ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်လုပ်ငန်းများ တွင်ကျယ် လာခြင်းနှင့် တရုတ်စာတတ်မြောက်သူ အလုပ်သမားခန့်အပ်ခြင်းကြောင့် ယခု ၂၀၂၆ ခုနှစ်ဆန်းပိုင်း မှစပြီး တရုတ်စာ၊ စကားပြောသင်တန်းများ အလုပ်ဖြစ်လာကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မြဝတီနှင့် ရွှေကုက္ကိုလ်ဘက်မှ ပြောင်းရွှေ့လာသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များအပြင် တရုတ်စားသောက်ဆိုင်၊ အနှိပ်ခန်း၊ အလှပြင်ဆိုင်၊ အဝတ်လျှော်ဆိုင်၊ တရုတ်ကုန်ပစ္စည်း အရောင်းဆိုင် စသည်ဖြင့် ဘုရားသုံးဆူမြို့ပေါ်၌ လုပ်ငန်းဖွင့်လှစ်မှု များလာသဖြင့် တရုတ်စာ၊ စကား တတ်မြောက်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုရလာသည်ဟု ဆိုသည်။
ထို့ကြောင့် မြို့အတွင်း တရုတ်စာ၊ စကား သင်ယူသူများပြားလာသလို တရုတ်စာသင်တန်းကျောင်း တက်ရောက်ရန် သင်တန်းကာလအပေါ် မူတည်ပြီး မြန်မာကျပ်ငွေ ၃ သိန်းမှ ၁၀ သိန်းကျပ်အထိ အခပေးသင်ကြားသူ များလာသည်ဟု မြို့ခံများက ပြောသည်။
“တရုတ်တွေဆီမှာ အလုပ်ရဖို့ တရုတ်စာသင်တန်း တက်ကြတာတွေ များလာတယ်။ ကျားဖြန့်အတွက်မဟုတ်ဘူး၊ အိမ်အကူ၊ သန့်ရှင်းရေး၊ စားပွဲထိုး၊ လုံခြုံရေး အလုပ်တွေအတွက် တရုတ်စာတတ်ရင် အလုပ်ခန့်တယ်။ ဘတ်ငါးထောင်ကနေ ဘတ်တစ်သောင်းအထိ လစာရတယ်” ဟု ဘုရားသုံးဆူမြို့ပေါ် နေထိုင်သူက ပြောသည်။
တရုတ်စာ၊ စကားပြော မတတ်သူများအတွက်မူ အလုပ်ကြမ်းသမားများအနေဖြင့်သာ လုပ်ငန်းဝင်ခွင့်ရပြီး တရုတ်ဘာသာစကား ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သည့် စကားပြန်အလုပ်အတွက် ထိုင်းဘတ်ငွေ သောင်းနှင့်ချီပေး၍ အလုပ်ခန့်ထားကြောင်း တရုတ်လုပ်ငန်းအသိုင်းအဝိုင်းနှင့် နီးစပ်သည့် ဘုရားသုံးဆူရှိ ကေအိုင်စီ သတင်းအရင်းအမြစ်က ပြောသည်။
ဘုရားသုံးဆူမြို့ခံတစ်ဦးက “လူလတ်ပိုင်း၊ လူကြီးပိုင်းတွေက ပစ္စည်းအတင်အချနဲ့ ဆောက်လုပ်ရေးပိုင်း လုပ်ကြတာများတယ်။ တချို့ တရုတ်စကားပြန်လုပ်တဲ့သူတွေဆို ဘတ်သုံးသောင်းကျော်ရတယ်” ဟု ပြောသည်။
မြန်မာပြည်တွင်းရှိ မုဒုံ-ဘုရားသုံးဆူလမ်း၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းအတိုင်း လာသည့် လမ်းတစ်လျှောက်ကို စစ်အုပ်စုတပ်အပြင် မွန်နှင့် ကရင်လက်နက်ကိုင်များက ထိန်းချုပ်ထားပြီး နယ်မြေတွင်း ပဋိပက္ခများလည်း ရှိသည်။
သို့သော် လခနှုန်းမြင့် အလုပ်ခေါ်ယူခြင်းကြောင့် ပြည်တွင်းမှ ဘုရားသုံးဆူမြို့အထိ လာရောက်အလုပ်လုပ်ကိုင်ကြသည့် တရုတ်ဘာသာ ကျွမ်းကျင်သူအချို့ ရှိကြောင်းလည်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။







