ကေအဲန်ယူ ဌာနချုပ်ကို စစ်တပ်ဗုံးကြဲ တယ်ဆိုတဲ့ သတင်းအမှား

ကေအဲန်ယူ ဌာနချုပ်ကို စစ်တပ်ဗုံးကြဲ တယ်ဆိုတဲ့ သတင်းအမှား

စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင် ပြည်သူများသေဆုံးကြောင်း ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးကပြောသကဲ့သို့ လုပ်ကြံဖန်တီးပြီးစစ်တပ်လော်ဘီ “မှိုင်းဝေ” တယ်လီဂရမ်က ဝါဒဖြန့်ဝေနေသည်။

ပဒိုစောတောနီးပုံဖြင့် “စစ်တပ်ကျုပ်တို့ KNU ဌာနချုပ်ကိုဗုံးကြဲတာ ရဲဘော်အယောင်ဆောင်ထားတဲ့ ပြည်သူတွေသေသွားတယ်ဗျာ” ဟု မတ်လ(၁၃)ရက်နေ့က မှိုင်းဝေမှ ၎င်း၏တယ်လီဂရမ်ချန်နယ်တွင် စတင်ဖြန့်ဝေလာခြင်းဖြစ်သည်။

မှိုင်းဝေ – https://archive.ph/ISe7F

မတ်လ(၁၉)ရက်နေ့အထိ အဆိုပါပို့စ်ကို ကြည့်ရှုသူ (၂၀,၀၀၀)ကျော်သွားပြီး Reaction ပေးသူ (၆၀၀)နှင့်အထက်တွင်ရှိနေသည်။

Myanmar Fact-Checking Network အဖွဲ့ဝင် ကေအိုင်စီမှ အဆိုပါဖြန့်ဝေမှုကိုစိစစ်ကြည့်ရာ လုပ်ကြံဖန်တီးထားသော သတင်းအမှားဖြစ်နေသည်ကိုတွေ့ရပါသည်။

#သတင်းစိစစ်ချက်

ကေအဲန်ယူဌာနချုပ်နယ်မြေအတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၂၂)ရက်နေ့မှစပြီး ၂၀၂၆ ခုနှစ် မတ်လ(၁၃)ရက်နေ့အထိ ကာမီကာဇေ(အသေခံ)ဒရုန်းတိုက်ခိုက်မှုအပါအဝင် လေကြောင်းမှလာရောက်တိုက်ခိုက်မှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းလုပ်ငန်းစဥ်အတိုင်းလုပ်ဆောင်နေသည့် သတင်းဌာနများက ဖော်ပြသည်။

အစောဆုံး ကာမီကာဇေဒရုန်းတိုက်ခိုက်မှုကို Myanmar Now သတင်းဌာနတွင်ဖော်ပြချက်အရ အဆောက်အဦးထိခိုက်မှုသာရှိ၍ လူထိခိုက်မှုမရှိကြောင်း သိရသည်။

Myanmar Now – https://shorturl.at/WvhjR

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ(၃၁)ရက်နေ့တွင် ဒုတိယအကြိမ်ဖြစ်ပွားခဲ့သည့် ဒရုန်းတိုက်ခိုက်မှုအတွင်း အဆောက်အအုံပျက်စီးမှုရှိသလို အရပ်သား(၁)ဦး ခြေထောက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်သတင်းဌာန-KICက ဖော်ပြသည်။

KIC – https://shorturl.at/cgazi

ပထမဆုံးအကြိမ် Y12 လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုလုပ်ခဲ့သည့် ဩဂုတ်လ(၁၀)ရက်နေ့ဖြစ်စဥ်တွင် လူငယ်အမျိုးသားတစ်ဦးသာ ထိခိုက်ဒဏ်ရာရခဲ့သော်လည်း စစ်တပ်လော်ဘီ လှုမှုကွန်ရက်ချန်နယ်များကမူ KNLA စစ်ဦးစီးချုပ်အပါအဝင် သေဆုံးသူ(၇၀)ထက်မနည်းရှိကြောင်း သတင်းမှားဖြန့်ခဲ့သည်။

KIC အနေဖြင့် အဆိုပါသတင်းအမှားကို ဩဂုတ်လ(၁၇)ရက်နေ့က အချက်အလက်တိုက်ဆိုင်စစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

KIC – https://shorturl.at/d0sJT

နောက်ဆုံးဒရုန်းတိုက်ခိုက်မှုဖြစ်သည့် မတ်လ(၁၃)ရက်နေ့တွင် KNU ဘက်က ဒရုန်းတစ်စင်း ပစ်ချနိုင်ခဲ့ပြီး အထိအခိုက်မရှိဟု ခေတ်သစ်မီဒီယာကဖော်ပြသည်။

Khit Thit- https://shorturl.at/1VbkN

ပဒိုစောတောနီးက ပြောဆိုသည်ဟူသော ဝါဒဖြန့်ဝေမှုနှင့်ပတ်သက်ပြီး Google Advance Search Tools ကိုအသုံးပြု၍ “ပဒိုစောတောနီး” “KNUဌာနချုပ်လေကြောင်းတိုက်ခိုက်” “KNUဌာနချုပ်ဒရုန်းဗုံးကြဲ” စသည့် Keywords များရှာဖွေကြည့်ခဲ့သည်။

ထွက်ပေါ်လာသည့်ရလဒ်များအရ KNU ဌာနချုပ်နယ်မြေ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ပဒိုစောတောနီးက “ရဲဘော်အယောင်ဆောင်ပြည်သူများ သေဆုံးကြောင်း” ပြောဆိုခဲ့ခြင်းမတွေ့ရပေ။

သုံးသပ်ချက်

စိစစ်ချက်များအရ ကေအဲန်ယူဌာနချုပ်၊ တပ်မဟာ(၇)နယ်မြေ အတွင်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရခဲ့သူ (၂)ဦးသာရှိပြီး အရပ်သား(၁)ဦးပါဝင်သည်။ တိုက်ခိုက်မှုအကြိမ်တိုင်း သေဆုံးသူမရှိခဲ့သလို ပဒိုစောတောနီးမပြောခဲ့သည့်စကားကိုပါ လုပ်ကြံ ဖန်တီး ရေးသားထားသည်။

ထို့ကြောင့် သက်သေမပါဘဲ KNU က ပြည်သူများကိုရဲဘော်အယောင်ဆောင်ခိုင်းကာ လူသားဒိုင်းသဖွယ်လုပ်ခဲ့ကြောင်း သွယ်ဝိုက်ဖော်ပြသည့်အသွင် ဝါဒဖြန့်ဝေ၊ ပုံဖျက်စွပ်စွဲမှု သတင်းအမှားအဖြစ် သုံးသပ်ရသည်။

စာဖတ်သူများအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါ လင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...