အားဆင်းနစ်အဆိပ်သင့်နေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းရေကို မသုံးစွဲဖို့ IEC အသိပေး

အားဆင်းနစ်အဆိပ်သင့်နေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းရေကို မသုံးစွဲဖို့ IEC အသိပေး
ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ် နဲ့ မိုလိုချောင်းကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် ) )
ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ် နဲ့ မိုလိုချောင်းကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် ) )

အာဆင်းနစ်အဆိပ်သင့်နေတဲ့ ကရင်နီပြည်က သံလွင်မြစ်နဲ့ မိုလိုချောင်းက ရေတွေကို သုံးစွဲခြင်းမပြုလုပ်ကြဖို့ နဲ့ မဖြစ်မနေ သုံးစွဲဖို့လိုအပ်ပါက လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) က ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အသိပေးပါတယ်။

ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်နဲ့ မော်ချီးဒေသကနေ စီးဆင်းလာတဲ့ မိုလိုချောင်းတို့မှာ အာဆင်းနစ် (Arsenic – As) ဒြပ်စင်ပါဝင်မှုက အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်ရှိနေတာကြောင့် အခုလို တိုက်တွန်းလာတာပါ။

လူထုတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ အန္တရာယ်ဖြစ်ပွားလာနိုင်တဲ့ အာဆင်းနစ် (Arsenic – As) ဒြပ်စင်ပါဝင်မှုတွေကြောင့် အဆိုပါ ရေတွေကို အသုံးမပြုတာက အကောင်းဆုံးဖြစ်တယ်လို့ IEC ၊ အတွင်းရေးမှူး ၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဒီဓါတ်ကလေ ထိတွေ့ရင်တော့ လူပေါ်မှာ ကပ်တဲ့ အရာမျိုးပေါ့နော်။ အာဆင်းနစ် ရဲ့ သဘောသဘာဝက သူက ရေထဲ ဝင်ပြီး ရေဖြစ်သွားတာမဟုတ်ဘူးပေါ့နော်။ ရေထဲမှာ ရှိတဲ့ နှုန်းတွေ သဲတွေ ပါလာပြီးတော့ သဲနှုန်းတွေ က ကျနော်တို့ ကိုယ်ပေါ်မှာ ထိတာတွေ ရေကတဆင့်သောက်မိလို့ ဗိုက်ထဲရောက်သွားတာတွေ အဲ့ကတဆင့် ကင်ဆာ၊ မူးဝေအော့အန်တာတွေ ဖြစ်တတ်တာပေါ့နော်။ အဲ့တာကြောင့် အတတ်နိုင်ဆုံး ရေတွေကို မသောက်သုံးဖို့အတွက်က အကောင်းဆုံးဖြစ်တယ်။ ဒါပေမဲ့ ထိတွေ့တာတွေရှိရင် တော့ရေကောင်းနဲ့ ပြန်ပြီးဆေးကြောဖို့အတွက်ပေါ့နော် အဲ့တာပဲရှိပါမယ်။ “ လို့ ဦးဗညားက ဆိုပါတယ်။

ဒါ့အပြင် အာဆင်းနစ် အဆိပ်သင့်ရေတွေကို သုံးစွဲပြီး နောက်ဆက်တွဲအနေနဲ့ ရေတိုမှာ မူးဝေတာ၊ ပျို့အန်တာ၊ ဗိုက်နာတာ၊ ဝမ်းလျှောတာ၊ ကြွက်တက်တာတွေ ခံစားရနိုင်ပြီး ရေရှည်မှာ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အရေပြားကင်ဆာ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါတွေကြောင့် ကလေးသူငယ်တွေရဲ့ မှတ်ဉာဏ် ထိခိုက်တာတွေ ဖြစ်စေနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ညွန်ကြားချက်ဟာ လူထုတွေကို အသိပေးခြင်းသာဖြစ်ပြီး နောက်ဆက်တွဲကိုတော့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကနေတဆင့် ပညာပေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

