ဖေဖေါ်ရီလ ၅ ရက်၊ ၂၀၂၆
အရေးပါသည့် အဓိကအချက်များ
- ၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း စတုတ္ထအကြိမ် မြောက် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။ ဤရွေးကောက်ပွဲတွင် ယခင်ကအသုံးပြုခဲ့သော အနိုင်ရသူ အ ကုန်ယူစနစ် (FPTP) မဲပေးစနစ်အပြင်၊ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ပထမဆုံး ပူးတွဲအသုံးပြု သည့် ရွေးကောက်ပွဲဖြစ်သည်။
- ရွေးကောက်ပွဲကို တပြိုင်တည်း မကျင်းပဘဲ အပိုင်း (၃)ပိုင်းခွဲကာ ကျင်းပသည့် ရွေး ကောက်ပွဲ ဖြစ်သည်။ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် မြို့နယ်ပေါင်း (၁၀၂) မြို့နယ်၌ လည်းကောင်း၊ အပိုင်း (၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် မြို့နယ် ပေါင်း(၁၀၀) ၌လည်း ကောင်း၊ အပိုင်း(၃)ကို ၂၀၂၆ ခု နှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ်ပေါင်း(၆၁)မြို့နယ်၌ လည်းကောင်း ကျင်းပခဲ့သည်။
- ဤရွေးကောက်ပွဲသည် တော်လှန်ရေးအင်အားစုများက နိုင်ငံဧရိယာ၏ ၃၃ ရာခိုင်နှုန်း ၊ စစ်ကော်မရှင်က ၆၇ ရာခိုင်နှုန်း ထိန်းချုပ်ထားချိန်တွင် ကျင်းပသော ရွေးကောက်ပွဲ ဖြစ်သည်။
- ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ရွေးကောက်ပွဲအနိုင်ရ အဓိကအတိုက်အခံပါတီ ဖြစ်သော NLD ပါတီအပါအဝင် တိုင်းရင်းသားပါတီအချို့ကို ဖျက်သိမ်းပြီး ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။
- နိုင်ငံ၏ဒေသ ၇၀ ရာခိုင်နှုန်းခန့်တွင် စစ်ပွဲပဋိပက္ခများနှင့်သဘာ၀ဘေးအမျိုးမျိုးကြောင့် ပြည် တွင်းနေရပ် စွန့်ခွာသူ ဦးရေ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းခန့်ရှိနေချိန်တွင် ကျင်းပသော ရွေးကောက်ပွဲ ဖြစ်သည်။
- ရွေးကောက်ပွဲ မကျင်းပမီ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက် ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ထုတ်ပြန်ခဲ့သည်။ ဥပဒေ စတင်ပြဋ္ဌာန်းခဲ့သော၂၀၂၅ ဇူလိုင်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ လူပေါင်း (၄၀၄)ဦးကိုဖမ်းဆီးထားပြီး အချို့ကို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်ထားသည်။
- ယှဉ်ပြိုင်သူမရှိသဖြင့် မဲမပေးရသေးမီ စစ်တပ်ကျောထောက်နောက်ခံ (USDP)ပါတီက လွှတ်တော် အမတ် နေရာ (၂၇) နေရာ၊ တိုင်းရင်းသား(၃)ခုက လည်း (၃)နေရာ ကြိုတင်အနိုင်ရနေသည့် ရွေးကောက်ပွဲ ဖြစ်သည်။
၁။ နောက်ခံအခြေအနေ
မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့တွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ် ကို ငြင်းပယ်၍ “မဲမသမာမှု” ဟူသည့် အကြောင်းပြချက်ဖြင့် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ နောက်တရက် တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administration Council) ကို ဖွဲ့စည်းခဲ့သည်။ အရေးပေါ်ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ပါက ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော အထွေထွေရွေးကောက်ပွဲကို ကျင်းပ၍ အနိုင်ရပါတီအား အာဏာ ပြန်လွှဲပြောင်းပေးမည်ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အရပ်သားနိုင်ငံ ရေးခေါင်းဆောင်များ၊ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်မှ တာဝန်ရှိသူများအပါအဝင် ၎င်းတို့အပေါ် ဆန့်ကျင် သူ အများအပြားကိုဖမ်းဆီးခဲ့သည်။ ပုဒ်မမျိုးစုံဖြင့် စွဲချက်တင်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အနည်းအကျဉ်းကိုသာ ပြန်လွှတ်ပေးခဲ့သော်လည်း အများစုမှာ နှစ်ရှည် ထောင်ဒဏ်များ ကျခံနေရဆဲ ဖြစ်သည်။
အရေးပေါ်ကာလကို တစ်ကြိမ်လျှင် ၆ လဖြင့် ၆ ကြိမ်အထိ သက်တမ်းတိုးပြီးနောက် ၂၀၂၅ တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟုဆိုသည်။ ယင်းနောက် ပြည်သူလူထုထောက်ခံမှု အားကောင်းသည့် အင်အားကြီးပါတီများ ရွေး ကောက်ပွဲတွင် ယှဉ်ပြိုင်ရန် အခက်အခဲဖြစ်စေမည့် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ (Political Parties Registration Law)အသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ နောက်ပိုင်းတွင်လည်း ယင်း ဥပဒေကို အကြိမ်ကြိမ် ပြင်ဆင်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်ဆိုင်ရာ ပုဒ်မ ၄၂၁ အရ အရေးပေါ်ကာလ သက်တမ်းသည် သာမန်အားဖြင့် (၆)လ နှစ်ကြိမ်သာ တိုးခွင့်ရှိသည်။ သို့သော် စစ်ကောင်စီသည် အကြောင်း အမျိုး မျိုးပြ၍ (၇)ကြိမ်အထိ သက်တမ်းတိုးခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင်ကျင်းပသော NDSC အစည်း အဝေးအပြီးတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)” ကို ဖျက်သိမ်း၍ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင် (State Security and Peace Commission, SSPC) အဖြစ် အမည်ပြောင်းလဲ ဖွဲ့ စည်းခဲ့ သည်။ ယင်းကော်မရှင်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ တာဝန်နှင့် ကော်မရှင်ဥက္ကဋ္ဌ ရာထူး ကို ပူးတွဲတာဝန်ယူသည်။ ဗိုလ်ချုပ်ကြီးအချို့ကို အရပ်သားအသွင်ပြောင်းကာ အစိုးရအဖွဲ့၌ ဦးဆောင်စေခဲ့သည်။
စစ်အုပ်စု၏ ၂၀၂၅ ရွေးကောက်ပွဲသည် ပြည်သူလူထုနှင့် နိုင်ငံတကာအမြင်တွင် အာဏာသိမ်းကာလအတွင်း ၎င်း တို့ကျုးလွန်ထားသော ရက်စက်ကြမ်းကြုတ်မှုများကို ထွက်ပေါက်ရှာမှုအဖြစ် ရှုမြင်နေကြသည်။ မြန်မာ့မဟာဗျူ ဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ အချက်အလက်များအရ ပြီးခဲ့သည့် လေးနှစ်ကျော် ကာလအတွင်း အရပ်သား ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သေဆုံးရသည့် ဖြစ်စဉ်ပေါင်း ၉၂ ကြိမ် ထက် မနည်း ရှိခဲ့သည်။ အရပ်သား အနည်းဆုံး ၁,၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။ ဖြစ်စဉ်များအနက် ၈၈ ခုကို SSPC က ကျူးလွန်ခဲ့ပြီး ထက်ဝက်ကျော်သည် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု ဆိုသည်။
သို့ဖြစ်၍ လက်ရှိဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေးအခြေအနေနှင့် မြေပြင်အနေအထားများအရ ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေ မတည်ငြိမ်မှု ၊ ပြည်သူလူထု၏ အယုံအကြည်ကင်းမဲ့မှု၊ နိုင်ငံတကာ၏ သဘောထားများအရ စစ်အုပ်စု၏ ၂၀၂၅ ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲ တခုမျှသာဖြစ်ကြောင်း အောက်ဖော်ပြပါ အခြေအနေအရပ်ရပ်ကို ထောက်ရှုခြင်းဖြင့် သိသာစေမည် ဖြစ်သည်။
၂။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ် ပြဋ္ဌာန်းခြင်း
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (Political Parties Registration Law) ကို ၂၀၁၀ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်း ဥပဒေတွင် နိုင်ငံရေး ပါတီများအတွက် တင်းကျပ်သော ကန့်သတ်ချက်အချို့ ပါဝင်ခဲ့သည်။ NLD ကဲ့သို့သော လူထု ထောက်ခံမှုများ သည့် ပါတီများကို အခက်အခဲများစွာ ဖြစ်စေခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီတွင် NLD ပါတီ ရွေးကောက်ပွဲ ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (Law Amending the Political Parties Registration Law) ကို၂၀၁၁ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် ပြဋ္ဌာန်းခဲ့ သည်။ ယင်းဥပဒေ၌ မူလ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ အချက်(၃) ချက်ကို ပြင်ဆင်ခဲ့သည်။ ယင်း တို့မှာ “ပါတီဝင်များသည် ထောင်ဒဏ်ကျခံရသူများ မဟုတ်ရ” ဟူသော ကန့်သတ် ချက်ကိုပယ်ဖျက်ခြင်း၊ “ပါတီ တခုသည် ရွေးကောက်ပွဲများတွင် အနည်းဆုံးသုံးနေရာ ဝင်ပြိုင်ရမည်ဟူသော ကန့်သတ်ချက်ကို ရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာသော ပါတီအသစ်များနှင့် သက်ဆိုင်မှုမရှိ”ဟု ပြင်ဆင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို “ထိန်းသိမ်းစောင့်ရှောက်ရမည်”ဟူသော စကားရပ်အစား “လေးစားလိုက်နာရမည်”ဟု ပြင် ဆင်ခြင်းတို့ဖြစ်သည်။ ၎င်းပြင်ဆင်ချက်များကြောင့် NLD ပါတီသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စား လှယ် ၄၄ နေရာအနက် ၄၃ နေရာ အနိုင်ရပြီး လွှတ်တော်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင် စီ (နအဖ) စစ်အစိုးရ ကပြဋ္ဌာန်းခဲ့သော ၂၀၁၀ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ရုပ်သိမ်း၍ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ် ကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေတွင် ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်မည့် နိုင်ငံရေးပါတီများသည် ခွင့်ပြုမိန့်ရပြီး ရက်ပေါင်း ၉၀ အတွင်း အနည်းဆုံးပါတီဝင် တစ် သိန်း (၁၀၀,၀၀၀) စည်းရုံးရမည်။ ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံအဝှမ်းရှိ မြို့ နယ်ပေါင်း ၃၃၀ ၏ ထက်ဝက်တွင် ပါတီရုံးများ ဖွင့်လှစ်ရမည်ဟု ပါရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် မည့် နိုင်ငံရေးပါတီများသည် ရက်ပေါင်း ၉၀ အတွင်း အနည်းဆုံး ပါတီဝင် ၁,၀၀၀ စည်းရုံးရမည်။ သက်ဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီး၏ အနည်းဆုံး မြို့နယ် (၅) မြို့နယ်တွင် ပါတီရုံးများဖွင့်လှစ်ရမည်ဟု ပါရှိ သည်။ ပြည်ထောင်စုပါတီများအနေဖြင့် နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်တွင် စပေါ်ငွေကျပ် သိန်း ၁၀၀၀ ပေး သွင်းရမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် မှတ်ပုံတင်မည့် ပါတီများသည် စပေါ်ငွေကျပ် ၁၀၀ သိန်း ပေး သွင်းရမည်ဟု သတ်မှတ်ထားသည်။
