ရခိုင်ပြည်တွင် အဓမ္မပြုကျင့်မှုဖြစ်စဉ်များ များပြားလာနေပြီး ယခုလအတွင်းမှာပင် သက်ငယ်မုဒိမ်းမှု နှစ်ခု အထိရှိနေသဖြင့် ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူးပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ရခိုင်လူငယ်များက တောင်းဆိုနေကြသည်။
မတ်လ ၁၆ ရက်က မောင်တောမြို့နယ်တွင် အသက် ၂ နှစ်ကျော်အရွယ် မိန်းကလေးတစ်ဦးကို အသက် ၁၃ ကျော်အရွယ် ယောက်ျားတစ်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး အလောင်းဖျောက်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်ခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်ကလည်း ပေါက်တောမြို့နယ်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် ၄၀ ဝန်းကျင် ဦးထွန်းအောင်ချေ ဆိုသူက အဓမ္မပြုကျင့်ခဲ့ပြီး လက်ရှိတွင် ၎င်းမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း ဒေသခံများက ဆိုကြသည်။
ထိုသို့ မုဒိမ်းမှုများကို သက်ညှာထောက်ထားမှုဖြင့် ပြစ်ဒဏ်လျှော့ပေါ့ခြင်းမျိုး မလုပ်သင့်ဘဲ ဥပဒေနှင့် အညီ ထိုက်သင့်သည့် ပြစ်ဒဏ်များကို ထိရောက်စွာအရေးယူသင့်ကြောင်း လူငယ်များက ဆိုကြသည်။
ကျောက်တော်ဒေသခံ လူငယ်အမျိုးသမီးတစ်ဦး “အာရက္ခတပ်တော်က ဒီလိုကိစ္စတွေကို ဖြေရှင်းတဲ့အခါ သေသေချာချာ ဖြေရှင်းသင့်တယ်။ အခုလို အသက် ၁၀ ကျော်သက်တစ်ယောက်က ဒီလို မုဒိမ်းမှုကို ကျူးလွန်တယ် ဆိုရင် လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီအသက်ရွယ်မှာက ကလေးလိုပဲ နေရမယ့်အရွယ်မှာ အခုလို လူကြီးစိတ်ဝင်ပြီး စမ်းသပ် လုပ်ဆောင်တာတို့ မြေမြှုပ်သတ်တာတို့က ရက်စက်တဲ့ လုပ်ရပ်ဖြစ်တယ်။ အဲဒါကြောင့် ဒီလို လုပ်ရပ်တွေက ဘယ်လောက်ပဲ ကလေးဖြစ်ပါစေ အပြစ်ပေးခံသင့်ပါတယ်” ဟု ပြောသည်။
မုဒိမ်းမှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူမှုများ မလုပ်ဆောင်နိုင်ပါက နောက်ထပ် မုဒိမ်းမှု ကျူးလွန်ရန်အတွက် အခွင့်အရေးများဖြစ်ပေါ်လာနိုင်သဖြင့် စိုးရိမ်စရာကောင်း ကြောင်းလည်း ထောက်ပြနေကြသည်။
သက်ငယ်မုဒိမ်းမှုသည် လူ့အသိုင်းအဝိုင်းတစ်ခုလုံးက လက်မခံနိုင်သော အရာတစ်ခုဖြစ်ပြီး ထိုသို့ ဖြစ်ရပ်များ ထပ်တိုးမလာနိုင်အောင် အများပြည်သူရှေ့မှောက်၌ပင် စီရင်ချက် ချမှတ်သင့်ကြောင်း လည်း မြောက်ဦးမြို့မှ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။
“သက်ငယ် မုဒိမ်းမှုဆိုတာ ရွံစရာကောင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်တာကြောင့် ကျူးလွန်တဲ့သူကို ထိုက်တန်တဲ့ ပြစ်မှုတစ်ခု ပေးသင့်တယ်။ ကျမ အနေနဲ့ကတော့ နောက်ထပ် လုံးဝမဖြစ်လာနိုင်အောင် အဲဒီလို လူတွေကို အဆုံးစီရင်လိုက်တာ အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ အဲဒီလို ပြစ်မှုကျူးလွန်တဲ့ လူကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးတဲ့အပြင် လူကြားထဲမှာလည်း ဒီလူဟာ ပြစ်မှု ကျူးလွန်တဲ့သူ ဆိုပြီး အရှက်ခွဲသင့်ပါတယ်” ဟု မြောက်ဦးဒေသခံ လူငယ်အမျိုးသမီး တစ်ဦးက ပြောသည်။
