သံလွင်မြစ်ကို အဆိပ်သင့်စေသည့် သတ္တုတူးဖော်မှုစီမံကိန်းများကို ရပ်တန့်ရန် တောင်းဆို

သံလွင်မြစ်ကို အဆိပ်သင့်စေသည့် သတ္တုတူးဖော်မှုစီမံကိန်းများကို ရပ်တန့်ရန် တောင်းဆို
Photo - KIC
Photo - KIC

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများအပြင် မြစ်ကြောင်းတစ်လျှောက် အဆိပ်သင့်ညစ်ညမ်းစေသည့် သတ္တုတူးဖော်မှု စီမံကိန်းများကိုပါ ချက်ချင်းရပ်တန့်ပေးရန် ဌာနေကရင်တိုင်းရင်းသားများက မတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့၌ စုပေါင်းဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

မတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နှင့် ရေကာတာဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကရင်သဘာ ဝပတ်ဝန်းကျင်အဖွဲ့များ၊ လူမှုအဖွဲ့ အစည်းများ၊ ကရင်လူငယ်နှင့် ကျောင်းသားများအပြင် ဒေသခံဌာနေတိုင်းရင်းသားများ စုပေါင်းကာ မူတြော်ခရိုင်အတွင်းရှိ သံလွင်မြစ်ကမ်းဘေးတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် သံလွင်မြစ်အတွင်း သတ္တုတူးဖော်မှုကြောင့် မြစ်ရေအဆိပ်သင့်လာခြင်းကိုပါ ထည့်သွင်းတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံအရှေ့မြောက်ဒေသတွင် မြေရှားသတ္တုတူးဖော်မှုများ အရှိန်အဟုန်မြင့် တက်လာသလို တရားမဝင် သတ္တုတူးဖော်မှုများ ပိုမိုများပြားလာသည့်အတွက် မြစ်ချောင်းများ အတွင်း အဆိပ်သင့်ညစ်ညမ်းသည့် လက္ခဏာများ ယခုနှစ်အတွင်း သိသိသာသာ ပေါ်ထွက်လာခြင်းကြောင့်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်၏ သုတေသနပြုချက်များအရ သံလွင်မြစ်အတွင်း လူသားများကို အန္တရာယ်ဖြစ်စေနိုင်သည့် အာဆင်းနစ်၊ ခဲ နှင့် မာကျူရီ ပါဝင်မှုစံနှုန်းသည် ယခင်ကထက် အဆပေါင်း ၅၅ ဆအထိ ပိုမိုများပြားလာနေသည်ဟု ထုတ်ပြန်ထားသည်။ ၎င်းအခြေအနေသည် ဒေသခံဌာနေတိုင်းရင်းသားများအတွက် ကျန်းမာရေးဆိုးကျိုးများ ကြီးမားစွာ ဖြစ်ပေါ်လာစေနိုင်သည်ဟု ဆိုသည်။

ထို့အပြင် တရားမဝင် ရွှေတူးဖော်မှုများ များပြားလာခြင်းကြောင့် သံလွင်မြစ်အတွင်း ရေအရောင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည့်အပြင် ဒေသတွင်း ငါးမျိုးစိတ်များ အကြောင်းရင်းမသိဘဲ သေဆုံးမှုများ ဖြစ်လာသောကြောင့် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

၎င်းအခြေအနေများနှင့် ပတ်သက်၍ လက်ရှိ ကြားကာလ တိုင်းရင်းသားအုပ်ချုပ်ရေး အစိုးရများ၊ ကောင်စီများနှင့် တော်လှန်ရေးအစုအဖွဲ့များအနေဖြင့် သံလွင်မြစ်ကို ဖျက်ဆီးနေသည့် စီမံကိန်းများကို ပြတ်ပြတ်သားသား ကန့်ကွက်ရပ်ဆိုင်းပေးရန် ဌာနေကရင်တိုင်းရင်းသားများက တောင်းဆိုခဲ့ကြသည်။

အလားတူ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာပြည်တွင်း ပဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်သူများကို ထိရောက်သည့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန်နှင့် သဘာဝသယံဇာတ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများကို ဌာနေတိုင်းရင်းသားများနှင့် ပူးပေါင်းကာ တားဆီးအရေးယူပေးရန် တိုက်တွန်းထားသည်။

မူတြော်ခရိုင်အတွင်း ရေကာတာ စီမံကိန်းများ ပြုလုပ်မည့် နေရာတွင် ကရင် သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှုအဖွဲ့အစည်းများ၊ ကရင်လူမှု အဖွဲ့အစည်းများ၊ ကရင်လူငယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံဌာနေ ကရင်တိုင်းရင်းသားများ စုပေါင်း၍ မတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် ရေကာတာဆန့်ကျင်ရေးနေ့ လှုပ်ရှားမှုကို အစဉ်အလာမပျက် စုပေါင်းပြုလုပ်ခဲ့ကြသည်။

Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...
Photo: Myaung Education Network
June 2, 2026
ကြားကာလပညာရေးဖော်ဆောင်ရာတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် CDM များအား လခပေး ဝန်ထမ်းအဖြစ်...