စိုင်းဆိုင်အိုက် — သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ နှစ်ဘက်ထိပ်သီး ခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့် အနေဖြင့် အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။
မတ်လ ၂ ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA ဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် SSPP/SSA ဘက်မှ ဒုတိယဥက္ကဋ္ဌ(၃) ဒုတိယဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းဆုတို့ အပါအဝင် နှစ်ဘက်တပ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှု ပြန်လည်တည်ဆောက်သည့် အနေဖြင့် အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
"နှစ်ဘက်တွေ့ဆုံတာကတော့ ဟုတ်ပါတယ်၊ ကွန်ဟိန်းဘက်မှာ တွေ့ဆုံကြတာပါ။ ဘယ်အကြောင်းအရာတွေ တွေ့ဆုံဆွေးနွေးလဲ ဆိုတာကတော့ မသိရပါဘူး။ ဘယ်နေရာ တွေ့လဲ ဆိုတာလည်း အတိအကျတော့ မသိဘူး။နှစ်ဘက်လုံးက လူကြီးတွေ တွေ့ဆုံကြတာပါ”ဟု SSPP စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက ပြောသည်။
ထို့နောက် နှစ်ဘက်ထိပ်သီး ခေါင်းဆောင်များသည် ညစာစားပွဲကို ပြုလုပ်ပြီး နှစ်ဘက်အပြန်အလှန် အလွတ်သဘောဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင်လည်း ပျံ့နှံ့နေသည့် ရုပ်သံထဲတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆိုနေသည့် မိန့်ခွန်းထဲတွင် "သျှမ်းပြည်က သျှမ်းပဲ ပိုင်တာမဟုတ်ဘူး။ သျှမ်း၊ ‘ဝ’၊ လားဟူ၊ အာခါ၊ ပလောင်တွေလည်း အတူတူပိုင်တာ။ အရင်က တိုက်ခိုက်တာ မရှိဘူး၊ အေးအေးချမ်းချမ်းပဲ။ အခု အချင်းချင်းကြား ဘာကြောင့် တိုက်ခိုက်နေတာလဲ၊ နောက်ကွယ်က သွေးထိုးလှုံ့ဆော်နေတဲ့သူတွေ ရှိလို့ပဲ"ဟု သျှမ်းဘာသာဖြင့် ပြောဆိုခဲ့သည်။
RCSS နှင့် SSPP ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောဖြင့် တွေ့ဆုံ ဆွေးနွေးပြီး၊ ယုံကြည်မှု တည်ဆောက်သည့် ကိစ္စသည် အလွန်ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်း၊ သျှမ်းအချင်းချင်း တိုက်ခိုက်နေမည့်အစား တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရန် လိုအပ်ကြောင်းလည်း သျှမ်းလူငယ် အမျိုးသား တစ်ဉီးက ပြောသည်၊၊
“ကျနော်တို့ သျှမ်းတပ်(၂)တပ် ခေါင်းဆောင်တွေ အလွတ်သဘောနဲ့ တွေ့တာတောင် ကျနော်က ပျော်နေပြီ။ ကျနော်တို့တွေက ဘာသာစကားလည်း တူတယ်၊ ရိုးရာလည်း တူတယ်။ အချင်းချင်း တိုက်နေတာ မဖြစ်ချင်ဘူး၊ အချင်းချင်းတိုက်တာ နှစ်ဘက်စလုံးမှာ ဆုံးရှုံးမှုကြီးတယ်။ နောက်လူငယ်တွေကလည်း အချင်းချင်းတိုက်တော့ သျှမ်းတပ်ကို မလုပ်ချင်သလို နိုင်ငံရေးလည်း စိတ်မဝင်စားတော့ဘူး” ဟု ၎င်းလူငယ် အမျိုးသားက ဆိုသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များက "၁၀၂၇ စစ်ဆင်ရေး" စတင်ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် RCSS/SSA နှင့် SSPP/SSA တပ်ဖွဲ့တို့သည် နှစ်ဘက်တပ်ဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ထိုနောက်ပိုင်းတွင် သျှမ်းတပ် (၂)တပ်ကြား စစ်ရေးတင်းမာမှု ဖြေလျှော့လာခဲ့သည်။







