AA ထံ ဆုံးရှုံးခဲ့သည့် စခန်းများကို စစ်ကောင်စီ ပစ်မှတ်ထား တိုက်ခိုက်နေ

AA ထံ ဆုံးရှုံးခဲ့သည့် စခန်းများကို စစ်ကောင်စီ ပစ်မှတ်ထား တိုက်ခိုက်နေ

ရခိုင်မြို့သိမ်းတိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် တပ်စခန်းများကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေသည်။

ဖေဖော်ဝါရီ ၇ ရက်၊ ညအချိန်တွင် ဘူးသီးတောင်မြို့နယ်ရှိ စကခ ၁၅ ဌာနချုပ်နှင့် အနီးဝန်းကျင်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အတိအကျကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့ လက်လွတ်ဆုံးရှုံးလိုက်ရသည့် စစ်တပ်ဌာနချုပ်များနှင့် တပ်စခန်းဟောင်း နေရာများကို မကြာခဏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုနေရာများတွင် ထိန်းသိမ်းထားသည့် သုံးပန်းနှင့် မိသားစုဝင်များ ထိခိုက်သေဆုံးနေကြရသည်။

“ စခန်းဟောင်းတွေကို လိုက်ကြဲနေတာက ဗျူဟာအရ ပြောရရင် ‘ မစားရတဲ့ အမဲ သဲနဲ့ပက် ’ တဲ့ သဘောပဲ။ AA က အဲဒီစခန်းတွေကို အခြေစိုက်စခန်း လုပ်မှာကို သူတို့ တုန်နေအောင် ကြောက်တာ။ စခန်းထဲမှာ ကျန်ခဲ့တဲ့ ဘန်ကာတွေ၊ အဆောက်အအုံတွေကို AA က ပြန်သုံးပြီး သူတို့ကို ပြန်ဒုက္ခပေးမှာ စိုးလို့ အကုန်မှုန့်မှုန့် ညက်ညက်ကြေအောင်လုပ်နေတာ ဖြစ်တယ် ” ဟု ရခိုင် စစ်ရေးစောင့်ကြည့်နေသူတစ်ဉီးက ပြောသည်။

အလားတူ ဇန်နဝါရီ ၂၆ ရက်ကလည်း မင်းပြားမြို့နယ်ရှိ တိုင်းဗဟို (၉) စစ်ကောင်စီ တပ်စခန်းဟောင်းကို ဂျက်လေယာဉ်၊ Y12 တို့ဖြင့် လာရောက် ဗုံးကြဲခဲ့၍ အဆောင်အချို့ ပျက်စီးခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းဟောင်း ခမရ-၅၅၀ တပ်ရင်း နေရာနှင့် မင်းပြားမြို့နယ်ရှိ ခမရ- ၃၈၀ တပ်ရင်းနေရာတို့ကို လေကြောင်း တိုက်ခိုက်ခဲ့သည်။

မြေပြင်စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ခဲ့ရသည့် တပ်စခန်းများကို အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ အသုံးမပြုနိုင်စေရန်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် လေကြောင်းအားကိုးဖြင့် တိုက်ခိုက်ဖျက်စီးနေကြောင်း စစ်ရေးနိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်ကြသည်။

“ စစ်တပ်တစ်ခုက မြေပြင်စိုးမိုးမှု (Ground Control) မရှိတော့ရင် လေယာဉ်နဲ့ ဘယ်လောက်ပဲ ဗုံးကြဲကြဲ နယ်မြေကို ပြန်မထိန်းချုပ်နိုင်တော့ဘူး။ ဒါဟာ စစ်ရှုံးနေပြီဆိုတာကို ဗြောင်ပြနေတာပဲ။ AA ကတော့ သူတို့သွားမယ့် လမ်းကြောင်းအတိုင်း ဆက်သွားနေမှာပဲ” ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ရာတွင် အရပ်သားများ နေထိုင်ရာမြို့/ရွာများအပြင် စစ်သုံ့ပန်းများအား ထိန်းသိမ်းထားသည့်နေရာများလည်း ပါဝင်ပြီး ဇန်နဝါရီ ၂၀ ရက်က ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းအကျဉ်းစခန်းဗုံးကြဲခံရမှုကြောင့် စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၁ ဦး သေဆုံးပြီး ၃၀ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ရခိုင်က မြို့နယ် ၁၄ ခုအထိ အာရက္ခတပ်တော်ထံ လက်လွှတ်ဆုံးရှံးခဲ့ရသည့် စစ်ကောင်စီသည် မြို့နယ်အချို့ကို ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းမှုများလည်း ရှိနေပြီး AA ထိန်းချုပ်မြို့နယ်များကိုလည်း လေကြောင်းတိုက်ခိုက်မှု မကြာခဏလုပ်ဆောင်လျက်ရှိသည်။

February 7, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ ဘာသာဝင်အသီးသီးသည် မိမိတို့၏...
၂၀၂၃ ခုနှစ် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသူ/သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်တွေ တက္ကသိုလ်
February 6, 2026
လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်တွင် ရခိုင်လူငယ် အများအပြားသည်...
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ခရီးသည် ပို့ဆောင်ရေးကားဂိတ်တစ်ခု။ ဓာတ်ပုံ- Htet Aung -Facebook
February 5, 2026
အာရက္ခတပ်တော်ထံ စစ်ရေးအရ ရှုံးနိမ့်မှုများကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ...
 ဧရာဝတီတိုင်းတွင် စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီတပ်အား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- CINCDS
February 4, 2026
စစ်ကောင်စီသည် ဧရာဝတီ- ရခိုင် ကမ်းရိုးတန်းလမ်းကနေ အာရက္ခတပ်တော်ထိန်းချုပ်ရာ ဂွမြို့နယ်သို့...