မွန်မှာ ပြည်သူ့စစ်အင်အားတိုးချဲ့နေ

မွန်မှာ ပြည်သူ့စစ်အင်အားတိုးချဲ့နေ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး အမိန့်နဲ့ ပြည်သူ့စစ်အင်အား ဆက်တိုက်တိုးချဲ့နေတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ အခုနှစ်ဆန်းပိုင်းကစလို့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေမှာ ပြည်သူ့စစ်အဖွဲ့တွေ မဖြစ်မနေ ဖွဲ့စည်းကြဖို့နဲ့ ဖွဲ့စည်းထားတဲ့ အမည်စာရင်းတွေကို တစ်ပါတည်း ပေးပို့ကြဖို့ ညွှန်ကြားထားတာပါ။

စစ်ကော်မရှင်ဘက်ကတော့ ပြည်သူ့စစ်အဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းရတာဟာ ဒေသလုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့လို့ အကြောင်းပြထားပါတယ်။

စစ်ကော်မရှင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ တိုးချဲ့ထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ဒေသတွင်း လုံခြုံရေးအပြင် လိုအပ်ပါက စစ်ကော်မရှင်တပ် စစ်ကြောင်းတွေနဲ့အတူ စစ်ဆင်ရေးတွေ လိုက်ပါနိုင်ဖို့အထိ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင် ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေဟာ အခုနောက်ပိုင်း လုံခြုံရေး၊ စစ်ဆေးရေးအပြင် ပိတ်ဆို့ဖမ်းဆီးမှုတွေမှာပါ ပါဝင်လာပြီး လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်မှုတွေ လုပ်ဆောင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒေသတွင်းမှာတော့ ပြည်သူစစ်အဖွဲ့ဝင်တွေဟာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြို့တွင်းမှာ လုံခြုံရေး အကြောင်းပြပြီး လှည့်လည်တာ၊ လူစည်ကားရာ နေရာတွေမှာ ပိတ်ဆို့ စစ်ဆေးတာတွေ အပြင် ဧည့်စာရင်း စစ်ဆေးပြီး ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာပါ။

ဒါ့အပြင် လမ်းသွားလမ်းလာတွေကို စစ်ဆေးတဲ့နေရာမှာ ကားနဲ့ ဆိုင်ကယ်ဘောက်တွေကို စစ်ဆေးတာတွေအပြင် မထင်ရင် မထင်သလို ဖုန်းတွေကိုပါ စစ်ဆေးပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေ့ရှိပါက ရိုက်နှက် ဖမ်းဆီးတာတွေကအစ ပြုလုပ်နေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ခေါင်းဆောင်က နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ခေတ်မီပြည်သူ့ကာကွယ်‌ရေးစနစ် ဖော်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားပါတယ်။

Most read this week

February 26, 2026
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က...
February 25, 2026
ပိုင်ကျုံ — ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဖြစ်တဲ့ တပ်မဟာ ၇ နယ်မြေထဲ စစ်ကော်မရှင်တပ်...
February 24, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့အသစ် အပြောင်းအလဲ မတိုင်မီ ပြည်နယ်စစ်ကော်မရှင်က ရပ်ကွက်ကျေးရွာ...
February 23, 2026
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို မကြာခင် ဖွဲ့စည်းမယ့် အစိုးရလက်ထက်မှာ အ‌ကောင်အထည်ဖော်နိုင်ဖို့...