တဲ့အတွက် ဆိုင်ထဲကပစ္စည်းတွေသာမက အိမ်လည်းအကုန်ပြာကျသွားတယ်လို့  မျက်မြင်တွေ့ရှိသူ တစ်ဦးပြောပြပါတယ်။

မီးလောင်မှုကိုတော့ မီးသတ်သမားတွေနဲ့အတူ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းနဲ့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ ပါဝင်ကူညီ ငြိမ်းသတ်ခဲ့ကြပြီး မိနစ်၂၀ကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာလည်း ခေမာသီရိ လမ်းသွယ် ၂၁ မှာရှိတဲ့ ပညာအလင်းတန်းဘော်ဒါဆောင် မီးလောင်ကျွမ်းမှု၊ မတ်လ ၅ ရက် မန်ခိန်ရပ်ကွက် နယ်မြေ ၁/ ကောင်းမြန်မာလွင်ကုမ္ပဏီပိုင်မီးလောင်မှုအပါအဝင် ဒီတစ်ကြိမ်နဲ့ဆိုရင် မီးလောင်မှုဖြစ်စဉ် ၃ ကြိမ်ထိရှိလာပြီဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလအတွင်းမှာလည်း လယ်ကုန်းရပ်ကွက် နယ်မြေ (၉) မှာ နေအိမ် ၄ လုံးမီးလောင်ခဲ့သလို၊ မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနားက နှစ်ထပ်အိမ် တစ်ခုမီးလောင်မှု ဖြစ်ခဲ့ပါတယ်။

KNG ကနေစုစည်းထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ မီးလောင်ကျွမ်းမှု ၅ ကြိမ် ဖြစ်ခဲ့ပြီး လူသေဆုံးသူတစ်ဦးရှိခဲ့တာဖြစ်ပါတယ်။

အလားတူ စစ်ကောင်စီအောက် မီးသတ်ဦးစီးဌာနရဲ့ မှတ်တမ်းများအရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အထိ ၁ဝ နှစ်တာကာလအတွင်း မီးလောင်မှုပေါင်း ၁၈၃၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်စဉ်မီးလောင်မှုအကြိမ်ရေ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အကြိမ်ရေ ၁၈ဝဝ ခန့်ဖြစ်ပွားပြီး ကျပ် ၁၅ ဘီလီယံခန့် ဆုံးရှုံးလျက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ထပ် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးလောင်မှု ၉၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၆ ဦး သေဆုံးခဲ့ကာ မီးလောင်မှုဖြစ်စဉ် အများစုကတော့ လျှပ်စစ်မီး၊ ပေါ့ဆမီးနဲ့ မီးဖိုမီးတွေ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...