ယင်းဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်မတင်သော နိုင်ငံရေးပါတီများ ၊ အလိုလျောက် ပယ်ဖျက်ခံရသည့် ပါတီအများအပြား ရှိလာခဲ့သည်။ ယင်းဥပဒေ၏ ပုဒ်မ ၂၅ တွင် ဥပဒေ ပြဋ္ဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်မတင်ပါက ပါတီအဖြစ်ကနေ ပယ်ဖျက်ခံရမည်ဖြစ်ခြင်းဟူသည့် အချက်သည် အာဏာ သိမ်းပြီးနောက် ပယ်ဖျက်ခံထားရပြီးဖြစ်သော NLD ပါတီအပေါ် ဥပဒေအရ ထပ်မံကန့်သတ်ခြင်း ဖြစ်သည်။ နိုင်ငံရေး အသိုင်းအဝိုင်းကလည်း NLD မပါဝင်သော ရွေးကောက်ပွဲအခင်းအကျင်းကို ပုံဖော်ခြင်းဖြစ်ကြောင်း ရှုမြင်ကြသည်။ စစ်တပ် အနေဖြင့် သမ္မတဟောင်းဦးသိန်းစိန် လက်ထက်ကကဲ့သို့ ဥပဒေကိုပြင်ဆင်ပေးပြီး ကြား ဖြတ်ရွေးကောက် ပွဲဝင်သို့ NLD ဝင်ရောက်နိုင်သည့် အခြေအနေမျိုး ထပ်မံမပေါ်ပေါက်စေရန် ကြိုတင်တားဆီးမှု ဖြစ်သည်။
ဤသို့ဖြင့် ပြန်လည်မှတ်ပုံတင်ခြင်းမပြုသော သို့ မဟုတ် သတ်မှတ်ချက်များနှင့် မကိုက်ညီသောပါတီများဟူသည့် အကြောင်းပြချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (Union Election Commission, UEC) က နိုင်ငံ ရေးပါတီအချို့ကို ဖျက်သိမ်းခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း UEC က ကြေညာခဲ့သည်။ သို့ဖြစ်၍ စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ သည်လာမည့် ရွေးကောက်ပွဲများ၌ နိုင်ငံရေးပါတီများ လွတ်လပ်စွာဝင်ပြိုင် နိုင် ရေးနှင့် ပါတီ၏ ရပ်တည်ရေးကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲမတိုင်မီကာလတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းကို ပြဋ္ဌာန်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက် တွင်တစ်ကြိမ်၊ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက် တွင်တစ်ကြိမ် ၊ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၁ ရက် တွင်တစ်ကြိမ် စုစုပေါင်း(၃)ကြိမ်အထိ ပြင်ဆင်ခဲ့သည်။ ပြင်ဆင်မှုများသည် အမျိုးသားပြန်လည် ရင်ကြား စေ့ရေးကို ရှေ့ရှုသည့် ပြင်ဆင်မှုမျိုး မဟုတ်ပေ။ နိုင်ငံရေးပါတီများ အကျပ်အတည်းတွေ့စေမည့် ပြင်ဆင်မှုများ သာ ဖြစ်ခဲ့သည်။
ပထမအကြိမ်ပြင်ဆင်မှုတွင် “ပါတီတစ်ခုသည် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ခံရပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရသို့အပ်နှံရမည်”၊ ဒုတိယအကြိမ်ပြင်ဆင်မှုတွင် ထပ်မံဖြည့်စွက်ခဲ့သော “ရွေးကောက်ပွဲတွင် မဲ မ သမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း UEC က စစ်ဆေးတွေ့ရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက် လက် ရပ်တည်ပိုင်ခွင့်မရှိ” ဟူသောအချက်သည် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် NLD ပါတီ မပါဝင် သည့် ရွေးကောက်ပွဲအခင်းအကျင်း ဖြစ်လာစေရန် ပုံဖော်လိုက်သော ပြဋ္ဌာန်းချက် ဖြစ်သည်။ ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းရမည့် နောက်ဆုံးရက်၏ တစ်ရက်အလိုတွင် တနိုင်ငံလုံးအတိုင်းအတာနှင့် ဝင် ပြိုင်မည့်ပါတီများ အနေဖြင့် မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်ကျော်တွင် ဝင်ပြိုင်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းချက် ကို ၂၀၂၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်ကျော်အစား မဲဆန္ဒနယ် လေးပုံတစ်ပုံတွင်သာ ဝင် ပြိုင်နိုင်သည်ဟု နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြင်ဆင် ခဲ့သည်။ သို့ဖြစ်၍ စစ်ကောင်စီ၏ တင်းကျပ်လွန်းသည့် ဥပဒေပြင်ဆင်မှုများများကြောင့် USDP ပါတီတခုတည်း သာ ရွေးကောက်ပွဲဝင်နိုင်ရန် ကျန်ရှိနိုင်ရန် ကျန်ရှိစေရန် ပြင်ဆင်သည့်သဘောသာ ဖြစ်ခဲ့သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် NLD ပါတီ ပြန်လည်မှတ်ပုံမတင်သည့်ကိစ္စသည် အများပြည်သူတို့ စိတ်ဝင်စားဆုံး သတင်းတရပ်ဖြစ်ခဲ့သည်။ သို့သော်လည်း ယင်းဥပဒေသစ် ပေါ်မလာ ခင်က တည်းက ထူးခြားမှုအချို့ရှိခဲ့သည်။ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း၏ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (Union Betterment Party)သည် ယင်းဥပဒေ မထုတ်ပြန်ခင်ကပင် ပါတီဖျက်သိမ်းခဲ့သဖြင့် ဥပဒေသစ် ထွက်လာချိန်တွင် ပေါ် ပေါက်လာသော နိုင်ငံရေးအကျပ်အတည်းများကို ရှောင်လွှဲသွားနိုင်ခဲ့သည်။ မှတ်ပုံတင်ပြန် မတင်သော ပါတီများတွင် စစ်ကောင်စီကို အသိအမှတ်မပြုသည့် ပါတီများပါဝင်သကဲ့သို့ ပါတီ မှတ်ပုံတင် ဥပဒေ သစ်ကိုဆန့်ကျင်ကာ မှတ်ပုံပြန်မတင်သည့် ပါတီများလည်း ပါဝင်သည်။ ပါတီသစ်တည်ထောင်ရန် အခြား ပါတီ များနှင့် ပူးပေါင်းရန် ဖျက်သိမ်းလိုက်သော ပါတီများလည်းပါဝင်သည်။
စစ်ကောင်စီပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်၏ အနှစ်သာရကို ခြုံငုံကြည့်ပါက ၎င်း တို့၏ မဟာဗျူဟာမြောက်ရည်မှန်းချက်သည် ပြည်သူလူထုအများစု ထောက်ခံမှုကို ရရှိထားသော NLD ပါတီ အပါအဝင် အင်အားကြီး တိုင်းရင်းသားပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရေး၊ နောင်တွင် အင်အားကြီး မားသော အတိုက်အခံပါတီအသစ်များ ထပ်မံမပေါ်ပေါက်အောင် တားဆီးရေး၊ အင်အားချည့်နဲ့သော နိုင်ငံရေး ပါတီများသာ ကျန်ရှိစေခြင်းဖြင့် လာမည့်ရွေးကောက်ပွဲတိုင်းတွင် USDP ဆက်လက်ရှင်သန် အနိုင်ရရေး တို့သာ အဓိက ဖြစ်နေသည်။
၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်တစ်ရက် ဖေဖော်ဝါရီ ၂ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင် အသစ်ကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်သူမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် နာ မည်ကြီးခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး ဖြစ်သည်။ ဦးသိန်းစိုးသည် ထိုရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက် နောက်ခံပြုထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (Union Solidarity and Development Party, USDP) အပြတ်အသတ် အနိုင်ရစေရေးအတွက် နအဖ စစ်အစိုးရ၏ စနစ်တကျစီစဉ်ထားမှုကို အကောင် အထည် ပေါ်စေရန် ကြိုးပမ်းနိုင်ခဲ့သူ ဖြစ်သည်။ ယခင် စစ်အစိုးရခေတ်က စစ်ဥပဒေချုပ်၊ ဒုတိယ တရားသူကြီး ချုပ် စသည့်တာဝန်များထမ်းဆောင်ခဲ့ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၁၆ ကျောင်းဆင်း ဖြစ်သည်။ ၎င်းသည် အာ ဏာသိမ်းပြီး နောက် ၂၀၂၁ ခုနှစ် မေ ၂၁ တွင် ပြုလုပ်သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် “ဥပဒေနဲ့မညီ ကြို တင်ကြံစည် ပြီးဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို မှတ်ပုံတင် ဖျက်ပစ်ရပါမယ်။ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံတော် သစ္စာဖောက် အနေနဲ့ ကျွန်တော်တို့ အရေးယူရမယ်” ဟု သတင်းထောက်များကို စကားဦးသန်း ပြော ဆိုခဲ့သည်။
ယင်းနောက်တွင် UEC က ၂၀၂၀ ရွေးကောက်ပွဲသည် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ /နည်းဥပဒေ များနှင့် ညီညွတ်မှုမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်းနှင့်ထို ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိ ကြောင်း ၂၀၂၁ ခုနှစ် ဇွန် ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ တစ်လအကြာ ဇူလိုင် ၂၆ ရက်တွင် ၂၀၂၀ ရွေး ကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီ ညွတ်မှုမရှိသည့်အပြင် လွတ်လပ်၍ တရားမျှတမှု မရှိသောရွေးကောက်ပွဲ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည် ဟု ဆိုကာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
ဤတွင် UEC သည် ရွေးကောက်ပွဲရလဒ်တခုကို ပယ်ဖျက်ခွင့် ရှိမရှိ ဟူသည့် မေးခွန်းကို ထွက်ပေါ်စေသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉ ပါ UEC ၏ တာဝန်များတွင် ရွေးကောက်ပွဲကျင်းပခြင်း၊ ရွေးကောက်ပွဲကို ကြီး ကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲများကိုဖွဲ့စည်းခြင်းနှင့် ကြီးကြပ်ခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ မဲစာရင်းကောက်ယူခြင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်း ခြင်း၊ နိုင်ငံရေးပါတီများကို ညွှန်ကြားခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးရန် ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းခြင်းတို့သာ ပါဝင်သည်။ ရွေးကောက်ပွဲတခုလုံး၏ ရလဒ်များကို စစ်ဆေးပယ်ဖျက်ပြီး ရွေး ကောက်ပွဲအသစ် ပြန်လည်ကျင်းပခွင့်ကို ပြဋ္ဌာန်းထားခြင်း မရှိပေ။ အလားတူပင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပုဒ်မ ၁၀ ပါ ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များတွင်လည်း ရွေးကောက်ပွဲတခုလုံး၏ ရလဒ်များကို စစ်ဆေးပယ်ဖျက်ပြီး ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပခွင့်ကို ပြဋ္ဌာန်းထားခြင်း မရှိပါ။
