Kawthoolei Art School ပန်းချီဒီပလိုမာသင်တန်းအတွက် ကျောင်းသူ၊ ကျောင်းသားသစ် ခေါ်ယူနေ

Kawthoolei Art School ပန်းချီဒီပလိုမာသင်တန်းအတွက် ကျောင်းသူ၊ ကျောင်းသားသစ် ခေါ်ယူနေ

ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ်ရှိ သူးမွဲခီးစာသင်ကျောင်းတွင်ဖွင့်လှစ်ထားသည့် Kawthoolei Art School ၏ ပန်းချီဒီပလိုမာ (Fine Art Diploma) သင်တန်းအတွက် ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှစတင်ပြီး ကျောင်းသူ၊ ကျောင်းသားသစ်များ ခေါ်ယူလက်ခံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် သင်တန်းလျှောက်လွှာများကို ဖေဖော်ဝါရီလ (၁၅) ရက်မှ မေလ (၁၅) ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး လျှောက်ထားသူများထဲမှ အင်တာဗျူးစစ်ဆေးခြင်းနှင့် လက်တွေ့ပန်းချီဆွဲနိုင်မှုအပေါ် အမှတ်ပေးစနစ်ဖြင့် သင်တန်းသားသစ်(၁၅) ဦး ရွေးချယ်သွားမည်ဟု ကျောင်းဒါရိုက်တာ နော်စူစန်နာလှလှစိုးက ပြောသည်။

“လာလျှောက်တာ အယောက် ၃၀ လောက်တော့ရှိပြီ။ အင်တာဗျူးလုပ်မယ်။ သူတို့ရဲ့ လက်တွေ့ဆွဲထားတဲ့ ပုံလေးတွေကိုအမှတ်ပေးမယ်။ ဒီနှစ်ကတော့ ၁၅ ယောက် လက်ခံဖို့ ကျမတို့ စီစဥ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

အချိန်ပြည့်တက်ရောက်ရမည့်သင်တန်းဖြစ်သောကြောင့် ရွေးချယ်ခံရသူများအနေဖြင့် ကျောင်းမှပေးထားသည့်အဆောင်တွင်နေထိုင်ရမည်ဖြစ်ပြီး ဇွန်လ (၁) ရက်နေ့တွင်သင်တန်းစတင်မည်ဖြစ်ကြောင်းလည်း နော်စူစန်နာလှလှစိုးက ဖြည့်စွက်ပြောသည်။

ဝင်ခွင့်လျှောက်ထားသူများသည် ပန်းချီပညာကိုဝါသနာပါရုံသာမက အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်လိုသည့်စိတ်အားထက်သန်မှု၊ ပန်းချီနှင့်သက်ဆိုင်သည့်အခြေခံအသိပညာများကိုပါ သိကျွမ်းထားရမည်ဟု စည်းကမ်းချက်တွင် သတ်မှတ်ထားသည်။

သင်တန်းကာလ(၁)နှစ်အတွင်း ခဲပန်းချီ၊ ရေဆေး၊ အခရိုင်းလစ်၊ Digital Art ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး ပညာသင်နှစ်တစ်နှစ်စာ နေထိုင်စရိတ်နှင့်စားစရိတ်ကို လျှောက်ထားသူ၏ မိသားစုအခြေအနေအပေါ် မူတည်၍ အဆင့် (၄) ဆင့်ခွဲခြား ကောက်ခံသွားမည်ဖြစ်ကြောင်း ကျောင်းသင်တန်းကြေညာချက်ကဖော်ပြသည်။ ငွေကြေးအခက်အခဲရှိသူများအတွက်မူ ကျောင်းစရိတ်သက်သာခွင့်ရမည်ဟု ဆိုသည်။

ဝင်ခွင့်လျှောက်ထားလိုသူများသည် မိမိ၏ ကိုယ်ရေးအကျဉ်း (CV Form) နှင့်အတူ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Facebook နှင့် Email လိပ်စာများကို Kawthoolei Art School လူမှုကွန်ရက်စာမျက်နှာရှိ သင်တန်းလျှောက်လွှာဖောင်၌ဖြည့်စွက်၍ ပေးပို့‌လျှောက်ထားနိုင်ကြောင်းလည်း ကြေညာချက်က အသိပေးထားသည်။

Kawthoolei Art School ကို အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ၏ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နော်စူစန်နာလှလှစိုးက ၂၀၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ပန်းချီဒီပလိုမာအချိန်ပြည့်သင်တန်းအဖြစ် ၂၀၂၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိ သင်တန်းတက်ရောက်နေသော ကျောင်းသူ၊ကျောင်းသား စုစုပေါင်း (၉) ဦး ရှိသည်ဟု သိရသည်။

Most read this week

September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...
ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...