ပူတာအို-ခေါင်လန်ဖူးကားလမ်းပိုင်း မြေထပ်ပြိုလို့ သွားလာရေးပိုခက်ခဲလာ

ပူတာအို-ခေါင်လန်ဖူးကားလမ်းပိုင်း မြေထပ်ပြိုလို့ သွားလာရေးပိုခက်ခဲလာ
၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်

ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့် ဒေသခံတွေသွားလာရေးပိုခက်ခဲသွားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်မှာတစ်ကြိမ်၊ ဇွန်လမှာတစ်ကြိမ် နှစ်ကြိမ်တိတိကားလမ်မြေပြိုမှုဖြစ်ခဲ့တဲ့ ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းကို ဒီနေ့ထိလမ်းပြုပြင်နိုင်ခြင်းမရှိတဲ့အတွက် ဆိုင်ကယ်နဲ့သာသွားလာနေကြရတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီနေရာမှာပဲ ဒီနှစ် မတ်လမှာ မြေထပ်ပြိုသွားတာကြောင့် ဒေသခံတွေသွားရေးလာရေးပိုမိုခက်ခဲသွားကြောင်း ခေါင်လန်ဖူးမြို့ခံအမျိုးသမီးတစ်ဦး KNGကိုပြောပါတယ်။

“မနှစ်ကပြိုသွားတဲ့ဟာ အခုထိမပြင်ပေးဘူးလေ။ အစိုးရက အဲ့ကြောင့်ကားသွားလို့မရဘူး။ ဆိုင်ကယ်နဲ့ပဲသွားရတာ။ အခုဆိုင်ကယ်ပဲသွားလို့ရတဲ့နေရာတွေလည်းထပ်ပြိုသွားတယ်။ ဒီလမှာပဲ။ အဲ့ကြောင့် ဆိုင်ကယ်သမားတွေလည်း မသွားနိုင်ဘူး။ တချို့နေရာတွေက ဆိုင်ကယ်ထမ်းရတယ်ဆိုတော့ ပူတာအိုဆင်းဖို့လည်းမလွယ်တော့ဘူး”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။

ပုံမှန်အားဖြင့် နွေရာသီနဲ့ဆောင်းရာသီကာလတွေမှာ ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းဟာ ကုန်ကားကြီးတွေအထိသွားလာလို့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာ မြေပြိုမှု ၂ နှစ်ဆက်တိုက်ဖြစ်ခဲ့တဲ့အပြင် ဒီနှစ်မှာလည်း ထပ်ပြုသွားတာကြောင့် လတ်တလော ပူတာအို–ခေါင်လန်ဖူးလမ်းပိုင်းမှာ ဆိုင်ကယ်နဲ့ခက်ခက်ခဲခဲသွားလာနေရပြီး လမ်းခရီး  ၃ ညထက်မနည်းကြန့်ကြာတယ်လို့ သိရပါတယ်။

“ဒီရက်ပိုင်းကတော့ လမ်းမှာ သုံး၊ လေးည ညအိပ်ရတယ် လမ်းကထပ်ပြိုထားလို့  ပိုဆိုးသွားတာ။ မနှစ်က နည်းနည်းသွားလို့ရတဲ့နေရာ ဒီနှစ်ဆိုင်ကယ်ထမ်းတင်ရတဲ့နေရာတွေဖြစ်လာတယ်။ အဲ့မှာကယ်ရီခကလည်းပိုစျေးတက် သွားတာပေါ့ လမ်းခရီးလည်းကြာ ငွေကြေးလည်းပိုကုန်ဖြစ်နေတာ”လို့နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိပြိုထားတဲ့နေရာတွေဟာ မနှစ်ကပြိုထားတဲ့ ပူတာအို–ခေါင်လန်ဖူးကြားရှိ ရီဒမ်းဂိတ်အကျော်နေရာတွေနဲ့ ဆန်းလွန်းချက်တောင်ကြားတစ်လျှောက်နေရာတွေမှာထပ်ပြိုထားကြောင်းသိရပါတယ်။

ဒီလမ်းပိုင်းဟာ သုံးကြိမ်တိတိပြိုထားပေမယ့် ဒီနေ့ထိပြုပြင်ပေးခြင်းမရှိတဲ့အတွက် တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ အမြန်ပြုပြင်ပေးဖို့ ဒေသခံပြည်သူတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတောင်းဆိုမှုတွေရှိလည်းရှိနေပါတယ်။

ယင်းလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်ပြီး အခုလိုအသွားအလာခက်ခဲတာ ကုန်ကားတွေအဝင်ပြတ်တောက်သွားတာတွေကြောင့် ခေါင်လန်ဖူးဒေသခံအတွင်း အခြေခံစားသောက်ကုန်၊ လူသုံးကုန်တွေကို တရုတ်ပြည်နယ်စပ် ဝင်ပေါက်ဖြစ်တဲ့ရှိန်းခေါင်လမ်းပိုင်းကိုအသုံးပြုနေရတယ်လို့ သိရပါတယ်။

ဒါပေမယ့် ရှိန်းခေါင်– ခေါင်လန်ဖူးလမ်းပိုင်းကလည်း ခက်ခဲတဲ့တွက် ကုန်တွေကို ခေါင်လန်ဖူးမြို့ထဲရောက်ဖို့ ဆိုင်ကယ်၊ လားတွေနဲ့အဆင့်ဆင့်သယ်ယူရတာကြောင့် ခေါင်လန်းဖူးမြို့ထဲကုန်စျေးကြီးတာ၊ ကုန်စည်ရှားပါးတာတွေကြုံတွေ့နေရကြောင်း သိရပါတယ်။

ပူတာအို –ခေါင်လန်းဖူး  ကားလမ်းပိုင်းဟာမြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲသွားလာနေရတဲ့လမ်းပိုင်းဖြစ်ပါတယ်။

ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လမှာ မိုးရွာသွန်းမှုကြောင့် ရွာချင်းဆက်တံတားကြီး ၅ စင်းနဲ့လမ်းပိုင်းအများအပြားပျက်စီးခဲ့ပြီး လနဲ့ချီ အသွားအလာပြတ်တောက်မှုတွေကြုံတွေ့ခဲ့ရကြောင်းသိရပါတယ်။

By – Zaw Zaw

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...