သုံးထပ်ကွေ့ဒေသကို စစ်အုပ်စု ထိုးစစ်ဆင်လာ

သုံးထပ်ကွေ့ဒေသကို စစ်အုပ်စု ထိုးစစ်ဆင်လာ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးရွာအကျော်၊ သုံးထပ်ကွေ့ဒေသ လမ်းပိုင်းနေရာသို့ မတ်လ(၂၀)ရက်မှစတင်ပြီး စစ်အုပ်စုကလက်နက်ကြီးများပစ်ခတ်၍ ထိုးစစ်ဆင်လာသောကြောင့် အပန်းဖြေဆောက်လုပ်ရေးလုပ်ငန်းများနှင့် စစ်ရှောင်တဲများ နေရာရွှေ့ပြောင်းရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

လက်ခတ်တောင်နှင့်စွယ်တော်ကုန်းဘက်မှ စစ်အုပ်စုက မြဝတီတောင်ဘက် ၂၈ ကီလိုမီတာအကွာရှိ သုံးထပ်ကွေ့၊ ဖလူးနှင့် ကဆောဝါးလေးနတ်စင်ကုန်း နေရာဘက်ကို ၁၂၀ မမ၊ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA သတင်းအရင်းအမြစ်က ပြောသည်။

“သုံးထပ်ကွေ့ကိုတက်ဖို့ ဟောင်ဝှစ်ဇာတွေ ၁၂၀ တွေ ပစ်ထုတ်နေတာ။ အဲ့ဒီမှာရှိနေတဲ့ တရုတ်ဆိုက်တွေ၊ ကစားကွင်းနဲ့ပန်းခြံနေရာတွေ၊ စစ်ရှောင်စခန်းနေရာက လူတွေပါ အကုန်ပြောင်းပြေးနေရတယ်” ဟု KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒေသတွင်းစစ်ရေးလှုပ်ရှားနေသည့် KNLA နှင့်မဟာမိတ်တပ်ဖွဲ့ဝင်အချို့ပြောပြချက်အရ သုံးထပ်ကွေ့နေရာရှိ အဆိုပါအပန်းဖြေဆောက်လုပ်ရေးနေရာများကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA က ဦးစီးလုပ်ဆောင်သည်ဟု ဆိုသည်။

တဖက်၌ ပြီးခဲ့သည့်မတ်လဒုတိယအပတ်အထိ ဖလူးဘက် စစ်ရေးအခြေအနေပြင်းထန်လျက်ရှိရာမှ ယနေ့ စစ်ပွဲဧရိယာပိုကျယ်ပြန့်လာသည်။ စစ်အုပ်စု၏လက်ရှိလှုပ်ရှားမှုအရလည်း သုံးထပ်ကွေ့အထိ နယ်မြေသိမ်းယူမည့် သတင်းများထွက်ပေါ်နေသည်ဟု စစ်ဘေးရှောင်သတင်းအရင်းအမြစ်က ပြောသည်။

ပလော့တပို့ စစ်ရှောင်စခန်းမှ ပြောင်းရွေ့နေရသူက “စစ်တပ်က သုံးထပ်ကွေ့-ဝေါလေအထိ ပြန်တိုက်ယူမယ်ဆိုပြီး ပြောနေကြတယ်။ လက်နက်ကြီးဆို နေ့ဘက်လည်းကျတယ် ညဘက်လည်းကျတယ်။ စစ်ရှောင်နေရာတွေလည်း နေဖို့မလွယ်တော့ဘူး။” ဟု ကေအိုင်စီကို ပြောသည်။

ကရင်စစ်ရေးသတင်းအရင်းအမြစ်များအရ မြဝတီတောင်ပိုင်းတွင် စစ်အုပ်စုက စစ်ကြောင်းဖြန့်ခွဲတိုက်ခိုက်နေသော်လည်း လတ်တလောအထိ ဖလူးကျေးရွာနှင့် မင်းလက်ပံ ကျေးရွာကို ကျော်လွန်နိုင်ခြင်းမရှိသေးပေ။

သို့သော် ကရင်လက်နက်ကိုင်စိုးမိုးနယ်မြေများဖြစ်သည့် သုံးထပ်ကွေ့၊ မြွေနှစ်ကောင်ဘုရားကုန်း၊ သဲဖြူချောင်း၊ ဘလယ်ဒို၊ ‌သေ့‌ဘောဘိုး၊ ဆုံဆည်းမြိုင်၊ ဥကရစ်ထ၊ ဝါးမီထနှင့်ဝေါလေမြိုင်ဒေသများဘက်တွင်မူ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေမြဲဖြစ်သည်။ ထို့အတူ လက်နက်ခဲယမ်းနှင့် စစ်ကူတပ်သားသစ်များကိုလည်း မြဝတီမြို့ ခြေလျှင်တပ်ရင်း စစ်အုပ်စု ခလရ-၂၇၅ တပ်နှင့် သဃ်န်းညီနောင်စစ်ဗျူဟာဘက်သို့ နေ့စဥ်ပို့ဆောင်နေသည်ဟု တော်လှန်ရေးအင်အားစုတို့က ဆိုသည်။

July 4, 2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရှေးဟောင်းမြို့ရိုးနှင့် ကျုံးများ ပြန်လည်တူးဖော်သည့်...
ဓာတ်ပုံ - KIC
July 3, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူး-မင်းလက်ပံဒေသတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာပြီး...
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခမ်းအနား (Photo: KNU)
July 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆)၊ ...
Photo: CJ
July 1, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရပ်ကွက်များအတွင်း ညဘက်တွင်...