လွှတ်တော်အဆင့်ဆင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ အခန်း (၅) တွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ် တော်ကိုယ်စားလှယ် တစ်ဦးချင်းကိုသာ ၎င်းနှင့်ယှဉ်ပြိုင်အရွေးခံသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မ ဟုတ် ထိုမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်က ကန့်ကွက်လွှာ တင်သွင်းလျှောက်ထားရမည်ဟု ပြဋ္ဌာန်း ထားသည်။ ပါတီ သို့မဟုတ် တပ်မတော် ကဲ့သို့သော အခြားအဖွဲ့ အစည်းတခုက ဝင်ရောက်စွက်ဖက် ကန့်ကွက်၍ မရပေ။ အခန်း (၅) ပါ ပြဋ္ဌာန်း ချက်များအရ အဆိုပါ ကန့်ကွက်ချက်ကို ရွေးကောက်ပွဲ ခုံအဖွဲ့ ဖွဲ့စစ်ဆေးပြီး တရား မဲ့ပြုကျင့်မှုကြောင့် ရွေးကောက်ပွဲအနိုင်ရကြောင်း ပေါ်လွင်လျှင် အဆိုပါ ရွေးကောက်တင်မြှောက်ခံရသူကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်မှု ပျက်ပြယ်ကြောင်း ကြေညာရမည်ဖြစ်သည်။
အထက်ပါ ပြဋ္ဌာန်းချက်များအရ UEC အနေဖြင့် မဲဆန္ဒနယ် တခုချင်းစီတွင် ကန့်ကွက်သူရှိမှသာ ရွေးကောက်ပွဲခုံ အဖွဲ့ ဖွဲ့စည်းစစ်ဆေးခြင်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားအဖြစ် ရွေးကောက်တင်မြှောက်မှု ပျက်ပြယ်ကြောင်း ကြေညာခြင်းတို့ကိုသာ ဆောင်ရွက်ခွင့်ရှိသည်မှာ ထင်ရှားနေပါသည်။ ထို့ကြောင့် UEC က ၂၀၂၀ ရွေးကောက်ပွဲ ရ လဒ်ပယ်ဖျက်ကြောင်း ကြေညာခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေ၊ သက် ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေသည်မှာ အထင်အရှားဖြစ်သည်။
ထို့ပြင် UEC သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် (၁၁) ရက်နေ့တွင် နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံခြားအဖွဲ့အစည်းတခုခု (သို့) ပုဂ္ဂိုလ် တစ် ဦးဦးနှင့် တွေ့ဆုံမည်ဆိုပါက UEC သို့ ကြိုတင် အကြောင်းကြားပြီး ခွင့်ပြုချက်ယူရမည် ဖြစ် ကြောင်း နိုင်ငံရေးပါတီများထံ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ကော်မရှင်ထံ ကြိုတင်အကြောင်းကြား ခွင့်ပြု ချက်ရယူခြင်း မရှိပါက ပါတီဖျက်သိမ်းခံရသည်ထိ အရေးယူနိုင်သည့်ပုဒ်မဖြင့် ငြိစွန်းနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ သည်။ အဆိုပါ ထုတ်ပြန်ချက်သည် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတကာအခြေစိုက် မီဒီယာအဖွဲ့အစည်းများ နှင့် တွေ့ဆုံလျှင်ပင် ပါတီဖျက်သိမ်းခံရနိုင်သည့် ပုဒ်မဖြင့် ငြိစွန်းနိုင်ဖွယ် အနေအထားမျိုး ဖြစ်နေသည်။
UEC သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (National Democratic Force Party, NDF) ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (Democratic Party of National Politics, DNP)၊ အမျိုးသမီးပါတီ(မွန်) နှင့် ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ (Union Farmer-Labour Force Party) စုစုပေါင်း နိုင်ငံရေးပါတီ (၄)ခု အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု ထားခြင်းကို ပယ်ဖျက်၍ ဖျက်သိမ်းခဲ့သည်။ ထို့ပြင် ရန်ကုန်ဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှ ဝင်ရောက် ယှဥ် ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အား ကိုယ်စား လှယ်လောင်း စာရင်းမှ ပယ်ဖျက်ခဲ့ပြီး ၎င်း၏ အသနားခံစာကိုလည်း ပယ်ချခဲ့သည်။
ရွေးကောက်ပွဲအပိုင်း(၂) အပြီးတွင် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး(စရခ) တာဝန်ရှိသူများက PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို သံရုံးတစ်ခုက တာဝန်ရှိသူအချို့နှင့် ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင် တဆိုင် တွင် Mask တပ်ဆင်ပြီး တရားမဝင် လျှို့ဝှက်စွာတွေ့ဆုံခဲ့သည်ဟုဆိုကာ ခေါ်ယူ စစ်ဆေးခဲ့သည်။ နောက်တရက် တွင် ပြန်လွှတ်ပေးခဲ့သော်လည်း UEC သို့ ခွင့်ပြုချက်မတောင်းခံဘဲ ပြည်ပသံရုံးတခုနှင့် တွေ့ဆုံမှုကြောင့် PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင် တို့ အား အရေးယူမည်ဟု UEC က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ခြုံငုံသုံးသပ်ပါက UEC ၏မူလတာဝန်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ အရ လွှတ်တော်များသို့ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးကြရာတွင် ကြီးကြပ်ပေးရန်နှင့် နိုင်ငံရေးပါတီများကိုလည်း ကြီးကြပ်ပေးနိုင်ရန် ဖြစ်သည်။ သို့သော် စစ်ကောင်စီသည် USDP မှလွဲ၍ အခြားနိုင်ငံ ရေးပါတီများ လွတ်လပ်စွာလှုပ်ရှားမှု မပြုနိုင်ရန် တင်းကျပ်သော ဥပဒေများဖြင့် ထိန်းချုပ်ခဲ့သည်။ UEC ကလည်း မူလ တာဝန်များထက် အဆပေါင်းများစွာ ကျော်လွန်၍ စစ်ကောင်စီအလိုကျ လိုက်ပါလုပ်ဆောင်လျက်ရှိသည်။ နိုင်ငံရေးပါတီများအပေါ် ကြီးကြပ်သည့်အဆင့်ကို ကျော်လွန်၍ အမိန့်အာဏာအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်လျက် ရှိ သည်မှာ အထင်အရှားဖြစ်သည်။
၄။ စစ်ကောင်စီအာဏာသိမ်းကာလ နိုင်ငံရေးပါတီများအခြေအနေ
စစ်ကောင်စီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးလိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်သစ်များ စတင်မည့် ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် အာဏာ သိမ်းခဲ့သည်။ ယင်းနောက်တွင်၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခဲ့သည်။ နိုင်ငံရေးပါတီ များမှတ်ပုံတင် ဥပဒေအသစ်ကို ပြဋ္ဌာန်းကာ နိုင်ငံရေးပါတီများကို တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။
စစ်ကောင်စီ၏ UEC ကလည်း သတ်မှတ်ကာလအတွင်း ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းမရှိဟုဆိုကာ နိုင်ငံ ရေးပါတီပေါင်း (၄၁) ပါတီကို ပယ်ဖျက်ခဲ့သည်။ ယင်းပါတီများတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အများစု အနိုင်ရခဲ့သော NLD နှင့် SNLD ပါတီလည်း ပါဝင်သည်။ စစ်ကောင်စီအာဏာ သိမ်းကာလ နိုင်ငံရေးပါတီ များ၏ အခြေအနေသည် မြန်မာနိုင်ငံရွေးကောက်ပွဲ သမိုင်းစဉ်တလျှောက်တွင် အဆိုးဝါးဆုံးအခြေ အနေတရပ် ဖြင့် ရင်ဆိုင်ခဲ့ရသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်အရ ပါတီအချို့က ပါတီဆက်လက်တည်ထောင်ခွင့်ပြုရန် ပြန် လည် လျှောက်ထားခဲ့သော်လည်း UEC က ငြင်းပယ်ခဲ့သည်။ ဒီမိုကရေစီပါတီ (Democratic Party)၊ ချင်းပြည်သူ့ ပါတီ (Chin People’s Party)၊ ပြည်ထောင်စုဖွံ့ဖြိုးတိုး တက်ရေးပါတီ (Union Development Party ၊ လူ့ဘောင် သစ် ပါတီ (New Society Party -NSP)၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (Zomi Congress for Democracy Party) စသည်ဖြင့် နိုင်ငံရေးပါတီအများအပြား၏ ပါတီတည်ထောင်ခွင့် ငြင်းပယ်ခံခဲ့ရသည်။ တနိုင်ငံလုံး ဝင်ပြိုင် မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (National Democratic Force, NDF) ၊ အမျိုးသားနိုင်ငံရေး ဒီမိုက ရက်တစ်ပါတီ (Democratic Party of National Politics, DNP)နှင့် အမျိုးသမီးပါတီ(မွန်) (Women Party -Mon) ပါတီ တို့ကိုလည်း သတ်မှတ်ထားသည့် ပါတီရုံးခန်း အရေအတွက်အတိုင်း မဖွင့်လှစ်နိုင်သဖြင့်ဟုဆိုကာ UEC က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက် သိမ်းခဲ့သည်။ လက်ရှိတွင် တရားဝင်နိုင်ငံရေး ပါတီများ အဖြစ် ရပ်တည်နေသော ပါတီအရေ အတွက်မှာ (၅၇) ပါတီ ဖြစ်သည်။
၅။ ရွေးကောက်ပွဲစနစ်
စစ်ကောင်စီသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် နှင့် ပြည်နယ်/ တိုင်းဒေသကြီးလွှတ်တော် သုံးရပ် အတွက် လွှတ်တော်ရွေးကောက်ပွဲဥပဒေများကို ဆဋ္ဌမအကြိမ် ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေများသည် လွှတ်တော်သုံးရပ်၏ ရွေးကောက်ပွဲစနစ်ဒီဇိုင်းနှင့် ကိုက်ညီမည့် ပြင် ဆင်မှုများစွာကို လုပ်ဆောင်ထားသည်။ အသက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံသားမိဘ နှစ်ပါးမှမွေးဖွားသည့် နိုင်ငံ သားဖြစ်သူ၊ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်၏ မဲစာရင်း၌ပါဝင်သူ၊ အခြေခံပညာ အထက်တန်းအဆင့် ပြီး မြောက်သူ၊ နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့မသင့်လျော်သည့် ပေးရန်တာဝန်များကင်းရှင်းသူ ( PPP မှ ဒေါ်သက်သက်ခိုင် ကိုယ်စား လှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရခြင်းပုဒ်မ) သာလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက် ခံပိုင်ခွင့်ရှိကြောင်း ပုဒ်မများဖြင့် ဖြည့်စွက်ပြင်ဆင်ထားသည်။
၅.၁ ။ ရွေးကောက်ပွဲစနစ် နှင့် မဲဆန္ဒနယ်မြေများ
၂၀၂၅ အထွေထွေရွေးကောက်ပွဲများ၌ ရွေးကောက်ပွဲစနစ်များကို ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံးရသူအ နိုင်ယူစနစ် (First Past the Post -FPTP) ဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော် ကို FPTP စနစ်နှင့် Proportional Representation (PR) စနစ်ဖြင့် ကျင်းပမည်ဖြစ်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသ (၆)နယ် အပါအဝင် မဲဆန္ဒနယ် စုစုပေါင်း (၁၀၁) ဆန္ဒနယ် ၊ တိုင်းဒေသကြီး / ပြည်နယ်လွှတ် တော် တွင် FPTP စနစ်ဖြင့် (၂၆၆)နယ်၊ PR စနစ်ဖြင့် (၄၂)နယ် ကျင်းပမည်ဖြစ်၍ စုစုပေါင်း (၃၀၈) မဲဆန္ဒနယ်၊ တိုင်းဒေသ ကြီးလွှတ်တော်သို့ ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် တွင် FPTP စနစ်ဖြင့် ကျင်းပ မည့် မဲဆန္ဒနယ် စုစုပေါင်း(၂၉)မဲဆန္ဒနယ် ပါဝင်သည်။
