စစ်တွေဆေးရုံကြီးကို လက်နက်ကြီးကျ၍ မြို့ခံများ စိုးရိမ်မှုမြင့်တက်

စစ်တွေဆေးရုံကြီးကို လက်နက်ကြီးကျ၍ မြို့ခံများ စိုးရိမ်မှုမြင့်တက်

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့ပေါ်က ပြည်သူ့ဆေးရုံကြီးကို မတ်လ ၇ ရက်၊ နံနက် ၅ နာရီကျော်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့၍ စစ်တွေမြို့ခံများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးသည် ဆေးရုံကြီးအတွင်းရှိ ဆေးသိုလှောင်ရုံကို ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲသံကြောင့် ဆေးရုံအနီးအနားရှိ ဒေသခံများမှာလည်း စိုးရိမ်ထိတ်လန့် နေကြောင်း သိရသည်။

“ ဆေးရုံအတွင်းက ဆေးသိုလှောင်ရုံကို ကျပြီး မီးတွေလည်း လောင်သွားတယ်။ နောက်ပြီးတော့ အ.ထ.က ၄ အနီးနဲ့ ဉပဒေရုံးအနားမှာ တစ်လုံးကျတယ်။ အထိအခိုက် ရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး ” ဟု စစ်တွေဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုများကို အတိအကျ မသိရသေးကြောင်း သိရသည်။

ဆေးရုံကြီးကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်တွေတရားရုံး အရှေ့နှင့် စစ်တွေမြို့၊ အထက (၄) စာသင်ကျောင်းကိုလည်း လက်နက်ကြီးအပိုင်းအစများ ကျရောက်ခဲ့ကြောင်း သိရသည်။

“ စစ်တွေ အထက ၄ ကျောင်းမှာ လက်နက်ကြီး အပိုင်းအစတွေ ကျတယ်။ လေယာဉ်လည်း အရမ်းဝဲတယ်။ မြို့ခံတွေကတော့ ရုတ်ရုတ်သဲသဲဖြစ်နေကြပြီ။ အခုလည်း မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံး ရှိနေသေးတယ် ”ဟု စစ်တွေဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တွေမြို့အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများပြင်းထန်နေပြီး မြို့ခံများမှာ လက်နက်ကြီးပစ်ခတ်သံများကို နေ့စဉ်ကြားနေရ၍ ယခင်ကထက် စိုးရိမ်မှု မြင့်တက်လာနေခြင်းဖြစ်သည်။

မြို့တွင်း၌ လက်နက်ကြီးကျရောက်၍ စိုးရိမ်ထိတ်လန့်နေကြသော်လည်း စစ်တွေမြို့တွင် ကုန်ဈေးနှုန်းများ အလွန်မြင့်တက်နေသည့်အတွက် စစ်တွေမြို့ခံများမှာ စားဝတ်နေရေးအတွက် အပြင်ထွက် အလုပ်လုပ်နေရကြောင်း သိရသည်။

“ အခြေအနေကတော့ အကုန်လုံးက စိုးရိမ်နေကြတယ်။ အခုက မြို့တွင်းကို ကျတာဆိုတော့ ပိုပြီးလန့်နေ ကြတယ်။ ဒါပေမယ့် နိစ္စဒူဝ ကိစ္စတွေအတွက် အပြင်သွားနေကြရတဲ့သူတွေလည်း ရှိတာပေါ့။ မြို့ကလူတွေက တအားထိတ်လန့်နေကြပေမဲ့ အလုပ်အကိုင်ကလည်း ရှားပါး၊ ကုန်ဈေးနှုန်းလည်း အလွန်တရာမြင့်တက်နေတဲ့ စစ်တွေမှာ အသက်ရှင်နေထိုင်ဖို့အတွက် အပြင်ထွက်အလုပ်လုပ်ရတာပေါ့ ” ဟု စစ်တွေမြို့တွင်းမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလ မတ်လကစပြီး စစ်တွေမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်လာသဖြင့် စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၃ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၄၀၀ ကျော်ကို ရေကြောင်းကနေ ပြည်မဘက်သို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် စစ်တွေမြို့မြောက်ဘက်ရှိ ရွှေမင်းဂံရေတပ်ကို မြေပြင်၊ ရေကြောင်း နှစ်ခုလုံးဖြင့် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံနေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...