AA နှင့် PDF များ ပူးပေါင်းစစ်ရေး စစ်ကိုင်းတိုင်းတွင် အောင်မြင်မှုရနေ

AA နှင့် PDF များ ပူးပေါင်းစစ်ရေး စစ်ကိုင်းတိုင်းတွင် အောင်မြင်မှုရနေ

(တိုက်ပွဲများအတွင်း စစ်တပ်မှ (၉၆) ဦးသေဆုံး၊ (၃၈) ဦး ထိခိုက်ဒဏ်ရာရကာ စစ်တပ်အဖွဲ့ဝင်ပေါင်း (၁၀၁) ဦးအား ဖမ်းဆီးရမိခဲ့)

ခိုင်လူလှ (ရိုးမမြေ)  — အာရက္ခတပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းတွင် စစ်ရေးဖော်ဆောင်နေမှုများမှာ အောင်မြင်မှုရရှိနေကြောင်း သတင်းရရှိသည်။  

ဖေဖော်ဝါရီလ ၁၁ ရက်နေ့စွဲဖြင့်အမှတ် (၁) စစ်ဒေသ(စစ်ကိုင်း)မှထုတ်ပြန်သည့်“ ကန့်ဘလူခရိုင်အတွင်းတွင် ပြုလုပ်ခဲ့သော PDF၊ ပကဖ နှင့် AA တပ်ဖွဲ့များ၏ စုပေါင်းစစ်ဆင်ရေးလုပ်ဆောင်ချက်များ” စစ်ရေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအစတွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ စစ်ကော်မရှင်စခန်း (၄) ခုနှင့် စစ်ကြောင်း တစ်ခုကို AA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်ခဲ့သည့်စခန်းများမှာ ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့(ပျူစောထီး)ရွာစခန်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ပေကြီး(ပျူစောထီး)ရွာစခန်း၊ ငှက်ပျောတိုင်း(ပျူစောထီး)စခန်းနှင့် ကျွန်းလှမြို့နယ်ရှိ အင်တိုင်း(ပျူစောထီး)ရွာစခန်းဖြစ်ကြပြီး ကောလင်းမြို့တွင်လည်း စစ်ကြောင်းတစ်ခုကိုဖြတ်တောက်တိုက်ခိုက်ခဲ့ရာအောင်မြင်မှုရရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်မှ ဂျက်ဖိုက်တာနှင့် Y-12 တို့ဖြင့် ဗုံးကြဲသည့်အကြိမ် အရေအတွက်မှာ (၃၇) ကြိမ် ရှိခဲ့ပြီး Gyrocopter ဖြင့် (၄) ကြိမ်၊ ကာမီကာဇယ် ဒရုန်းဖြင့် (၄) ကြိမ် တိုက်ခိုက်ခဲ့သည်။

၎င်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်မှ (၉၆) ဦး သေဆုံးပြီး (၃၈) ဦး ထိခိုက်ဒဏ်ရာရ၍ ပျူစောထီးများအပါ အာဏာသိမ်း စစ်တပ်အဖွဲ့ဝင်ပေါင်း (၁၀၁) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် လက်နက်မျိုးစုံ (၁၈၇) လက်၊ ကျည်မျိုးစုံ (၂၄၆၅၂) တောင့်၊ ဗုံးသီးမျိုးစုံ (၅၃၀) လုံး၊ စစ်သုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိသည်။

ကောလင်းမြို့နယ်၊ သရက်ခုံရွာတိုက်ပွဲ

အာရက္ခတပ်တော်(AA)အပါအဝင် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စုစည်းစစ်ကြောင်း၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တန့်ဆည် PDF၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ AA(EROs) ပူးပေါင်းအဖွဲ့တို့သည် ကောလင်းမြို့နယ်၊ သရက်ခုံရွာသို့ စစ်ကြောင်းထိုးလာသော ကောလင်းမြို့မှ ရန်သူ့စစ်ကြောင်းအား ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၈) ရက်နေ့အထိ တိုက်ခိုက်ခဲ့ကြသည်။

ကိုးတောင်ဘို့ရွာ တိုက်ပွဲ

အာရက္ခတပ်တော်အပါအဝင် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တန့်ဆည် PDF၊ စစ်ကိုင်းတိုင်း ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စုစည်းစစ်ကြောင်းတို့မှကိုးတောင်ဘို့ရွာစခန်းရှိ ဗိုလ်ကြီး နောင်သူရ ဦးစီး ခလရ-၃၀၅ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၀၀) ဦးအား ဇန်နဝါရီလ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့အထိ တိုက်ခိုက်ပြီးစခန်းကို သိမ်းပိုက်ခဲ့သည်။

ကိုးတောင်ဘို့ရွာစခန်းအား တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ဆက်လက် ထိမ်းသိမ်းထားကြောင်းသိရသည်။

ပေကြီးရွာစခန်းနှင့် ငှက်ပျောတိုင်းရွာစခန်းသိမ်းတိုက်ပွဲ

ပေကြီးရွာစခန်းနှင့် ငှက်ပျောတိုင်းရွာစခန်းရှိ ဒု-ဗိုလ်မှူးကြီး အောင်မျိုးဦး ဦးစီး စစ်ကော်မရှင်နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၀၅) ဦးအား ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးလှုပ်ရှားတပ်မ၊ ကန့်ဘလူခရိုင် ဒရုန်းအဖွဲ့၊ ကန့်ဘလူခရိုင် ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ပူးပေါင်းအဖွဲ့တို့မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့အထိ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ပေကြီးရွာစခန်းနှင့် ငှက်ပျောတိုင်းရွာစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့သည်ဟုသိရသည်။

ရွှေပေါ်ကုန်းစခန်းနှင့် Power House စခန်းတိုက်ပွဲ

အာရက္ခတပ်တော်အပါအဝင် ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) လှုပ်ရှားအဖွဲ့၊ စစ်ကိုင်းတိုင်း ပကဖ တပ်ရင်းများ၊ AA(EROs)၊ ကျွန်းလှမြို့နယ်/ တန့်ဆည်မြို့နယ် ပကဖ၊ ကန့်ဘလူခရိုင်/အမှတ် (၁) စစ်ဒေသ ဒရုန်းတပ်ဖွဲ့၊ ခရိုင် လက်နက်ကြီးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့သည်ကျွန်းလှမြို့နယ်အင်တိုင်းရွာရှိ တပ်ကြပ်ကြီး အောင်အောင် ဦးစီး ခမရ-၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၈၅) ဦးနှင့် ပျူစောထီး ခေါင်းဆောင် ဇော်ကြီး ဦးစီး ပျူစောထီး အင်အား (၂၃) ဦးရှိ ရွှေပေါ်ကုန်းစခန်းနှင့် Power House စခန်းတို့ကို  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 

အင်တိုင်းရွာစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များမှဆက်လက် ထိမ်းသိမ်းထားဆဲဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသ

Most read this week

February 11, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးပြည်သူ့ဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တစ်ဦးချင်း...
February 10, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် လောင်စာအဖြစ် ထင်းကိုအသုံးပြုမှု များလာနေပြီး...
February 9, 2026
သိန်းဇော်(မောင်တော) — ရခိုင်ပြည်၊ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီး...
ကျောက်ဖြူမြို့၊ ဂျပန်မဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်။ (ပုံဟောင်း)
February 7, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ထောင်ဝန်ထမ်းတစ်ဦးကိုသတ်ပြီး...