တစ်ဖက်တွင် မုဒိမ်းမှုတစ်ခုဖြစ်ပေါ်ပါက နစ်နာသူမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအရာ ထိခိုက်မှုရှိနေပြီး လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း၏ မျက်ကွယ်ပြုမှုခံရသဖြင့် ရှေ့ဆက် ဘဝရှင်သန်းရေးကို အဟန့်အတားဖြစ်စေသည်။
ထိုသို့ ပတ်ဝန်းကျင်၏ မျက်ကွယ်ပြုမှုများက နစ်နာသူအတွက် ပိုထိခိုက်စေသဖြင့် ဝိုင်းဝန်းကူညီဖေးမကာ ကာကွယ်ပေးသင့်ကြောင်း မြောက်ဦးဒေသခံတစ်ဦးဖြစ်သည့် ကိုဉာဏ်လင်းက ပြောသည်။
“လူတွေကြားမှာ စက်ဆုတ်ဖို့ ကောင်းတဲ့ ပြဿနာတစ်ခု ဖြစ်တဲ့အတွက် လူတွေ အကုန်လုံးနဲ့ သက်ဆိုင်တာကြောင့် ဝိုင်းဝန်းပေးဖို့ ကာကွယ်ပေးဖို့ ရပ်တည်ပေးဖို့ လိုအပ်တယ်။ လူ့ သဘာဝအရ ကိုယ့်ဆီမှာ မဟုတ်ရင် မျက်ကွယ်ပြု ထားတာတွေများတော့ ဒီလိုအခြေနေတွေက ပိုပြီးတော့ များလာမယ်။ အဲဒါကြောင့် မျက်ကွယ်မပြုကြဖို့ တောင်းဆိုချင်ပါတယ်။ ပြီးရင် လိင်ပိုင်းဆိုင်ရာ အသိပညာပေးတာတွေ လက်ကမ်းစာစောင် ဝယ်မျှတာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်”ဟု ကိုဉာဏ်လင်းက ပြောသည်။
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် အဓမ္မပြုကျင့်မှုဖြစ်စဉ်များ ခပ်စိပ်စိပ်ရှိ လာနေသော်လည်း ဥပဒေအရ အရေးယူဆောင်ရွက်မည်ပိုင်းမှာ အားနည်းနေသည့်အပြင် ပွင့်လင်း မြင်သာမှုအပေါ် ပြည်သူများက မေးခွန်းထုတ်နေကြသည်။
ယင်းကြောင့် အဓမ္မပြုကျင့်မှုများ လုံးဝပျက်ရေးအတွက် အရေးယူဆောင်ရွက်သင့်ပြီး အခြားတစ်ဖက်တွင်လည်း လိင်ပိုင်းဆိုင်ရာ အသိညာပေးရေး လုပ်ငန်းစဉ်းများကို တွင်တွင်ကျယ်ကျယ်လုပ်သင့် ကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြကြသည်။
“ကလေးတွေနဲ့ အနီးကပ်နေတဲ့ မိဘတွေအနေနဲ့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဆောင်ရန် ရှောင်ရန် တွေကို အသိပညာပေးတာတွေ သေချာလုပ်ဆောင်သင့်တယ်။ ကျေးရွာတွေမှာလည်း တက်ကြွတဲ့ လူငယ်တွေကိုစုပြီးတော့ ဒီအရာတွေနဲ့ ပတ်သတ်ပြီး ဝိုင်းဝန်းဆွေးနွေး ဖလှယ်တာတွေ လူကြီးရော ကလေးရော ပါဝင်နိုင်တဲ့ (activity) လှုပ်ရှားမှုတွေ ပြုလုပ်တယ်ဆိုရင် ဒီကိစ္စကို အများကြီး လျှော့ချနိုင်တယ်လို့ ကျမမြင်တယ်” ဟု ရခိုင်က အမျိုးသမီးအရေးဆောင်ရွက်နေသူ သျှင်ထွန်းစံက ပြောသည်။
ရခိုင်ပြည် နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော်သည် တော်လှန်ရေး အစိုးရတစ်ရပ်ဖွဲ့စည်းကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် အုပ်ချုပ်ရေးယန္တရားများကို ဖော်ဆောင်နေသည်။
တပြိုင်နက်တည်းတွင် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု များဖြစ်ပေါ်နေပြီး ထိုသို့ ဒုစရိုက်မှုများနှင့် ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားရေးဌာနအပေါ် ဝေဖန်မှုများရှိနေသည်။