သို့သော် ဒေသအနှံ့ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အမှန်တကယ်မကျင်းပနိုင်ခဲ့ပေ။ ရွေးကောက်တင် မြှောက် ပြီးဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်စာရင်းချုပ်ကို UEC က ဖေဖော်ဝါရီ ၃ ရက်တွင် ကြေညာခဲ့ ရာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၆၃) နယ်၊ အမျိုးသားလွှတ်တော်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသ(၆)နယ် အပါအဝင် FPTP စနစ်(၇၃)နယ်နှင့် PR စနစ် (၂၆)နယ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် FPTP စနစ်(၂၅၅)နယ် နှင့် PR စနစ် ၄၂ ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင်သာ ကျင်းပနိုင်ခဲ့သည်။
ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တခုတည်းကိုသာ FPTP စနစ်ကို အသုံးပြုသည်။ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးများတွင် FPTP နှင့် PR ရောနှောအချိုးကျ ကိုယ်စားပြုစနစ် (Mixed-member proportional representation – MMP)ကို အသုံးပြုသည်။ အမျိုးသားလွှတ်တော် ဖွဲ့စည်းရန်အတွက် သက် ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများက ကိုယ်စားလှယ် ၁၂ ဦးကျစီ ရွေးကောက်တင်မြှောက်ရာတွင် (၆) ဦး ကို FPTP စနစ်ဖြင့် ရွေးကောက်တင်မြှောက်မည်ဖြစ်ကာ ကျန်(၆)ဦးကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက် သည်။ ထိုသို့ ရွေးကောက်တင်မြှောက်နိုင်ရန် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး တခုလုံးကို မဲဆန္ဒနယ် (၆)နယ် ပိုင်းခြား သတ်မှတ်ပြီး တနယ်စီမှ ကိုယ်စားလှယ်တဦးကျစီကို FPTP စနစ်ဖြင့် ရွေးကောက်တင်မြှောက် သည်။ ကျန် PR ကိုယ်စားလှယ် (၆) ဦးကို အဆိုပါ FPTP မဲဆန္ဒနယ်တွင် နိုင်ငံရေးပါတီအသီးသီးက ရရှိသော ဆန္ဒမဲများကို သတ် မှတ်ထားသော PR မဲဆန္ဒနယ်အလိုက် အချိုးကျကိုယ်စားပြုစနစ်ဖြင့် တွက်ချက်၍ ကိုယ် စားလှယ်(၆)ဦးကို ထပ်မံရွေးကောက် တင်မြှောက်သည်။ အမျိုးသားလွှတ်တော်တွင်ပါသည့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်များတွင် ပါရှိသည့် တိုင်းရင်း သားလူမျိုး မဲဆန္ဒနယ်များ အတွက်ကိုမူ ကိုယ်စားလှယ်တဦးစီသာ ရွေးကောက်တင်မြှောက်ရမည်ဖြစ် ၍ FPTP စနစ် ကို အသုံးပြုသည်။
အလားတူပင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဖွဲ့စည်းရန် အတွက် မြို့နယ်တမြို့နယ်စီက ကိုယ် စားလှယ်(၂) ဦးကျစီ ရွေးကောက်တင်မြှောက်ရာတွင်လည်း တဦးကို FPTP စနစ်ဖြင့် ရွေးကောက်တင်မြှောက်ပြီး ကျန်တဦးကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်သည်။ ထိုသို့ ရွေးကောက်တင်မြှောက်နိုင်ရန် သက်ဆိုင်ရာ မြို့နယ် တမြို့နယ်လုံးကို FPTP မဲဆန္ဒနယ်တနယ်အဖြစ် သတ်မှတ်ကာ ကိုယ်စားလှယ်တဦးကို ရွေးကောက် တင် မြှောက်သည်။ နောက်ကိုယ်စားလှယ်တဦးကို ရွေးကောက်တင်မြှောက်နိုင်ရန် နီးစပ်ရာ မြို့ နယ်များကိုပေါင်း ၍ PR မဲဆန္ဒနယ်သတ်မှတ်ပြီး သက်ဆိုင်ရာမြို့နယ်တိုင်း၌ နိုင်ငံရေးပါတီအသီးသီးကရရှိသော ဆန္ဒမဲများအပေါ် တွင် အချိုးကျစနစ်ဖြင့်တွက်ကာ ကိုယ်စားလှယ်တဦးစီကို ထပ်မံရွေးကောက်တင်မြှောက်သည်။
နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း အပါအဝင် ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၉၆၃ ဦး UEC သို့ အမည်စာရင်း တင်သွင်းခဲ့ကြသည်။ ပြည်ထောင် စုတဝန်းလုံး စည်းရုံးမည့်နိုင်ငံရေးပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး/ ပြည်နယ်တခုအတွင်း စည်းရုံးမည့်နိုင်ငံရေးပါတီ ၅၁ ပါတီနှင့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်သည်။ ယင်းကိုယ်စားလှယ်များအနက် စစ် တပ်၏ကျောထောက်နောက်ခံပါတီဖြစ်သော USDP က ကိုယ်စားလှယ်လောင်း ၁၀၁၈ ဦးဖြင့် အများဆုံးဝင် ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး၊ NUP က ၆၉၄ ဦး ၊ PPP က ၆၇၂ ဦး ၊ SNDP က ၅၈၄ ဦး၊ MFDF က ၄၂၈ ဦးနှင့် PP က ၅၁၂ ဦး တို့ဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း UEC က ထုတ်ပြန် ထားသည်။
၅.၂။ အီလက်ထရွန်နစ်မဲပေးစက် (MEVM)
မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအသီးသီး၌ အသုံးပြုခြင်း မရှိခဲ့သော မဲပေးစနစ်ကို စစ်ကောင်စီက ၂၀၂၅ ရွေးကောက်ပွဲတွင် ထုတ်သုံးလာသည်။ ယင်းမှာ ယခင်ကတံဆိပ်တုံးထု မဲပေးသည့် မဲလက်မှတ်ကို အစား ထိုး အသုံးပြုမည့် အီလက်ထရွန်နစ်မဲပေးစက် (Electronic Voting Machine – EVM) ဖြင့် မဲပေးခြင်းဖြစ်သည်။ MEVM ကို အသုံးပြု၍ ရွေးကောက်ပွဲတွင် မဲပေးဆောင်ရွက်ခြင်းဖြင့် မဲဆန္ဒရှင် ပြည်သူများ လွယ်ကူလျင်မြန်စွာ ဖြင့် သက်သောင့်သက်သာ မဲပေးနိုင်မည်ဖြစ်ပြီး မဲရလဒ်များကိုလည်း တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန် ဆန်ဆန် ရရှိနိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲမတိုင်မီက အကြိမ်ကြိမ်ဝါဒဖြန့်ချိခဲ့သည်။
သို့သော် ရွေးကောက်ပွဲကျင်းပသည့် အပိုင်း(၃)ပိုင်းစလုံးတွင် (MEVM)အချို့ မဲပေးစဉ် စက်ချို့ယွင်းမှုများ ဆက် တိုက်ဖြစ်ပေါ်ခဲ့သည်။ မဲပေးစက်ရှိ printer က စာရွက်ထုတ်ချိန်၌ စာသားမမှန်ခြင်း၊ စာရွက်မဖြတ်ခြင်း၊ မီးစိမ်း မလင်းခြင်း စသည့် error များဖြစ်သည်။ ထို့ပြင် ထိန်းချုပ်စက် အလုပ်မလုပ်ခြင်း၊ Date Time မှားခြင်းမျိုး လည်း အဖြစ်များသည်ဟုဆိုသည်။
ထို့ကြောင့် အရန်မဲပေးစက်များဖြင့် အစားထိုးလဲလှယ်အသုံးပြုခဲ့ရသည်။ နေပြည်တော်တွင် မဲပေးစက်မလုံ လောက်သဖြင့် အချိန်ကြန့်ကြာမှုများ ရှိခဲ့သည်။ ရွေးကောက်ပွဲ အပိုင်း(၁)တွင် စစ်တွေ၊ ဟင်္သာတ၊ ရန်ကုန်နှင့် ထားဝယ်မြို့များရှိ မဲရုံများတွင် မဲပေးစက်ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ပဲခူးမြို့နယ် တခုတည်း တွင် မဲပေးစက် ပျက်စီးချို့ယွင်းခဲ့သည့် မဲရုံ ၂၁ ခု အထိရှိခဲ့သည်။
ရွေးကောက်ပွဲ အပိုင်း(၂)အတွင်း ဝါးခယ်မ ၊ မောက်မယ်မြို့နယ်၊ ကွမ်းခြံကုန်းနှင့်ကော့မှူးမြို့နယ်တို့တွင် မဲပေးစက် ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်သူ့ပါတီ(PP) ကိုယ်စားလှယ် လောင်း ဦးကျော်ကျော်ထွေးက “ကော့မှူးက မဲရုံတစ်ခုရဲ့ မဲပေးစက်က ၁၂ ခါနှိပ်ရင် ၆ ခါက ပါတီကြီးတစ်ခု တည်း ပဲကျတယ်။ ကွမ်းခြံကုန်းမှာက ပြည်သူ့ပါတီရဲ့မဲပေးစက်ခလုတ်က ပျက်နေတယ်။ ဒါကိုသတိထားမိတဲ့သူက ပြောမှ စက်ချို့ယွင်းနေတာပါလို့ ပြောတယ်”ဟု ပြောဆိုခဲ့သည်။
၆။ ရွေးကောက်ပွဲ အကြိုကာလ နိုင်ငံရေးပါတီများအခြေအနေ
စစ်ကောင်စီကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲအကြိုကာလသည် တရားဝင်နိုင်ငံရေးပါတီများအတွက် အကျပ်အ တည်းများနှင့် စိန်ခေါ်မှုအများအပြား ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံရေးပါတီစုစုပေါင်း ၆၃ ခု ပြန်လည် မှတ်ပုံတင်ကြ သည်။ တရားဝင်နိုင်ငံရေးပါတီ ၅၇ ရှင်သန်ရပ်တည်နေသော်လည်း အများစုသည် အခက်အခဲအကျပ် တည်း များစွာဖြင့် ရုန်းကန်နေရဆဲဖြစ်သည်။
အဓိကအကြောင်းရင်းများမှာ တနိုင်ငံလုံး စည်းရုံးမည့်ပါတီများ၏ ပါတီဝင်ဦးရေကို ယခင်ဥပဒေဟောင်းတွင် တနိုင်ငံလုံး စည်းရုံးမည့် ပါတီများ၏ ပါတီဝင်အင်အားသည် တစ်ထောင်သာ သတ်မှတ်ထားသော်လည်း ဥပဒေ သစ်တွင် အဆပေါင်း ၁၀၀ တိုးမြှင့်ကာ ပါတီဝင်ဦးရေကို တစ်သိန်း အထိ သတ်မှတ်ခဲ့သည်။ ထို့ပြင် ပါတီဝင်ဦးရေ တစ်သိန်းကို ရက်ပေါင်း ၉၀ အတွင်း စည်း ရုံးရမည်ဖြစ်သည်။ မှတ်ပုံတင်သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း အဖွဲ့ဝင် တစ်သိန်း စုဆောင်းရမည်၊ ခြောက်လအတွင်း နိုင်ငံ၏မြို့နယ်ပေါင်း ၃၃၀ အနက် အနည်းဆုံး ထက်ဝက် တွင် ရုံးခန်းများ ဖွင့်လှစ်ရမည်ဖြစ်ပြီး မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ နိုင်ငံရေးပါတီများ အနေဖြင့်ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ် ပါတီဝင် အင် အားကို UEC ထံ မတင်ပြနိုင်ပါက ပါတီမှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခံရမည်ဖြစ်သည်။
ယင်းကန့်သတ်ချက်များသည် ရွေးကောက်ပွဲ၌ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ပြိုင်မည့် ပါတီများအတွက် တို တောင်းလွန်းသည့် ကာလသတ်မှတ်ချက်ဖြစ်သည်။ နောက်ပိုင်းတွင် ပြင်ဆင်သည့်ဥပဒေများဖြင့် ပြဋ္ဌာန်းချက် အချို့ကို လျှော့ပေါ့ပေးခဲ့သော်လည်း နိုင်ငံတဝန်းဖြစ်ပွားနေသော စစ်ကောင်စီ ဆန့်ကျင်ရေးတိုက်ပွဲများ၊ နယ်မြေ မလုံခြုံမှုများ၊ နေရပ်စွန့်ခွာသူများပြားနေမှု နှင့် နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းသွားလာမှု တို့ကြောင့် နိုင်ငံရေးပါတီ အများအပြားသည် ပြည်ထောင်စုအဆင့်တွင် ယှဉ်ပြိုင်ရန် လက်လျှော့ခဲ့ကြရသည်။ မိမိတို့၏ ပြည်နယ်နှင့် တိုင်း ဒေသ ကြီး များ၌ ယှဉ်ပြိုင်နိုင်ရေးကိုသာ ခက်ခက်ခဲခဲ ကြိုးပမ်းနေကြရသည်။
