မွန်လူမှုကူညီရေးအသင်းများ မတည်ငွေ အနည်းဆုံး ကျပ်သိန်း ၅၀၀ ထားရှိရန် အသိပေး

မွန်လူမှုကူညီရေးအသင်းများ မတည်ငွေ အနည်းဆုံး ကျပ်သိန်း ၅၀၀ ထားရှိရန် အသိပေး

မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀ အနည်းဆုံးထားရှိရန် အသိပေးခံထားရပြီး လူမှုကူညီရေးအသင်းအချို့ အဆိုပါငွေပမာဏကြောင့် အခက်တွေ့နေသည်ဟု အသင်းတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အတွက် မှတ်ပုံတင်ခွင့် ရရှိထားသော လူမှုကူညီရေးအသင်းအဖွဲ့များသည် ဘဏ်စာရင်းအတွင်း ငွေကျပ်သိန်း ၅၀၀၊ ပြည်ထောင်စုအဆင့်အတွက် ကျပ်သိန်း ၁၀၀၀ နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များအတွက် ကျပ်သိန်း ၃၀၀၀ ထားရှိရမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလက စစ်ကော်မရှင်၏ ပြည်ထောင်စုမှတ်ပုံတင် အစည်းအဝေးတွင် သတ်မှတ်ထားသည်။

မှတ်ပုံတင်သက်တမ်းကုန်ဆုံးနေသော မွန်မှ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်း ၁၃ သင်းအား ဘဏ်စာရင်းအတွင်း မတည်ငွေ သိန်း ၅၀၀ ထားရှိပြီးမှ  သက်တမ်းတိုးခြင်းဆောင်ရွက်နိုင်မည်ဟု ဖေဖော်ဝါရီ နောက်ဆုံးအပတ်က အသိပေးပြောဆိုလာကြောင်း မွန်ပြည်နယ် လူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယခင်မတည်ငွေ ကျပ်သိန်း ၁၀၀ မှ ၅၀၀ အထိ တိုးမြှင့်လိုက်သည့်အပေါ် အသင်းအချို့ ယာယီရပ်နားထားရသည်ဟု ဆိုသည်။

“အခုက အဖွဲ့မှတ်ပုံတင် သက်တမ်းကုန်နေတော့ သက်တမ်းတိုးဖို့ဆိုရင် ဘဏ်ထဲမှာ သိန်း ၅၀၀ ထည့်ထားတဲ့ စာအုပ်ပြနိုင်မှ တိုးပေးတယ်။ ကျွန်တော်တို့က ပရဟိတအဖွဲ့ဆိုတော့ အဲဒီငွေပမာဏ ဘယ်မှာရှိမလဲ။ စေတနာနဲ့ လုပ်တာဖြစ်ပြီး စီးပွားရေးလုပ်ငန်း မဟုတ်ဘူး။ ဒီအလုပ်လုပ်လာတာ အနှစ် ၂၀ လောက်ရှိပြီ၊ အခုလိုသတ်မှတ်ချက်တော့ မတွေ့ဖူးဘူး။ အဲလိုဆိုရင် နားရရင်နားရမှာပေါ့” ဟု ရေးမြို့နယ်ရှိ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသိပေးခံထားရသည့် အသင်း ၁၃ သင်းတွင် မော်လမြိုင်မြို့နယ်မှ ၈ သင်း၊ ကျိုက်ထိုမြို့နယ်မှ ၂ သင်း၊ ဘီးလင်းမြို့နယ်မှ ၁ သင်း၊ ရေးမှ ၁ သင်းနှင့် ချောင်းဆုံမှ ၁ သင်း ပါဝင်သည်။

အသင်းမှတ်ပုံတင် သက်တမ်းကုန်ဆုံးပြီးနောက် သက်တမ်းတိုးခြင်းမပြုဘဲ လုပ်ငန်းဆက်လက် ဆောင်ရွက်ပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း အဆိုပါ ဥပဒေအသစ်တွင် ဖော်ပြထားသည်။

လူမှုကူညီရေးအသင်းများသည် နာရေးကူညီမှု၊ လူနာပို့ဆောင်ရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အဓိက ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့များဖြစ်သဖြင့် အဆိုပါအသင်းများ ရပ်နားသွားပါက ဒေသခံများ အရေးပေါ်အကူအညီရရှိရန် ပိုမိုခက်ခဲလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

“သူတို့တွေ(လူမှုကူညီရေးအသင်း)တွေ စစ်ဆေးနေပြီလားဆိုတာ မသိရသေးဘူး။ ဒါပေမယ့် လူမှုကူညီရေးအဖွဲ့တွေ ရပ်နားသွားမယ်ဆိုရင် ကျမတို့အတွက် အရေးပေါ်ကိစ္စတွေဖြစ်လာတဲ့အခါ အခက်ကြုံရမှာပဲ” ဟု ပေါင်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိထုတ်ပြန်ထားသည့် စစ်ကော်မရှင် အစည်းအဝေးဆုံးဖြတ်ချက်အရ လူမှုကူညီရေးအသင်းများသည် မိမိတို့ လုပ်ငန်းဆောင်ရွက်နေသည့် ဒေသရှိ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သုံးလတစ်ကြိမ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ တင်ပြရမည်ဟုလည်း ညွှန်ကြားထားသည်။

ယင်းအစီရင်ခံစာတွင် Bank Statement များနှင့် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကိုပါ ထည့်သွင်းတင်ပြရမည်ဖြစ်ပြီး မိတ္တူကိုလည်း သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့နှင့် ဆက်စပ်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများထံ ပေးပို့တင်ပြရမည်ဖြစ်သည်။

မှတ်ပုံမတင်ထားသည့် စေတနာ့ဝန်ထမ်းနှင့် လူမှုကူညီရေးအသင်းအဖွဲ့များကို စစ်ကော်မရှင်မှ လိုက်လံဖျက်သိမ်းနေသည့်အပြင် အဖွဲ့အစည်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းမှု၊ ငွေကြေးစီးဝင်မှုနှင့် စာရင်းဇယား စနစ်တကျ ထားရှိမှုအပေါ် တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေကြောင်း သိရသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...