အီရန်စစ်ပွဲကြောင့် စစ်တပ်ရဲ့ လေယာဉ်ဆီရရှိရေး ရိုက်ခတ်လာနိုင်

အီရန်စစ်ပွဲကြောင့် စစ်တပ်ရဲ့ လေယာဉ်ဆီရရှိရေး ရိုက်ခတ်လာနိုင်

အရှေ့အလယ်ပိုင်း‌ဒေသမှာ ဖြစ်ပွားနေတဲ့ အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့် ကာလရှည်ကြာလာရင် မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီ ထောက်ပံ့‌ရေးကွင်းဆက်အပေါ် ရိုက်ခတ်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်က ဟောမု့ဇ် ရေလမ်းကြောင်းကို ပိတ်ထားပြီး ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတဲ့အတွက် ရေနံတင်သင်္ဘောတွေ အပါအဝင် သဘာဝဓာတ်ငွေ့ တင်ပို့မှုဟာ လုံးဝ နီးပါး ရပ်တန့်သွားခဲ့ရတာပါ။

ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရဲ့ ငါးပုံ တစ်ပုံဟာ အီရန်နဲ့ ယူအေအီးကြားရှိ ကျဉ်းမြောင်းတဲ့ ဟောမု့ဇ် ရေလမ်းကြောင်းကို ဖြတ်သန်းပို့ဆောင်နေတာဖြစ်လို့ စစ်ပွဲရှည်ကြာရင် ကမ္ဘာတဝန်း စွမ်းအင်ပြဿနာ ရင်ဆိုင်လာရနိုင်ပါတယ်။

အထူးသဖြင့် အီရန်က မြန်မာစစ်တပ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအထိ လေယာဉ်ဆီ တန်ချိန်ပေါင်း ၁၇၅၀၀ ပို့ဆောင်ပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက မြေပုံအညွှန်းနဲ့တကွ ဖော်ပြထားတာပါ။

လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ CDM ပြုလုပ်ထားတဲ့ တပ်ကြပ်ကြီး ဇေယျက စစ်တပ်ရဲ့ မိတ်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံကတောင်မှ ဟော်မုဒ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် အခက်အခဲရှိနေတဲ့အတွက် လေယာဉ်ဆီနဲ့ ပတ်သက်ပြီး ကူနိုင်လိမ့်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါကြောင့် စစ်တပ်အနေနဲ့ လေယာဉ်ဆီနဲ့ အခြားစက်သုံးဆီ ရရှိမှုနဲ့ ပတ်သက်ပြီး အခက်အခဲရှိလာနိုင်တာမို့ တပ်တွင်းမှာ ခြွေတာသုံးစွဲဖို့ ညွှန်ကြားချက်တွေ ထုတ်ပြီးသလောက် ဖြစ်တဲ့ အနေအထားလို့ သုံးသပ်ပါတယ်။

“ဒီစစ်ပွဲသာ ဆက်ပြီး ရှည်ကြာနေမယ်ဆိုရင် မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီ ရရှိမှုနဲ့ တခြားစက်သုံးဆီ ရရှိမှုက ခက်ခဲလာမယ်။ အဲဒီတော့ လေယာဉ်ဆီကိုလည်း လက်ရှိ အနေအထားမှာ သူတို့ ခြွေတာပြီး သုံးစွဲဖို့ တပ်ထဲမှာ ညွှန်ကြားချက်တွေ ဘာတွေ ထုတ်ပြီးလောက်ပြီ။ အဲဒီအတွက် ရှေ့လျှောက် သူတို့ လေကြောင်းတိုက်ခိုက်မှုက စစ်ပွဲရှည်ကြာလာတာနဲ့အမျှ လေကြောင်းတိုက်ခိုက်မှု လျော့ကျလာနိုင်တယ်။ လေယာဉ်အသုံးပြုမှုကို လျှော့ချပြီးတော့ တခြား ဒရုန်းတွေ ဆီစားသက်သာတဲ့ ပါရာမော်တာလို့ ဂျိုင်ရိုကော်ပတာလိုဟာမျိုးတွေနဲ့ ပိုပြီး တွင်တွင်ကျယ်ကျယ် သုံးလာနိုင်မယ့် အနေအထားတော့ ရှိတာပေါ့”လို့ ဆိုပါတယ်။

လေတပ်စခန်းတိုင်းမှာ လေယာဉ်ဆီ အနည်းဆုံး ဂါလံ နှစ်သောင်းအထက် အရန်ထားလေ့ရှိပြီး လောလောဆယ်မှာ မသိသာပေမယ့် အရှေ့အလယ်ပိုင်းမှာ စစ်ပွဲရှည်ကြာလာရင်တော့ စစ်တပ်ရဲ့ လေယာဉ်နဲ့ တိုက်ခိုက်မှုတွေ သိသာစွာ လျော့ကျနိုင်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

တစ်ဘက်မှာ စက်သုံးဆီနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အပေါ် ခြွေတာသုံးစွဲဖို့ စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက မော်တော်ယာဉ် မောင်းနှင်မှုတွေကို စုံမ ကိန်းဂဏန်းနဲ့ ကန့်သတ်ထားတာပါ။

စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ စက်သုံးဆီကို ပုံမှန်သုံးစွဲရင်တောင်မှ ရက် ၄၀ စာ အရန်ရှိပြီး ဆိပ်ကမ်းမှာ မချရသေးတဲ့ သင်္ဘော နှစ်စင်းလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လမ်းမှာ ဝယ်ပြီးသား စက်သုံးဆီကို တင်ဆောင်လာတဲ့ သင်္ဘော ၁၄ စင်းလည်း ရှိတာမို့ ပြတ်တောက်စရာ အကြောင်းမရှိဘူးလို့ မတ် ၄ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။ ဒါပေမယ့် လေယာဉ်ဆီနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုတာ မရှိခဲ့ပါဘူး။

MDSI အဖွဲ့ရဲ့ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက လေယာဉ်ဆီနဲ့ ပတ်သက်ရင် စစ်တပ်က ရနိုင်တဲ့ ထောက်ပံ့မှုကွင်းဆက်ကနေ ဝယ်ယူကြိုးပမ်းတာဖြစ်လို့ စစ်ပွဲကျယ်ပြန့်လာရင် ရိုက်ခတ်မှုတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

“စစ်တပ်အနေနဲ့ကတော့ လေယာဉ်ဆီနဲ့ ပတ်သက်ရင် ရနိုင်သမျှ နည်းလမ်းပေါင်းစုံ ထောက်ပံ့မှုကွင်းဆက်ကနေပြီးတော့ ဝယ်ယူရရှိဖို့ ကြိုးပမ်းတာဖြစ်တယ်။ ဒါကြောင့် အီရန်ကလည်း သူတို့ရဲ့ ထောက်ပံ့ရေးကွင်းဆက်ထဲက နိုင်ငံတစ်ခုအနေနဲ့ ပါဝင်နေတာပေါ့။ ဒါပေမယ့် တခြားသော လေယာဉ်ဆီထောက်ပံ့မှု တခြားသော နိုင်ငံတွေမှာတော့ အဓိက ရယူနေတဲ့ ထောက်ပံ့မှုကွင်းဆက် အနေအထားတွေ ရှိတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲကျယ်ပြန့်လာတာနဲ့အမျှ စစ်ကောင်စီက တခြားသော နိုင်ငံတွေကနေပြီးတော့ လေယာဉ်ဆီကို ရယူတဲ့အခါမှာ ရိုက်ခတ်မှုတွေ ဈေးနှုန်းတွေ ဝယ်ယူရရှိနိုင်တဲ့ ပမာဏတွေ ဒီအပေါ်မှာ အများကြီး သက်ရောက်စေနိုင်မယ်လို့ ကျွန်တော်တို့ ယူဆတယ်”လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၃၊ ၂၀၂၄ နှစ်ကာလတွေနဲ့ ယှဉ်ရင် လျော့နည်းလာတဲ့အတွက် ရင်ဆိုင်နေရတဲ့ စစ်ရေးအခြေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် အကျပ်အတည်း ကြီးကြီးမားမား ရှိစေလိမ့်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ရဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီအတွင်း နိုင်ငံတဝန်းမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ၁၀၉ ကြိမ် ထက်မနည်း ရှိခဲ့တာကြောင့် ပြည်သူ ၁၂၇ ဦး သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာနဲ့ နှိုင်းယှဉ်ရင် လေကြောင်းတိုက်ခိုက်မှု ကြိမ်ရေ အနည်းငယ် လျော့သွားခဲ့ပေမယ့် အရပ်သားပစ်မှတ်တွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်မြင့်တက်နေတယ်လို့ MDSI က ထုတ်ပြန်ထားတာပါ။

တစ်ဘက်မှာ စစ်တပ်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ ရဟတ်ယာဉ်တွေနဲ့ ဂျက်ဖိုက်တာတွေအပြင် ဒရုန်းတွေ၊ Paramotor နဲ့ Gyrocopter တို့လို အလွယ်တကူ အသုံးပြုနိုင်တဲ့ စက်တပ်လေထီးတွေကိုလည်း အသုံးပြုလာနေတာ ဖြစ်ပါတယ်။

Justic for Myanmar (JFM) ကတော့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းမှုဟာ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း မတ်ထရစ်တန် ၆၄,၅၆၂ မှ ၁၀၆,၆၀၄ အထိ ရှိလာခဲ့ပြီး နှစ်ဆနီးပါး တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International နဲ့ ရိုက်တာသတင်းဌာနတို့ရဲ့ ထုတ်ပြန်ချက်ပါ အထောက်အထားအသစ်တွေအရ အဲဒီ လေယာဉ်ဆီတင်သွင်းမှုတွေဟာ အီရန်နဲ့ ဆက်နွှယ်တဲ့ မှောင်ခိုသင်္ဘောအုပ်စုတွေကနေ လေယာဉ်ဆီ ပံ့ပိုးပေးမှုတွေကြောင့် လုပ်နိုင်တာကို ပြသနေတာပါ။

ဒါကြောင့် စစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာ ပါဝင်ပတ်သက်တဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ညှိနှိုင်းချမှတ်ဖို့ EU အပါအဝင် UK ၊ ကနေဒါ ၊ အမေရိကန်နဲ့ ဩစတေးလျအစိုးရတွေကို JFM က တိုက်တွန်းထားပါတယ်။

March 5, 2026
တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ...
March 4, 2026
စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုက...
March 2, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနဲ့ သစ်တိုကျွန်းကျေးရွာလမ်းပိုင်းတို့မှာ...
February 28, 2026
မွန်အမျိုးသမီးတွေအနေနဲ့ မွန်ပြည်နဲ့ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ နိုးကြားတက်ကြွစွာ...