“မြို့နယ်အသီးသီးမှာရှိတဲ့ ကျန်းမာရေးအင်အားစုတွေနဲ့ ပြန်ချိတ်ဆက်ပြီး ထပ်ဆင့် ပညာပေးလုပ်ငန်းတွေလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါကတော့ ကျန်းမာရေးဌာနကနေ ပြန်ဦးဆောင်ပေးမှာဖြစ်တယ်။”လို့ ဦးဗညားက ဆက်ပြောပါတယ်။

အဆိုပါ သံလွင်မြစ်ရေနဲ့ မိုလိုချောင်းက ရေတွေကို တိုက်ရိုက်သောက်သုံးတာ၊ ချက်ပြုတ်တာတွေ အသုံးမပြုဖို့၊ အသုံးပြု ထိတွေ့ကိုင်တွယ်ပြီးရင်လည်း သန့်စင်တဲ့ရေနဲ့ ပြန်လည်ဆေးကြောဖို့၊ သံလွင်မြစ်အတွင်းက ရေနေသတ္တဝါတွေဖြစ်တဲ့ ငါးအမျိုးမျိုး၊ ခရု၊ ပုဇွန်၊ ပုဇွန်လုံး၊ လိပ် စတာတွေကို ချက်ပြုတ် စားသောက်ခြင်းမပြုဖို့၊ မိုလိုချောင်းအတွင်းက ဘယ်ရေနေသတ္တဝါတွေကို မဆို လုံးဝ (လုံးဝ) စားသောက်ခြင်းမပြုကြဖို့ကို IEC က အသိပေးထားပါတယ်။

အခုလို အသိပေးတိုက်တွန်းနှိုးဆော်ချက်တွေကို ထပ်မံပြင်ဆင်တဲ့ အသိပေးတိုက်တွန်းနှိုးဆော်ချက် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အများပြည်သူတွေအနေနဲ့ ဆက်လက် လိုက်နာကြဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အစီအမံများအတိုင်း ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း IEC တိုက်တွန်းထားပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ နဲ့ ချင်းမိုင်တက္ကသိုလ် (သဘာဝပတ်ဝန်းကျင် သုသေသန) ဌာနတို့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ကနေ (၂၄) ရက်နေ့အထိ ကရင်နီပြည်အပါဝင် ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ် နယ်စပ်တလျှောက် ၁၀ နေရာ နဲ့ မိုလိုချောင်း ၁ နေရာမှာ မြစ်ရေနမူနာ ရယူပြီး ဓါတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။

ဓါတ်ခွဲစစ်ဆေးချက်များအရ အာဆင်းနစ် (Arsenic) အဆိပ် ပါဝင်မှုဟာ နိုင်ငံတကာစံနှုန်းအရ ရေမှာပျော်ဝင်နေတဲ့ ဘေးကင်းမှုပမာဏ (၀.၀၁) mg/L (ရေတလီတာမှာ ၀.၀၁ မီလီဂရမ်)နဲ့ အထက် ဖြစ်တဲ့ (၀.၀၄၂) mg/L (ရေတလီတာမှာ ၀.၀၄၂ မီလီဂရမ်) မှ (၀.၀၉၆) mg/L (ရေတလီတာမှာ ၀.၀၉၆ မီလီဂရမ်) အတွင်း ရှိနေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုလိုချောင်းရေ ဓါတ်ခွဲ စစ်ဆေးချက်အရ အာဆင်းနစ်အဆိပ်ပါဝင်မှုဟာ ရေတလီတာမှာ ၀.၅၅၄ မီလီဂရမ်အထိရှိနေပြီး ဘေးကင်းမှု ပမာဏရဲ့ ၅၅ ဆအထိ ပါဝင်မှုရှိနေတာပါ။

April 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်တပ်ထုပ်ကုန်တွေဖြစ်တဲ့ ဒဂုံဘီယာနဲ့မြန်မာဘီယာ ဖာ ၁၀၀...
April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...