လက်ရှိတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေ ၃ ဒသမ ၆ သန်းခန့် ရှိနေသည်။ ရှမ်းပြည်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အစရှိသည့် တိုင်း နှင့် ပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်။ ထို့ပြင် စစ်ကောင်စီသည် တိုင်းနှင့် ပြည် နယ် ၉ ခုမှ မြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထိုသို့သော အခြေအနေတွင် နိုင်ငံရေး ပါတီများအနေဖြင့် လွတ်လပ်စွာပါတီစည်းရုံးရေးဆင်းနိုင်ရန်၊ ပါတီရုံးခန်းဖွင့်နိုင်ရန်အတွက် ကြီးမားသည့် အခက် အခဲများ ကြုံခဲ့သည်။ သို့ဖြစ်၍ နိုင်ငံရေးပါတီအများအပြားသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ပြိုင်ရန် ဖြစ်နိုင် ချေ မရှိတော့သဖြင့် ပါတီကြီး ၆ ခုမှလွဲ၍ ကျန်ပါတီများမှာ ပြည်နယ်နှင့် တိုင်းဒေသများတွင်သာ ယှဉ်ပြိုင် ရတော့ သည်။
တနိုင်ငံလုံး ဝင်ပြိုင်ရန် ကြေညာထားသော ပါတီ ၆ ခုအနက် USDP မှလွဲ၍ ကျန်သည့်ပါတီများ သည် ၂၀၂၀ ရွေး ကောက်ပွဲတွင် တနေရာမှ အနိုင်မရခဲ့သည့် ပါတီများ ဖြစ်သည်။ ယင်းပါတီ ၆ ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ ဖြိုးရေးပါတီ (Union Solidarity and Development Party-USDP)၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ (National Unity Party – NUP ) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party -PPP) ၊ မြန်မာနိုင်ငံတောင် သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (Myanmar Farmers Development Party -MFDP) ၊ ရှမ်းနှင့်တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ( Shan & Nationalities Democratic Party – SNDP ) နှင့် ပြည်သူ့ပါတီ (People’s Party – PP) တို့ဖြစ်သည်။ သို့သော် ယင်းပါတီများအနက် အချို့မှာ ဒေသတွင်းစစ်ပွဲများ ကြောင့် ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပါတီရုံးခန်းများဖွင့်လှစ်နိုင်ခြင်း မရှိပေ ။
၇။ ရွေးကောက်ပွဲအား အနှောက်အယှက်မပြုနိုင်ရေးအတွက် ဥပဒေဖြင့် ကြိုတင်ကာကွယ်မှုများ
စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)” ကို ဖျက်သိမ်း၍ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်- State Security and Peace Commission- SSPC) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုသို့ မပြောင်းလဲခင်တစ်ရက်အလို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ပြဋ္ဌာန်း ခဲ့သော ဆိုက်ဘာလုံခြုံရေးဥပဒေ (Cybersecurity Law) ဇူလိုင် ၃၀ ရက်တွင် အာဏာတည်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းဥပဒေသည် VPN (Virtual Private Networks) များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းကို တားမြစ်ထားသည်။ ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေးဥပဒေ (Telecommunications Law) နှင့် အီ လက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (Electronic Transactions Law) ကဲ့သို့သော ရှိနှင့်ပြီးသား အင် တာနက်ဆိုင်ရာ ဖိနှိပ်ရေးဥပဒေများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။
ထို့ပြင် NLD အစိုးရလက်ထက်၂၀၁၇ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သော “နိုင် ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုများကိုကာကွယ်ပေးရေးဥပဒေ”(Protection of Personal Liberty and Personal Security of Citizens Law)ပါ ပုဒ်မ ၅၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါ ပြဋ္ဌာန်း ချက်များကို ရပ်ဆိုင်းခဲ့သည်။ ယင်းဥပဒေ၏ ပုဒ်မ ၅ သည် နိုင်ငံသားတစ်ဦး၏ အိမ်အတွင်း ဝင်ရောက်ရှာဖွေခြင်း နှင့် ဖမ်းဆီးမှုကိုလုပ်ဆောင်ပါက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက တာဝန်ရှိသူ အနည်းဆုံးနှစ်ဦး သက် သေ အဖြစ်လိုက်ပါရန် လိုအပ်သည်။ ပုဒ်မ ၇ သည် တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံသားတဦးကို ၂၄ နာရီ ထက်ကျော် ပြီး ဖမ်းဆီးထားခွင့် မရှိပေ။ ပုဒ်မ ၈ သည် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက်ဖြင့် ဝရမ်းများ မပါရှိဘဲ နိုင်ငံသားတဦး၏ အိမ်ထဲဝင်ရောက်ပြီး ပစ္စည်းရှာဖွေသိမ်းဆည်းခြင်းနှင့် လူကိုဖမ်းဆီးခြင်း များ မလုပ်ဆောင်နိုင်ရန် တားမြစ်ထားသည်။ ဤအခင်းအကျင်းသည် ၎င်းတို့ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲ အား အနှောက်အယှက်မပြု နိုင်ရေးအတွက် ဥပဒေဖြင့် ကြိုတင်ကာကွယ်မှုများ ဖြစ်သည်။
သို့သော် စစ်ကောင်စီသည် ၎င်းတို့ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဤအခင်းအကျင်းဖြင့် မကျေနပ်နိုင်သေးပေ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ် ဝေဖန်ပြောဆိုမှုများကိုပင် သီးမခံနိုင်သော စစ်ကောင် စီသည် ပြင်းထန်သော ပြစ်ဒဏ်များပါဝင်သည့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့် ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” (Law on the Protection of Multiparty Democratic General Elections from Obstruction, Disruption, and Destruction) ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ပြန်သည်။
အဆိုပါဥပဒေအရ ရွေးကောက်ပွဲအပေါ် သာမန်ဝေဖန်မှုမျိုးကိုပင် ပြင်းထန်သော ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ် နိုင်သည်။ ပြစ်မှုတရပ်ရပ် ကျူးလွန်ရာတွင် တဦးတယောက်ကို သေဆုံးမှုဖြစ်စေပါက ပါဝင်သူအားလုံးကို သေဒဏ် ချမှတ်မည်ဟု ပြဋ္ဌာန်းထားသည်။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ပျက်ပြားစေရန် ဟောပြော ခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၇ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။ လူစုလူဝေးဖြင့် ကျူးလွန်ပါက ထောင်ဒဏ် အ နည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်ခံရမည်။ မဲဆန္ဒရှင် ၊ မဲရုံမှူး ၊ ရွေးကောက် ပွဲကော်မ ရှင်အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်လောင်းများ၏ တာဝန်ဝတ္တရားနှင့် မဲဆွယ်စည်းရုံးမှုများကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ နာကျင်စေခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး နှစ် ၂၀ အထိ ချမှတ်ခံရ မည်ဖြစ်သည်။ လူစုလူဝေးဖြင့် ကျူးလွန်ပါက ထောင်ဒဏ်အနည်းဆုံး ၅ နှစ်မှ ထောင်ဒဏ် တသက်အထိ ချမှတ်ခံရ မည်ဖြစ်သည်။ ထို့ပြင် မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ ရွေးကောက်ပွဲ ကော်မရှင်ရုံး သို့မဟုတ် မဲရုံအဆောက်အအုံများကို ဖျက်ဆီးခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေပါကလည်း ထောင်ဒဏ် အနည်း ဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အပြင် ငွေဒဏ်ချမှတ်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံကျင်းပခဲ့သော ရွေးကောက်ပွဲများ အစဉ်အဆက်တွင် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများ ဖြစ်လာစေရေးအတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို အတိုင်းအတာတစ်ခုအထိ ခွင့်ပြုထားခဲ့သည်။ ပြ ဋ္ဌာန်းခဲ့ပြီးသော ရွေးကောက်ပွဲဆိုင်ရာဥပဒေများအားလုံးတွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ တည်ဆဲဥပဒေများဖြစ်သော လွှတ်တော်အဆင့်ဆင့် ရွေးကောက်ပွဲ ဥပဒေ အသီးသီး တွင်လည်း ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းဖော်ပြထားသည်။ သို့သော် စစ်ကောင်စီ၏ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေ” တွင် တည်ဆဲဥပဒေတစ်ခုခုတွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေနှင့် သက်ဆိုင်သည့် ပြစ်မှုတစ် ရပ်ရပ်ကို ကျူးလွန်လျှင် ဤဥပဒေဖြင့်သာ အရေးယူရမည်ဟုဖော်ပြထားသည်။
ရွေးကောက် ပွဲနှင့်စပ်လျဉ်းသည့် အကြောင်းတရာတစ်ခုခုအပေါ် ပြည်တွင်းနေသူတစ်ဦးဦးက လူမှုကွန်ရက်ပေါ်၌ Like ၊ Love react ပေးသည်ကိုပင် ယင်းဥပဒေဖြင့် ဖမ်းဆီး၊တရားစွဲကာ ထောင်ဒဏ်ချမှတ်လျက်ရှိသည်။ လက်ရှိ တွင် ဇူလိုင်လ မှ ၂၀၂၆ ခုနှစ်ဇန်နဝါရီ ၁၉ ရက်အထိ ၄၀၄ ဦးကိုဖမ်းဆီးခံထားရပြီး အချို့ကို အနည်းဆုံး ထောင် ဒဏ် ၃ နှစ်မှ ၇ နှစ် အထိ ချမှတ်ထားသည်။
၈။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု
ရွေးကောက်ပွဲစောင့်ကြည့်ခြင်းသည် လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိကို အဓိကလေ့လာစောင့်ကြည့်ခြင်းဖြစ်ရာ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နှင့်နိုင်ငံတကာစံနှုန်းများအပေါ် အခြေခံပြီး ရွေးကောက်ပွဲလုပ်ငန်း စဉ်တစ်ခုလုံး၏ အပြုအမူကို အခြေခံကျကျ ခန့်မှန်းခြင်းဖြစ်သည်။ ရွေးကောက်ပွဲလေ့လာခြင်းသည် ရွေးကောက် ပွဲ ကျင်းပသည့်နေ့၏ လုပ်ငန်းစဉ်များတခုတည်းကို ကြည့်ရှုခြင်းထက် ရွေးကောက်ပွဲလုပ်ငန်းစဉ် ကာလ တ လျှောက်လုံးကို စောင့်ကြည့်ခြင်းဖြစ်သည်။ သို့သော် စစ်အုပ်စု၏ ၂၀၂၅ ရွေးကောက်ပွဲသည် လွတ်လပ်စွာ သတင်း ရယူခွင့်ကို တင်းကျပ်စွာချုပ်ကိုင်ထားသည်။ ၎င်းတို့နှင့် ဆက်ဆံရေးထူထောင်ထားသည့် နိုင်ငံအနည်းငယ်မှ ကိုယ် စားလှယ်များကိုသာ ဖိတ်ကြား၍ လေ့လာစောင့်ကြည့်စေခြင်း၊ နိုင်ငံတကာမှ လွတ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့အစည်းများကို ခွင့်မပြုခြင်း သို့မဟုတ် ပူးပေါင်းပါဝင်မှု မရှိခြင်းတို့သည်လည်း စစ်အုပ်စု အနေဖြ့င် ၎င်းတို့၏ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိကို မှတ်ကျောက်တင် မခံနိုင်ကြောင်း သိသာထင်ရှားသည့် အချက်ဖြစ်သည် ။
