ကရင်ပြည်နယ် မြဝတီမြို့ပေါ်ရှိ တစ်နိုင်တစ်ပိုင် ရောင်းချနေသည့် လမ်းဘေးစက်သုံးဆီဆိုင်များကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစတင်ကာ စစ်အုပ်စုနှင့် လက်အောက်ခံ ဌာနဆိုင်ရာများက လိုက်လံ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မီးဘေးအန္တရာယ် ကာကွယ်ရန်နှင့် တရားမဝင် စက်သုံးဆီရောင်းချမှုကို ထိန်းချုပ်ရန်ဟုဆိုကာ တရား ဝင်လိုင်စင် မှတ်ပုံတင်ထားခြင်းမရှိသည့် စက်သုံးဆီဆိုင်များကို ဖမ်းဆီးမည်ဟု စစ်အုပ်စုက ကြေညာ ခဲ့ပြီးနောက် ယခုလို ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကားဝပ်ရှော့လုပ်ငန်း လုပ်ကိုင်နေသူ မြို့ခံတစ်ဦးက ပြောသည်။
၎င်းက “သူတို့က မီးဘေးအန္တရာယ် ကာကွယ်ဖို့ဆိုပြီး ရပ်ကွက်ထဲက ဆီဆိုင်သေးတွေကို လိုက်ဖမ်း တာ။ ၁၇ ရက်နေ့မှာ ဖမ်းမယ်ဆိုပြီး သတိပေးထားတော့ လမ်းဘေးဆိုင် တော်တော်များများက ပိတ် ထားကြတယ်။ မဟုတ်ရင် ဖမ်းခံရရင် ဘယ်သူမှ အာမခံရမှာ မဟုတ်ဘူးလေ” ဟု ကေအိုင်စီသို့ ပြောသည်။
မြဝတီမြို့ထဲသို့ စစ်အုပ်စုမှ စက်သုံးဆီတင်သွင်းခွင့် ကန့်သတ်ထားသည့်အတွက် မှောင်ခိုဈေးကွက်ဖြင့် ဝယ်ယူရောင်းချသည့် စက်သုံးဆီများမှာ ဆိုင်ကြီးများထက် ဈေးနှုန်းသက်သာသည့်အတွက် မြို့ခံ အများစုသည် လမ်းဘေးရှိ တစ်နိုင်တစ်ပိုင်စက်သုံးဆီဆိုင်များကိုသာ ဝယ်ယူသုံးစွဲနေကြရသည်ဟု သိရသည်။
လမ်းဘေးစက်သုံးဆီဆိုင်တွင် ဝယ်ယူအားပေးခဲ့သူ မြို့ခံတစ်ဦးက ” လမ်းဘေးဆိုင်က ဆိုင်ကြီး ထက်ဈေးသက်သာတယ်။ အပြင်ဆိုင်တွေက ဈေးအတက်အကျရှိတယ်၊ ဆိုင်ကြီးတွေက ဈေးအ တက်အကျမရှိတော့ ဈေးသက်သာတာကိုပဲ ဝယ်မှာပေါ့” ဟု ပြောသည်။
မြဝတီမြို့ပေါ်ရပ်ကွက်တွင် လမ်းဘေးစက်သုံးဆီဆိုင်များ၌ ဓါတ်ဆီ တစ်လီတာလျှင် ၄၀၀၀ ကျပ် ရောင်းချပြီး အချို့စက်သုံးဆီဆိုင်ကြီးများတွင် တစ်လီတာလျှင် ၅၀၀၀ မှ ၆၀၀၀ ကျပ်အထိ ရောင်းချ လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။
ထို့အတူ ပြည်တွင်းစက်သုံးဆီများကို မြဝတီနယ်စပ်သို့ တရားမဝင် တင်သွင်းမှုများတွင် စစ်အုပ်စု လက် အောက်ခံ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့ကသာ အဓိက လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။
တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များ နှိမ်နင်းရန်ဟုဆိုကာ ထိုင်းအစိုးရက ၂၀၂၅ ခုနှစ်မှ စ၍ မြဝတီအပါအဝင် နယ်စပ်ဒေသများသို့ စက်သုံးဆီ တင်ပို့မှုကို ရပ်ဆိုင်းခဲ့သည်။ တစ်ဖက်တွင်လည်း စစ်အုပ်စုက ပြည်တွင်းဆီသယ်ယူခွင့်ကို ကန့်သတ်ထားသဖြင့် မြဝတီမြို့တွင် စက်သုံးဆီများကို မှောင်ခိုဈေးကွက်ဖြင့်သာ တင်သွင်းအသုံးပြုနေရသည်ဟု သိရသည်။







