"ထားဝယ်တွေဟာ ကိုယ်ပိုင်နိုင်ငံရေးမရှိဘဲ ပင်မနိုင်ငံရေးရေစီးကြောင်းအပေါ်မှာပဲ ရေစုန်မျောလိုက်နေခဲ့ပြီး ပြဋ္ဌာန်းခံဘဝနဲ့ပဲ တောက်လျှောက် ဖြတ်သန်းလာခဲ့ကြတယ်ဆိုတာ ထားဝယ်နိုင်ငံရေးရဲ့အရှိတရားတစ်ခုဖြစ်တယ်"ထားဝယ်အမျိုးသားအဖွဲ့ချုပ် TNF ပြောရေးဆိုခွင့်ရှိသူ ကိုယော

"ထားဝယ်တွေဟာ ကိုယ်ပိုင်နိုင်ငံရေးမရှိဘဲ ပင်မနိုင်ငံရေးရေစီးကြောင်းအပေါ်မှာပဲ ရေစုန်မျောလိုက်နေခဲ့ပြီး ပြဋ္ဌာန်းခံဘဝနဲ့ပဲ တောက်လျှောက် ဖြတ်သန်းလာခဲ့ကြတယ်ဆိုတာ ထားဝယ်နိုင်ငံရေးရဲ့အရှိတရားတစ်ခုဖြစ်တယ်"ထားဝယ်အမျိုးသားအဖွဲ့ချုပ် TNF ပြောရေးဆိုခွင့်ရှိသူ ကိုယော

ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ နိုင်ငံရေးလမ်းညွှန်မှုဖြင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ပေါင်းစည်းပြီး တစ်ခုတည်းသော ထားဝယ်တပ်တော် (Tavoy Army) ကိုဖွဲ့စည်းလိုက်ကြောင်း မတ်လ ၁၀ ရက်နေ့တွင် ထားဝယ်အမျိုးသားအဖွဲ့ချုပ် TNF က ထုတ်ပြန်သည်။

၂၀၂၆ ခုနှစ်ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၃ ရက်နေ့အထိ ထားဝယ်အမျိုးသားအဆင့်နိုင်ငံရေးညီလာခံကို ကျင်းပခဲ့ပြီး၊ ထားဝယ်ဒေသရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လူသားကူညီရေးဆိုင်ရာအဖွဲ့အစည်းများအပြင် ထားဝယ်လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်ကြောင်း သိရသည်။

ခေတ်အဆက်ဆက် ထားဝယ်ကိုယ်ပိုင်နိုင်ငံရေးမရှိခဲ့ဘဲ ပင်မနိုင်ငံရေးရေစီးကြောင်းအပေါ်၌သာ ရေစုန်မျောလိုက်နေခဲ့ပြီး၊ ပြဋ္ဌာန်းခံဘဝနှင့် ဖြတ်သန်းလာခဲ့ရသည်မှာ ထားဝယ်နိုင်ငံရေးရဲ့ အရှိတရား တစ်ခုဖြစ်နေခဲ့သည်။

ထို့ကြောင့် ညီလာခံအပြီးတွင် လူထု၏တော်လှန်ရေးအသိ၊ လူထု၏အသံ၊ လူထု၏ဆန္ဒနှင့်အညီ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး၊ အဖွဲ့ချုပ်၏ နိုင်ငံရေးဦးဆောင်မှုနှင့် လက်နက်ကိုင်တိုက်ပွဲဝင်သွားမည့် ထားဝယ်တပ်တော်ကို ဖွဲ့စည်းခဲ့သည်ဟု ထားဝယ်အမျိုးသားအဖွဲ့ချုပ် TNF ၏ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံက IMNA သို့ ပြောကြားသည်။

မေး။ ။ထားဝယ်အမျိုးသားအဖွဲ့ချုပ်နဲ့အတူ "ထားဝယ်တပ်တော်" ဖွဲ့စည်းနိုင်ခဲ့တဲ့အကြောင်းအရာကို ပထမဦးဆုံးသိချင်ပါတယ်?