ဒီဇင်ဘာ ၂၈ ရက်ရွေးကောက်ပွဲ အပိုင်း(၁)သို့ ရုရှား ၊ တရုတ်၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ နီကာ ရာဂွာ ၊ အိန္ဒိယနိုင်ငံ တို့မှ စောင့်ကြည့် လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့ကြသည်ဟု စစ်ကော်မရှင် ဝါဒဖြန့်ချိရေး မီဒီယာများတွင် ဖော်ပြခဲ့သည်။ ယင်းအဖွဲ့များအနက် အိန္ဒိယနိုင်ငံမှ အငြိမ်းစားဗိုလ် ချုပ် Mr. Sahni Arun Kumar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်သည်ဟု စစ်ကော်မရှင်က ဖော်ပြခဲ့ သည်။ သို့ရာတွင် အိန္ဒိယ အစိုးရအနေဖြင့် ရွေးကောက်ပွဲလေ့လာရန် တရားဝင်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ထား ခြင်းမရှိဘဲ သတင်းတွင် အမည်တပ်ခံရသူများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအရ ပါဝင်ဆောင်ရွက်ခြင်းသာ ဖြစ် ကြောင်း အိန္ဒိယအစိုးရ သတင်းရင်း မြစ်များက The Wire သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဆာနီ ကလည်း သူနှင့်အတူ နောက်ထပ်အိန္ဒိယ ကိုယ်စားလှယ်တဦးဖြစ်သည့် မဟာဗျူဟာရေးရာ ဝေဖန်သုံးသပ်သူ အာတူးလ် အာနေးဂျာ တို့သည် စစ်အုပ်စု၏ “ရွေးကောက်ပွဲကော်မရှင်၏ ဖိတ်ကြားချက်အရ” နေပြည်တော်သို့ ရောက်ရှိနေ ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။
၂၀၂၆ ဇန်နဝါရီ ၂၅ ရက် ရွေးကောက်ပွဲ အပိုင်း(၃) သို့ ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ နီဂါဂွာရာ ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ စသည့်နိုင်ငံများနှင့် International Conference of Asian Political Parties (ICAPP) တို့မှ စောင့်ကြည့်လေ့လာရေး ကိုယ်စားလှယ်အဖွဲ့များ လာရောက်ခဲ့ကြသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲသို့ လာရောက် စောင့် ကြည့်သည့် နိုင်ငံများကိုဆန်းစစ်ကြည့်ပါ နိုင်ငံအများစုသည် ပြိုင်ဘက် အတိုက်အခံများကို ဖိနှိပ်ပြီး အာ ဏာကိုလက်ဝါးကြီးအုပ်ထားသောနိုင်ငံ ၊ တစ်ပါတီစနစ်ကိုသာကျင့်သုံးသည့်နိုင်ငံများ ဖြစ်နေသည်ကို တွေ့ရှိရ မည် ဖြစ်သည် ။
၉။ ရွေးကောက်ပွဲနေ့ အခြေအနေများ
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ပထမပိုင်းသည် မဲပေးသူဦးရေနည်းပါးကြောင်းနှင့် အကြောက်တရားလွှမ်းမိုးမှု ရှိနေကြောင်း ပြည်တွင်း ၊ ပြည်ပသတင်းများက ဖော်ပြခဲ့ကြသည်။ နိုင်ငံတွင်းသို့ ဝင်ရောက်ကာ ရွေးကောက်ပွဲ သတင်း ယူခွင့်ရခဲ့သော The News York Times ၊ ဩစတေးလျအခြေစိုက် ABC News ၊ CNN သတင်းဌာနနှင့် The Strait Times နိုင်ငံတကာသတင်းဌာနများက ဒီဇင်ဘာ၂၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ အပိုင်း(၁) သည် NLD အနိုင်ရခဲ့သော ၂၀၁၅ နှင့်၂၀၂၀ ရွေးကောက် ပွဲများနှင့် ကွဲပြားခြားနားနေသည်၊ မဲလာပေးသူများတွင် အကြောက် တရား လွှမ်းမိုးမှု ရှိနေသည်ကို မြင်တွေ့ရသည်၊ ၂၀၂၀ တွင် အနိုင်ရရှိခဲ့သ။
သို့ရာတွင် စစ်ကော်မရှင်၏ရွေးကောက်ပွဲကို ထောက်ခံသည့်အတွက် မဲရုံသို့ လာရောက်သူများရှိ သကဲ့သို့ မလွန် ဆန်နိုင်သော ဖိအားများကြောင့် မဲရုံသို့ရောက်လာကြသူများလည်း ရှိသည်။ အထူးသဖြင့် မိသားစုအတွင်း စစ်မှု ထမ်းဥပဒေ နှင့်အကျုံးဝင်သူ ရှိနေသည့်အတွက် မဲမထည့်ပါက ပြဿနာရှာမည်ကို စိုးရိမ်ပူပန်နေမှု၊ ဧည့်စာရင်း နှင့် နေထိုင်သော အိမ်ထောင် စုများအနေဖြင့် မဲမပေးပါက ဧည့်စာရင်းတိုင်ခွင့်မပြုဟူသောခြိမ်းခြောက်မှု စသည် ဖြင့် ပုံစံအမျိုးမျိုးဖြင့် အကျပ်အတည်းတွေ့နေရသူများသာ မဲထည့်ကြသည်ကို တွေ့ရသည်။
၉.၁။ ရွေးကောက်ပွဲနေ့ မဲပေးမှု
မြန်မာနိုင်ငံ၏ ပုံမှန်ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူ ဦးရေ၏ ရာခိုင်နှုန်းမည်မျှ လာရောက်မဲပေး ရမည်ဟု အ တိအကျ သတ်မှတ်ထားခြင်း မရှိပေ။ သို့သော်လည်း နိုင်ငံတကာစံနှုန်းများတွင် မဲပေးသူ ဦးရေ ၅၀ ရာခိုင်နှုန်း ကျော်မှသာ လူထုကိုယ်စားပြုမှုကို အတည်ပြုသည်ဟူသော ကန့်သတ်ချက်မျိုး ရှိတတ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဩ ဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သော စစ်ကော်မရှင်အစည်းအဝေး၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဟု သတ်မှတ်ပြဋ္ဌာန်း ထားခြင်းမရှိကြောင်း၊ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါစကားရပ်နှင့် ဆက်စပ်၍ စစ်ကော်မရှင်ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒီဇင်ဘာလ ၂၈ ရက်နေ့က မြို့နယ် ၁၀၂ မြို့နယ်တွင် ရွေးကောက်ပွဲပထမပိုင်း ကျင်းပခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူ ၁၁ သန်းကျော်ရှိ တွင် မဲပေးခဲ့သူ ခြောက်သန်းကျော်ရှိကာ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း မဲပေးခဲ့သဖြင့် အောင်မြင်သည့် ရွေးကောက်ပွဲ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်း၏ပြောဆိုမှုသည် မြို့နယ်အလိုက် အသေးစိတ်အချက်အလက်များကို ထုတ်ပြန် ခြင်း မရှိသေးသည့်အချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် မဇ္ဈိမစုံစမ်းဖော်ထုတ်ခြင်းအစီအစဉ် ၏ ရွေးကောက်ပွဲပထမပိုင်းကျင်းပရာ မြို့နယ် ၁၀၂ ခုလုံး၏ ကိန်း ဂဏန်းများကို ဒေသခံများ၏ ပြောကြားချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့မှုတွင် UEC က အချက်အလက်များကို တင်း ကျပ်စွာ ချုပ်ကိုင်ထားသည်ဟု ထောက်ပြထားသည်။ ဒေသန္တရကော်မရှင်အချို့က အချက်အလက်ပေးရန် ငြင်းဆိုခြင်း သို့မဟုတ် ဗဟို သို့သာလွှဲချခြင်းများ ပြုလုပ်သည်။ မြို့အများစုတွင် မဲပေးသူဦးရေ သိသိသာသာ နည်းပါးနေပြီး ထုတ်ပြန်ချက်များ မှာ ကွဲလွဲမှုများစွာ ရှိနေသည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီ ထိန်းချုပ်မှု အားအကောင်းဆုံးဒေသ ဖြစ်သော နေပြည်တော်၊ စစ်တပ်အားကောင်းသောမြို့များနှင့် USDP ပါတီအမာခံဒေသများတွင် ပျမ်းမျှအားဖြင့် မဲပေးမှု ၆၆ ရာခိုင်နှုန်းဝန်းကျင် ရှိသော်လည်း အများစုဖြစ် သော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်မူ အများဆုံး မဲပေးမှု ၄၇ ရာခိုင်နှုန်းကျော်မှ ၃၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသည် ကိုတွေ့ရသည်။ ထူးခြားချက်များအဖြစ် ချင်းပြည်နယ်တွင် ရရှိထားသမျှစာရင်းအရ ပျမ်းမျှ ၂၂ ဒသမ ၁၈ ရာခိုင် နှုန်းသာ ရှိပြီး တီးတိန်မြို့နယ်တွင် ၁၀ ဒသမ ၃၁ ရာခိုင်နှုန်းသာ မဲပေးခဲ့သည်။ ရန်ကုန်တိုင်းတွင် မြို့နယ် ၁၂ ခု၌ ကျင်းပခဲ့သော်လည်း အလုံမြို့နယ်တွင် ၃၀ ဒသမ ၆၃ ရာခိုင်နှုန်းသာရှိပြီး ကျန်မြို့နယ်များတွင်လည်း ၃၀ ရာခိုင် နှုန်းဝန်းကျင်သာ မဲပေးမှုရှိနိုင်ကြောင်း ခန့်မှန်းရသည်။ တီးတိန်တွင် မဲပေးသူ ၃,၉၈၀ ဦးသာ ရှိသော်လည်း ခိုင်လုံမဲ မှာ ၄,၂၃၅ ဖြစ်နေသဖြင့် ခိုင်လုံမဲက မဲပေးသူ ထက် ၂၅၅ မဲ ပိုများနေသည့် ကွဲလွဲမှုတွေ့ရသည်။ ထို့ကြောင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ပထမပိုင်းသည် နေပြည်တော်နှင့် စစ်တပ်စခန်းများရှိရာ ဒေသများတွင်သာ ကိန်းဂဏန်း မြင့်မားနေသည်ကို တွေ့ရသည်။ သို့သော် မြေပြင်တွင် မဲပေးသူဦးရေနှင့် ခိုင်လုံမဲအရေအတွက် မကိုက်ညီခြင်း၊ အချက်အလက်များ ထိန်ချန်ထားခြင်းနှင့် သတင်းဌာနများ၏ စုံစမ်းမှုအရ ကွဲလွဲချက်များစွာ ရှိနေ ခြင်းကြောင့် ဤရွေး ကောက်ပွဲရလဒ်များမှာ အငြင်းပွားဖွယ်ရာများ ဖြစ်နေပါသည်။
သို့ဖြစ်၍ ပထမပိုင်း ရွေးကောက်ပွဲနေ့တွင် လာရောက်မဲပေးကြသူများမှာ ပျှမ်းမျှအားဖြင့် ၄၀ ရာခိုင်နှုန်းဝန်းကျင် ထက်မပိုဟု မှတ်ယူနိုင်မည် ဖြစ်သည်။ ရွေးကောက်ပွဲကိုယ်စားလှယ် လောင်းတဦး က မဲပေးသူ ၅၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းအထိ ရှိမည်ဟု ခန့်မှန်းထား သော်လည်း အမှန်တကယ် မဲလာပေးသူမှာ ၄၀ ရာခိုင်နှုန်းခန့်သာ ရှိသည် ဟု ဆိုသည်။ Data for Myanmar ကမူ စစ်အုပ်စု၏ ရွေးကောက်ပွဲအပိုင်း(၁)တွင် မဲပေးသူ ၅၂ ဒသမ ၁၃ ရာခိုင် နှုန်း ရှိသည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၂၆ ရက်တွင် သတင်းမီဒီ ယာများ၏ မေးမြန်းမှုအပေါ် ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲ အပိုင်းသုံးပိုင်းလုံးတွင် စုစုပေါင်းဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒ ရှင်၂၄ ဒသမ ၂၂ သန်းကျော်ရှိကြောင်း၊ ရွေးကောက်ပွဲအပိုင်း (၁) တွင် ၁၁ ဒသမ ၆၉ သန်းကျော်ရှိပြီး လာရောက် ဆန္ဒ မဲပေးသူ ၆ ဒသမ ၀၉ သန်း ကျော်ရှိကာ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အပိုင်း(၂)တွင် မဲပေးခွင့်ရှိသူ ၇ ဒသ မ ၅၉ သန်းကျော်ရှိပြီး ၄ ဒသ မ ၂၄ သန်းကျော်မဲလာပေးသဖြင့် မဲပေးသည့် ရာခိုင်နှုန်း ၅၅ ဒသမ ၉၅ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အပိုင်း(၃)တွင် မဲပေးခွင့်ရှိသူ ၄ ဒသမ ၉၄ သန်းကျော်ဖြစ်ပြီး ၂ ဒသမ ၇၉ သန်းကျော် မဲပေးခဲ့ကာ မဲ ပေးသည့်ရာခိုင်နှုန်း ၅၆ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်ကြောင်း ထည့်သွင်း ဖြေကြားထား သည်။
၉.၂ ။ ရွေးကောက်ပွဲနေ့ ပစ်မှတ်ထား တိုက်ခိုက်မှုများ
စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချသည့် အတုအယောင် ရွေး ကောက်ပွဲသာဖြစ်ကြောင်း စစ်အုပ်စုကို ဆန့်ကျင်နေသော ဒီမိုကရေစီအင်အားစုများ၊ လက်နက်ကိုင်တိုက်ပွဲဝင်နေ သော အင်အားစုများနှင့် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးက ရွေးကောက်ပွဲမတိုင်မီကာလများစွာကပင် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။ ရွေးကောက်ပွဲ ကျင်းပသည့်နေ့များတွင်လည်း ပစ်မှတ်ထားတိုက်ခိုက်မှုများ အများအပြား ဖြစ်ပေါ်ခဲ့သည်။ ရွေးကောက်ပွဲနေ့များ၌ တိုက်ခိုက်မှုများကိုလည်း သတင်းမီဒီယာအသီးသီးနှင့် လက်နက်ကိုင် အင်အားစု အသီးသီးက သတင်းများထုတ်ပြန်ခဲ့ကြသည် ။
ရွေးကောက်ပွဲ(၃)ပိုင်းစလုံး အပြီး၌ ထုတ်ပြန်ခဲ့သော စစ်ကော်မရှင်၏ ထုတ်ပြန်ချက် တွင် မြို့နယ်ပေါင်း ၄၁ မြို့ နယ်၌ အများပြည်သူဆိုင်ရာ နေရာများ၌ ဝါဒဖြန့်စာစောင်များဖြန့်ဝေခြင်း၊ ကပ်ထားခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ လှုံ့ဆော်စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း၊ မဲမပေးရန်လှုံ့ဆော်အော်ဟစ်ပြောဆိုခြင်း/ ဆဲဆိုခြင်း၊ မဲမ ပေးရန်လှုံ့ဆော်သည့် Sound Box/ Speaker များဖွင့်ခြင်း၊ အသိပညာပေးဆိုင်းဘုတ်၊ ပိုစတာများအား ရိုက်ချိုး ခြင်း၊ လှဲချခြင်း၊ မီးရှို့ခြင်းများ ၂၃ ကြိမ်အထိ ပြလုပ်ခဲ့ကြောင်း၊ မဲရုံလုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ် တိုက် ခိုက်ခြင်း ၄ ကြိမ်၊ Drop Bomb ချ တိုက်ခိုက်ခြင်း ၆ ကြိမ်၊ လက်လုပ်အသံမိုင်းခွဲနှောင့်ယှက်ခြင်း ၂ ကြိမ်၊ လက်ပစ် ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း ၆ ကြိမ်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ၃ ကြိမ်၊ ရွေး ကောက်ပွဲဆိုင်ရာ အစိုးရဝန်ထမ်းများ၊ ရွေးကောက်ခံပါတီအဖွဲ့ဝင်များအား လက်နက်ကိုင်ခြိမ်းခြောက်ခြင်း ၃ ကြိမ်၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ၆ ကြိမ်၊ စုစုပေါင်း ၅၄ ကြိမ် နှောင့်ယှက်ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုများကြောင့် ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး တခြားဝန်ထမ်း ၂ ဦးနဲ့ အရပ်သား ၇ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ ကြောင်း ဖော်ပြထားသည်။
၉.၃ ။ ကြိုတင်မဲပြဿနာ
၂၀၂၀ ရွေးကောက်ပွဲကျင်းပစဉ်က ကိုဗစ်ကပ်ရောဂါကာလဖြစ်သည့်တိုင် ပြည်ပရောက် မြန်မာနိုင်ငံသားများ အ နေဖြင့် သံရုံးအသီးသီး၌ တိုးဝှေ့တန်းစီကာ ကြိုတင်မဲပေးခဲ့ကြသည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ စာရင်း ကောက် ယူနိုင်ခဲ့သော အိမ်ထောင်စုများအပေါ် အခြေခံ၍ ပြည်ပတွင် နေထိုင်သူ မြန်မာနိုင်ငံသား ၁ ဒသမ ၁၂ သန်းကျော်ရှိသည်။ ထိုင်းနိုင်ငံသည် ၆၉ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံသား လူငယ် များအနေဖြင့် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပြဿနာနှင့် စစ်မှုထမ်း ဥပဒေကြောင့် အိမ်းနီးချင်းထိုင်းနိုင်ငံကို တရားဝင်ရော တရားမဝင်ပါ အများအပြား ရွှေ့ပြောင်းဝင်ရောက် နေကြသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ၅ သန်းခန့် ရှိနိုင် ကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ ခန့်မှန်းထားသည်။
စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေး နိုင်ရန် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး စုစုပေါင်း ရုံး ၅၀ ၌ သတ်မှတ်ရက်အလိုက် မဲရုံများဖွင့်လှစ်ကာ ကြိုတင်ဆန္ဒမဲပေးရန် စီစဉ်ခဲ့သည်။ ဒီဇင်ဘာ ၂၈ ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ကြိုတင်မဲပေးကြရန် စစ်ကော်မရှင်၏ သံရုံးအသီးသီးက ဆော်ဩခဲ့ကြသည်။ သို့သော်လည်း ယခင် ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက မဲလာပေးသူ မရှိသလောက် နည်းပါးခဲ့သည်။ ကြိုတင်မဲပေးသူ အနည်းစုသည် လည်း သံရုံးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များသာဖြစ်ကြောင် ထိုင်း၊ ကိုရီးယားနှင့်ဂျပန်ရောက် မြန်မာ များက ပြောဆိုကြသည်။ ဘန်ကောက်ရှိ မြန်မာသံရုံးနှင့် နီးစပ်သူတဦးက ကြိုတင်မဲပေးရန် ပုံစံဖောင်တောင်းသူ တထောင်ကျော်ခန့်ရှိခဲ့ပြီး အမှန်တကယ်မဲပေးသူ အရပ်သားဦးရေ ၁၀၀ ကျော်သာရှိခဲ့သည်။ ဝန်ထမ်းများနှင့် ပညာတော်သင်များ အားလုံးပေါင်း ၁၀၀ ကျော်မဲပေးသဖြင့် ကြိုတင်မဲပေးသူ စုစုပေါင်း ၂၇၀ ကျော်သာရှိခဲ့သည်။
ပြည်ပကြိုတင်မဲပေးမှု အလွန်နည်းပါးနေချိန်တွင် ပြည်တွင်းရွေးကောက်ပွဲ (၃)ပိုင်းစလုံးတွင် ဝေဖန်မှုအများဆုံး ဖြစ်ပေါ်ခဲ့သည်မှာ ကြိတင်မဲပြဿနာဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၁)အပြီးတွင် ရခိုင်ပြည်နယ်၊စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ရခိုင်အခြေစိုက် နိုင်ငံရေးပါတီ ဖြစ် သော ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနကို ဖြေဆိုရာတွင် ရွေး ကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တာ မှန်ကန်ပြီး ရွေးကောက်ပွဲကျင်းပနေသည့် အချိန်အထိ မဲစာရင်းက မှန်ကန်မှု မရှိဘဲ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်နေကာ စစ်တပ်၏ ကြိုတင်မဲနှင့် မွတ်ဆလင်များ၏ မဲများကို မရ ရှိခဲ့ သဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီး ကလည်း ကြိုတင် မဲပြဿနာ၊ မဲစာရင်းပြဿနာ များကို၎င်း၏ လူမှုကွန်ရက်မှတဆင့် ဝေဖန်ပြောဆိုခဲ့သည်။ ရေကြည်မြို့နယ် တသီး ပုဂ္ဂလပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆန်းဆင့် (ဗိုလ်ချုပ်ဟောင်း) ကလည်း ရေကြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွင် ကြိုတင်မဲရေတွက်မှုနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်၊ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းနဲ့ မညီတဲ့အချက်များ တွေ့ရှိရသည် ဟု ပြောဆိုခဲ့သည်။ ဒေသအနှံ့အပြားတွင်လည်း ကြိုတင်မဲနှင့် ပြည် သူလူထုအတွင်း ဝေဖန်မှုအများအပြား ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း စစ်ကော်မရှင်၏ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ပါ ကြီးလေး သောပြစ်မှု၊ ပြစ်ဒဏ်များကြောင့် လူသိရှင် ကြား ဝေဖန်ပြောဆိုမှုများကို မလုပ်ဆောင်နိုင်ခဲ့ပေ။
ရန်ကုန်တိုင်း အတွင်း ရွေးကောက်ပွဲကျင်းပသော မြို့နယ်များရှိ ရပ်ကွက်များတွင် ဧည့်စာရင်းဖြင့် နေထိုင်သူများ သည် မဲမထည့်ရဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အလိုအလျောက် ကြိုတင်မဲ ဖြည့်ပေးထား ကြောင်း ကိုယ် တိုင် ကြုံရသော ပြည်သူများက ပြောသည်။ ထို့ပြင် နိုင်ငံတဝန်းက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များသို့ တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ ရွေးကောက်ပွဲကို မဲမပေးပါက ကျောင်းအပ်လက်မခံ ကြောင်း ခြိမ်းခြောက်မှုများရှိနေသဖြင့် ရွေးကောက်ပွဲအတွက် ဆန္ဒမပါဘဲ ကြိုတင်မဲ ပေးခဲ့ရသူ ကျောင်းသား ၃၀,၀၀၀ နီးပါး ရှိခဲ့ သည်။
ကြိုတင်မဲနှင့်ပတ်သက်၍ ပြည်သူ့ပါတီ (PP) ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ (ကျားဖြူပါတီ) (SNDP) ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDF) စသည့်(၃)ပါတီ တို့က ကြိုတင်မဲများ ကောက် ယူ ခဲ့မှုသည် ပွင့်လင်းမြင်သာမှုမရှိဘဲ အားနည်းချက်များ ရှိနေသည်ဟုဆိုကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပေးပို့ တိုင်ကြားခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် UEC က ကြိုတင်မဲနှင့် ပတ် သက်၍ ၂၀၂၆ ဇန်နဝါရီ ၂ ရက်စွဲဖြင့်၎င်းတို့အနေဖြင့် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း အသိပေး ထုတ်ပြန် ကြေညာခဲ့သည်။
သို့သော်လည်း USDP ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲများဖြင့် အနိုင်ရရှိခဲ့သာဓကအတိုင်း ရွေး ကောက်ပွဲ (၃)ပိုင်း စလုံး၌ မဲဆန္ဒနယ်အများစုတွင် ကြိုတင်မဲများဖြင့် အနိုင်ရရှိခဲ့သည်။ ကြိုတင်မဲအားလုံးနီးပါး သည် စစ်တပ်မဲ၊ ဌာနဆိုင်ရာမဲ၊ USDP ပါတီအမာခံများ၏မဲ များဖြစ်သည်။ ထို့ပြင် နယ်စား၊ ပယ်စားသဖွယ် ဖြစ် နေသော ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း စစ်ကော်မရှင်အား မျက်နှာချိုသွေးလိုသည့်ဆန္ဒဖြင့် မိမိတို့ နယ်မြေအတွင်း ပြည်သူများအပေါ် ဖိအားပေးနည်းလမ်း၊ မသမာသောနည်းလမ်းများဖြင့် ကြိုတင်မဲရယူမှု များ ရှိခဲ့သည်။ ထို့ကြောင့် မြိတ်၊ ချောင်းဆုံ မြို့နယ်များ၌ USDP ရှုံးနိမ့်နေရာမှ နောက်ကျမဲဖြင့် အနိုင် ရသွားသည့် အငြင်းပွားဖွယ်ရလဒ်များ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် နိုင်ငံရေးပါတီများကိုယ်နှိုက်ကလည်း ကြိုတင်မဲ ပြဿနာကို ဥပဒေ၊ နည်းဥပဒေများအတိုင်း UEC သို့ တရားဝင် ကန့်ကွက်တိုင်ကြားခြင်းမပြုရဲဘဲ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် အသနားခံစာအဖြစ် တင်ပြနေရသည့် ဖြစ်စဉ်က စစ်အုပ်စု၏ ရွေးကောက်ပွဲသည် အကြောက် တရား လွှမ်းမိုးသည့် ရွေးကောက်ပွဲ ၊ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ၊ ပြည်သူကိုကိုယ်စားပြုခြင်း မရှိ သည့်ရွေးကောက်ပွဲဖြစ်ကြောင်း ထင်ရှားစေသည်။
Data for Myanmar ၏ လေ့လာစိစစ်မှုတွင် အပိုင်း(၁) ပါ (၈၁) မြို့နယ်စလုံးတွင် USDP ပါတီ ကိုယ်စားလှယ် လောင်းများသည် အခြားပါတီ ကိုယ်စားလှယ်လောင်းများထက် တဦးချင်း ကြိုတင်မဲရရှိမှုတွင် သာလွန်နေသည်။ အပိုင်း(၁)တွင် USDP ပါတီရရှိသော ခိုင်လုံမဲစုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းသည် ကြိုတင်မဲများ ဖြစ်သည်။ ထူးခြား သည့် မြို့နယ်များအနေနှင့် USDP ပါတီ ကိုယ်စားလှယ်လောင်းများသည် သံတောင်ကြီးမြို့နယ်တွင် ကြိုတင်မဲ ၈၃ % ၊ ဘောလခဲမြို့နယ်တွင် ကြိုတင်မဲ ၇၉ %၊ ဟားခါးမြို့နယ်တွင် ကြိုတင်မဲ ၅၂ %၊ ကျောက်ဖြူမြို့နယ် တွင် ကြိုတင်မဲ ၄၇ % ဖြင့် အနိုင်ရရှိခဲ့သည်။