ဖြေ။ ။ ။၂၀၂၅ ဩဂုတ်လမှာတော့ ပထမဆုံးကြိမ်အနေနဲ့ ထားဝယ်ဒေသအတွင်းက တော်လှန်ရေး တပ်ဖွဲ့တွေ၊ ပညာရေး၊ ကျန်းမာရေး၊ လူသားကူညီရေးစတဲ့ကဏ္ဍအသီးသီးကနေပြီး တော်လှန်ရေး တာဝန်တွေကိုထမ်းဆောင်နေကြတဲ့ ကိုယ်စားလှယ်တွေစုစည်းတွေ့ဆုံပြီးတော့ ခေါင်းချင်းဆိုင် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုမှာအဓိကအားဖြင့်ကတော့ ထားဝယ်တွေမှာ နိုငံရေးဦးဆောင်မှု ရှိသင့်သလား ဆိုတာတွေ၊ ထားဝယ်နဲ့ပတ်သက်ပြီး အနီးမြင်၊ အဝေးမြင် သမိုင်းအမြင်တွေပါဝင်ပါတယ်။ ခေတ်အဆက်ဆက်မှာထားဝယ်တွေဟာ ကိုယ်ပိုင်နိုင်ငံရေးမရှိခဲ့ဘဲ ပင်မနိုင်ငံရေးရေစီးကြောင်းအပေါ်မှာပဲ ရေစုန်မျောလိုက်နေခဲ့ပြီးတော့ ပြဋ္ဌာန်းခံဘဝနဲ့ပဲ တောက်လျှောက် ဖြတ်သန်းလာခဲ့ကြတယ်ဆိုတာကလည်း ထားဝယ်နိုင်ငံရေးရဲ့အရှိတရားတစ်ခုဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုကနေ ရှင်းရှင်းလင်းလင်းသိမြင်ခဲ့ကြရတာ တစ်ခုက အစွန်းမရောက်တဲ့၊ ယဉ်တဲ့၊ ပညာနဲ့ယှဉ်တဲ့ အမျိုးသားနိုင်ငံရေးကို ဖော်ဆောင်သင့်ကြောင်း အားလုံးက သဘောတူလက်ခံကြပြီး စိတ်ဆန္ဒတွေပြင်းပြခဲ့ကြတာရှိပါတယ်။

ဒီကနေပြီးတော့မှ ၂၀၂၆ မတ်လမှာ အမျိုးသားအဆင့် နိုင်ငံရေးညီလာခံကနေပြီးတော့ လူထုရဲ့တော်လှန်ရေးအသိ၊ လူထုရဲ့အသံ၊ လူထုရဲ့ဆန္ဒနဲ့အညီ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကို ဖွဲ့စည်းပြီးတော့ အဖွဲ့ချုပ်ရဲ့နိုင်ငံရေးဦးဆောင်မှုနဲ့ လက်နက်ကိုင်တိုက်ပွဲဝင်သွားမယ့် ထားဝယ်တပ်တော်ကို ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။

မေး။ ။ ထားဝယ်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေး၊ စစ်ရေးမှာ ဘယ်လိုရပ်တည်သွားဖို့ရှိသလဲ?

ဖြေ။ ။ ထားဝယ်အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ဖယ်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်မည်။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အခြေခံမည်။ ထားဝယ်အမျိုးသားအမှတ်လက္ခဏာနှင့်ဉာဏ်ပညာကို ရှေးရှုသောလူမှုစီးပွားစနစ် ထူထောင်မည်။ ဆိုတဲ့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ရဲ့ အခြေခံမူ ၃ ချက်ရှိပါတယ်။ ဒီအခြေခံမူ ၃ ချက်ဟာ ထားဝယ်အမျိုးသား အဖွဲ့ချုပ်ရဲ့နိုင်ငံရေးရပ်တည်ချက်ပဲဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့နိုင်ငံရေးလမ်းညွှန်မှုအောက်မှာ ထားဝယ်တပ်တော်ကိုတပ်ပုံကျအောင်စုဖွဲ့လေ့ကျင့်မှုတွေပြုလုပ်ပြီး စစ်ကို စစ်နဲ့တူအောင်တိုက်နိုင်ဖို့ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ရဲ့အခြေခံမူတွေ ရည်မှန်းချက်တွေကို ပြည့်မြောက်အောင်မြင်ရေးကြိုးပမ်းတဲ့နေရာမှာလည်း ဒေသအတွင်းကရော၊ ဒေသပြင်ပမှာရှိတဲ့နိုင်ငံရေး၊ စစ်ရေးမဟာမိတ်အင်အားစုအသီးသီးနဲ့ သွေးစည်းညီညွတ်မှုရှိရှိ တော်လှန်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။

မေး။ ။မပါဝင်နိုင်သေးတဲ့အခြားတော်လှန်ရေးအဖွဲ့တွေ ပါဝင်လာအောင်ဘယ်လိုတွေ ဖိတ်ခေါ်သွားမှာလဲ?

ဖြေ။ ။အဖွဲ့ချုပ်အနေနဲ့ ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အလွတ်သဘောအရတော့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေပါတယ်။ မကြာခင်ကာလတွေမှာလည်း တော်လှန်ရေးတပ်တွေအပါအဝင် တပ်မဟုတ်သောတော်လှန်ရေးအင်အားစုတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တရားဝင်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ပြီး ကျနော်တို့အချင်းချင်းကြားမှာအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။

မေး။ ။"ထားဝယ်တပ်တော်"ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် တော်လှန်ရေးအတွက် ဘယ်လိုအားသာချက်တွေရှိနိုင်မလဲ။

ဖြေ။ ။အခုလို ထားဝယ်တပ်တော်မှာပါဝင်လာတဲ့ တပ်ဖွဲ့ ၄ခုဟာ အရင်ကသီးခြားလွတ်လပ်စွာ ရပ်တည်နေကြတဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ်။ အခုလို အလံတံဆိပ်ထီးရိပ်တစ်ခုတည်း၊ အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်းရှိတဲ့ တပ်တော်တစ်ခုအဖြစ်နဲ့ ဖွဲ့စည်းလိုက်ခြင်းအားဖြင့် တပ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုနဲ့ စစ်ရေး ဖော်ဆောင်မှုအပိုင်းတွေမှာ ပိုမိုမိထိရောက်မှုရှိလာစေမှာဖြစ်ပါတယ်။ ပုံစံမျိုးစုံနဲ့ ရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စတင်စုစည်းတဲ့ ဖြစ်စဉ်လို့လည်း ဆိုနိုင်ပါတယ်”

မေး။ ။လက်ရှိ ထားဝယ်ဒေသမှာ ပြည်သူတွေ အကြမ်းဖက်ခံရမှု၊ အခွင့်အရေးချိုးဖောက်ခံရမှု ဆိုးရွားလာတဲ့အပေါ်မှာ"ထားဝယ်အမျိုးသား အဖွဲ့ချုပ်"အနေနဲ့ ပြည်သူဘက်ကို ဘယ်လိုရပ်တည်ပြီး ဘယ်လိုကာကွယ်မှုမျိုး လုပ်ဆောင်သွားမှာလဲ?

ဖြေ။ ။ ဒီအခြေအနေအပေါ်မှာကတော့ နိုင်ငံရေးအရ၊ စစ်ရေးအရ နှစ်မျိုးရှိပါလိမ့်မယ် ထားဝယ်အမျိုးသားအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ဟာ ပြည်သူလူထုရဲ့လုံခြုံရေး၊ ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါတွေကိုဆန့်ကျင်ပြီးတော့မှ ပြည်သူလူထုမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်ခံရမှုတွေရှိလာပြီဆိုရင်လည်း တရားမျှတမှုရရှိတဲ့အထိ ပြည်သူလူထုဘက်ကရပ်တည်ပြီး ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ စစ်ရေးအရဆိုရင်လည်း တပ်တော်အနေနဲ့ ဘယ်လောက်အထိစည်းစနစ်ကျကျလေ့ကျင့်တည်ဆောက်ထားလဲဆိုတာက ကျနော်တို့ပြည်သူလူထုကို ဘယ်လောက်အထိကာကွယ်ပေးနိုင်မလဲ၊ ရန်သူ့ရဲ့အရှိုက်ကိုဘယ်လောက်အထိ ထိုးနှက်နိုင်မလဲဆိုတာရဲ့ အဖြေပဲဖြစ်ပါတယ်။ ဒါကြောင့် တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ စည်းစနစ်ကျကျ လေ့ကျင့် တည်ဆောက်ရေးနဲ့ အင်အားတည်ဆောက်ရေးကို အလေးထားပြီး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုတည်ဆောက်မှုတွေဟာ ဒေသပြည်သူလူထုရဲ့ လုံခြုံရေးကို ကာကွယ်နိုင်ဖို့နဲ့ လိုအပ်တဲ့ အချိန်မှာထိရောက်စွာ တုံ့ပြန်နိုင်ဖို့အတွက် အရေးကြီးတဲ့ အခြေခံပဲဖြစ်ပါတယ်။

မေး။ ။ ဘာ့ကြောင့် ထားဝယ်ဒေသမှာ စစ်ကော်မရှင်ရဲ့ အကြမ်းဖက်မှုဒဏ်ကို ပိုပြီးရင်ဆိုင်နေရတယ် ဆိုတာလည်း သုံးသပ်ပြီး နိဂုံးချုပ်ပေးပါအုံး။

ဖြေ။ ။ပြီးခဲ့တဲ့လပိုင်းတွေကိုပြန်ကြည့်ရရင် ထားဝယ်ဒေသအတွင်းမှာ စစ်ကောင်စီဘက်က တိုက်ခိုက်မှုတွေ ပိုများလာတာကို တွေ့ရတယ်။ ဒီလိုဖြစ်လာတာကလည်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးဖော်ဆောင်မှုတွေပိုမိုပြုလုပ်လာတာနဲ့ဆက်စပ်နိုင်သလို စစ်ကောင်စီဘက်က ထားဝယ်ဒေသကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ်လည်း တွေ့မြင်ရပါတယ်။ အထူးသဖြင့် ဒေသအတွင်းမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ အရေးပါတဲ့နေရာတွေရှိတယ်။ ဒီနေရာတွေကိုဆိုရင် စစ်ကောင်စီဘက်ကလုံးဝအထိမခံဘဲ တိုက်ခိုက်သိမ်းပိုက်ခံလာရပြီဆိုရင်လည်း တော်လှန်ရေးအင်အားစုတွေအပေါ်မှာ အင်အားအလွန်ကျွံ့အသုံးပြုပြီးတော့ တန်ပြန်တိုက်ခိုက်မှုပြုလုပ်တာ၊ ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်တာတွေပြုလုပ်တာတွေကို ဗြောင်ကျကျလုပ်လာတာတွေ့ရပါတယ်။ အဓိကအကြောင်းအရင်းကတော့ သူတို့ရဲ့အာဏာပင်စည်ကြီး အမြစ်ခိုင်ခိုင်မာမာနဲ့ ဆက်လက်ရှင်သန် နေဖို့အတွက်ပဲဖြစ်ပါတယ်။

March 14, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ...
March 13, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (ကစယ်ဒိုးမြို့နယ်)၊ ထားဝယ်-မြိတ် အမှတ်(...
March 12, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာအတွင်း နှစ်ပေါင်း ၃၀ ကျော်...
March 11, 2026
မွန်ပြည်နယ် ဆားလုပ်ငန်း ယမန်နှစ်က ရာသီဥတုမတည်ငြိမ်မှုနှင့် လုပ်သားရှားပါးမှုပြဿနာများကြောင့်...