အပိုင်း(၂) တွင်လည်း USDP ကိုယ်စားလှယ်လောင်းနှင့် အခြားပါတီ ကိုယ်စားလှယ်လောင်းအကြား တစ်ဦးချင်း ကြိုတင်မဲ ရရှိမှုတွင် မြို့နယ် ၉၄ မြို့နယ်အနက် စေတုတ္တရာမြို့နယ်နဲ့ ဆီဆိုင်မြို့နယ် ကလွဲ၍ ကျန် ၉၂ မြို့နယ်တွင် USDP ပါတီ ကိုယ်စားလှယ်လောင်းက ကြိုတင်မဲအရေအတွက် ပိုရနေသည်။ USDP ပါတီရရှိသည့် ခိုင်လုံမဲ စုစု ပေါင်း၏ ၁၄ ဒသမ ၆၅ ရာခိုင်နှုန်း သည် ကြိုတင်မဲများ ဖြစ်သည်။ ထူးခြားသည့် မြို့နယ်များအနေနှင့် ဖရူဆိုမြို့ နယ်တွင် USDP ပါတီကိုယ်စားလှယ်လောင်းရရှိသည့် ခိုင်လုံမဲများအနက် ကြိုတင်မဲက ၇၄ % ဖြစ်သည်။ ထို့အတူ USDP ပါတီ ကိုယ်စားလှယ်လောင်းများသည် ဒီးမော့ဆိုမြို့နယ်တွင် ကြိုတင်မဲ ၅၄ %၊ တနင်္သာရီမြို့နယ်တွင် ကြို တင်မဲ ၄၅ %၊ ပေါက်ခေါင်းမြို့နယ်တွင် ကြိုတင်မဲ ၄၈ %၊ ပန်းတောင်းမြို့နယ်တွင် ကြိုတင်မဲ ၄၂%၊ ရေးမြို့နယ် တွင် ကြိုတင်မဲ ၄၅%၊ ကိုကိုးကျွန်းမြို့နယ်တွင်ကြိုတင်မဲ ၄၁ % အသီးသီး ရရှိခဲ့သည်။ နတ်မောက်မြို့နယ်၊ ကလောမြို့နယ်နှင့် မိုင်းပန်မြို့နယ်ရှိ မဲရုံများတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ပြိုင်ဘက်ပါတီများ၏ ကိုယ်စား လှယ်လောင်းများက အနိုင်ရခဲ့သော်လည်း USDP ပါတီ၏ ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရသည်။
၁၀။ နိုင်ငံတကာ၏ တု့န်ပြန်မှု
အာဆီယံသည် စစ်အုပ်စုကကျင်းပမည့် ရွေးကောက်ပွဲကို အာဏာသိမ်းကာလတလျှောက် ဆန့်ကျင်နေခဲ့သည်မှာ အထင်အရှားဖြစ်သည်။ ဘုံသဘောတူညီချက် ၅ ချက်၏ အရေးအကြီးဆုံး ၂ ချက်ဖြစ်သော အကြမ်းဖက်မှုများ ရပ် တန့်ရေးနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးသည် ရွေးကောက်ပွဲများ မကျင်းပမီ မဖြစ်မနေ လုပ် ဆောင်ရေးကို ဆက်လက်ကိုင်စွဲထားသည်။ သို့သော် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ ဗီယက် နမ်၊ ဖိလစ်ပိုင်၊ လာအိုနှင့် အင်ဒိုနီးရှားတို့ကမူ ရွေးကောက်ပွဲကို လေ့လာရေးစေလွှတ်ခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုဟာမက်ဟာဆန်က မြန်မာတွင် စစ်တပ်က အပိုင်း ၃ ပိုင်းဖြင့် ကျင်းပနေ သော ရွေးကောက်ပွဲကို အာဆီယံကအသိအမှတ်မပြုကြောင်း လွှတ်တော်တွင် ထည့်သွင်းပြောဆိုခဲ့သည်။ ရွေး ကောက်ပွဲကို ထောက်ခံမည်မဟုတ်သလို စောင့်ကြည့်လေ့လာသူများကိုလည်း စေလွှတ်မည်မဟုတ်ဟုဆိုသည်။
အပိုင်း ၃ ပိုင်းဖြင့် ကျင်းပသော စစ်ကော်မရှင်ဦးစီးသည့် မြန်မာရွေးကောက်ပွဲသည် နိုင်ငံတကာစံနှုန်းနှင့် မညီ ကြောင်း၊ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှု၊ အခြေခံလွတ်လပ်ခွင့်များကို ကန့်သတ်ထားမှု၊ အစုလိုက် ဖမ်းဆီးမှု၊ အဓိကနိုင်ငံရေးသမားများကိုဖယ်ထုတ်ထားမှုနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လွတ်လပ် တရား မျှတပြီး အားလုံးပါဝင်သော ယုံကြည်ရသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု EU ပြောခွင့်ရ က ပြောဆိုထားသည်။
သို့ရာတွင် ရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပသောနေ့တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ ဆန္ဒမဲပေးနေမှု အား မဲပေးမှုများအား လိုက်လံကြည့် ရှုခဲ့ပြီးနောက် မီဒီယာများနှင့် တွေ့ဆုံစဉ် သတင်းထောက်တစ်ဦးက ကုလ သမဂ္ဂ ကျွမ်းကျင်သူများနှင့် နိုင်ငံတကာမှ အချို့က ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောဆိုမှုများအပေါ် မေးမြန်းမှု ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကို နိုင်ငံတကာမှ အသိအမှတ်ပြုခြင်း၊ မပြုခြင်းကို နားမလည် ကြောင်းနှင့် ပြည်သူများမဲပေးမှုအပေါ် အသိအမှတ်ပြုကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ရုရှား၊ ဘီလာရုစ်၊ တရုတ်တို့က ထောက်ခံကြောင်း ပြောဆိုထားသည်။ အာ ဆီယံနိုင်ငံများထဲတွင် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို တို့က ထောက်ခံကြောင်း အရိပ်အမြွက် ပြသထားသည်။ သို့သော် မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအ ဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Theresa Lazaro က အာဆီယံအဖွဲ့ ကြီးအနေဖြင့် မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၃ ခုလုံးကို အတည်မပြု ကြောင်း ပြော ဆိုခဲ့သည်။ မြန်မာပြည်သူလူထုနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အတုအယောင် ရွေး ကောက်ပွဲအဖြစ် သတ်မှတ်ထားသည်။
၁၁ ။ ရွေးကောက်ပွဲ ရလဒ်များ
UEC သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့မှစ၍ အပိုင်းလိုက်ကျင်းပသော ရွေးကောက်ပွဲများ၌ ရွေးချယ်ခံရသည့် လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်များကို စတင်ကြေညာခဲ့သည်။ ရွေးကောက်တင်မြှောက်ပြီးဖြစ်သည့် အ ပြီးသတ်အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်စာရင်းချုပ်ကို ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ သည်။ ထုတ်ပြန်ချက်ရ နိုင်ငံရေးပါတီအလိုက် အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ် စာရင်းမှာ အောက်ပါ အတိုင်း ဖြစ် သည်။
ပြည်သူ့လွှတ်တော်တွင် USDP က (၂၃၁) နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) ပါတီက (၄)နေ ရာ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)(SNDP) က (၇)နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် (Pa-O National Organisation – PNO) က(၅) နေရာ၊ မွန်ညီညွတ်ရေးပါတီ (MUP)က (၅) နေရာ၊ နာဂ အမျိုးသားပါတီ (Naga National Party– NNP) က (၄)နေရာ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) က (၁) နေရာ၊ ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party- RNP) က(၁)နေရာ၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (Shan-ni Solidarity Party-SSP)က (၁)နေရာ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီ (DNDP) က (၁)နေရာ ၊ အင်း အမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party-INLP) က(၁)နေရာ ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)က (၁) နေရာ နှင့် တသီးပုဂ္ဂလ(၁)နေရာ စုစုပေါင်း (၂၆၃)ဦး ဖြစ်သည်။
အမျိုးသားလွှတ်တော်တွင် FPTP စနစ်နှင့် PR စနစ်များ၌ ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်များ မှာ USDP ပါတီက (၁၀၈) နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) က (၁၆)နေရာ၊ ရှမ်းနှင့် တိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)(SNDP)က (၁)နေရာ ၊ ပြည်သူ့ပါတီ (PP) (၅) နေရာ၊ ပြည်သူ့ရှေ့ ဆောင်ပါတီ (PPP)က (၁)နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)က (၂)နေရာ၊ မွန်ညီညွတ်ရေးပါတီ (MUP) က (၅) နေရာ၊ နာဂအမျိုးသား ပါတီ (Naga National Party – NNP) က(၁)နေရာ ၊ ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party – AFP)က (၃)နေရာ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Karen National Democratic Party -KNDP)က (၃)နေရာ ၊ ဇိုမီးအမျိုးသားပါတီ (Zomi National Party – ZNP) က (၃)နေရာ၊ ရခိုင်တိုင်းရင်းသားများ ပါတီ (Rakhine Nationalities Party- RNP)က(၁)နေရာ၊ ဓနု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) က(၁)နေရာ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (Tai-Leng Nationalities Development Party – TNDP)က (၁)နေရာ၊ ကယားပြည်နယ်ပြည်သူ့ပါတီ (Kayah State People’s Party – KySPP) က(၁) နေရာ ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)က(၁)နေရာ၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ (Pa-O National Unity Party- PNUP)က(၁)နေရာ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(Phalon-Sawaw Democratic Party-PSDP)က (၁) နေရာ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ (National Interest and Development Party-NIDP)က (၁)နေရာ၊ “ဝ”အမျိုးသားပါတီ (Wa National Party-WNP)က (၁)နေရာ စုစုပေါင်း (၁၅၇)နေရာဖြစ်သည်။
၁၂။ အငြင်းပွားဖွယ်ကိစ္စများ
၁၂.၁။ ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် လွှတ်တော်သက်တမ်း၏ အမည်နာမ သတ်မှတ်မှု
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် အထွေထွေရွေးကောက်ပွဲ (၄)ကြိမ်ကျင်းပခဲ့ရာ ယင်း ရွေးကောက်ပွဲများမှ ရွေးချယ်တင်မြှောက်လိုက်သည့် လွှတ်တော်များသည် အစဉ်အလာအားဖြင့် ပထမအကြိမ် လွှတ်တော်သက်တမ်း၊ ဒုတိယအကြိမ်လွှတ်တော်သက်တမ်း စသည်ဖြင့် အမည်နာမ သတ်မှတ်ခဲ့ကြသည်။ သို့ ဖြစ်၍ စစ်အုပ်စုက ကျင်းပသော (၄)ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် လွှတ်တော် သည် စတုတ္ထအကြိမ်လွှတ်တော်သက်တမ်း ဖြစ်သည်။ သို့သော် ဇန်နဝါရီ ၂၉ ရက်က ကျင်းပသော လွှတ်တော် အစည်း အဝေးများကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လာမည့်လွှတ် တော်ကို တတိယအကြိမ်လွှတ်တော် အဖြစ် သတ်မှတ်ကာ ပထမပုံမှန်အစည်းအဝေးများကို ကျင်းပမည်ဟု ထည့် သွင်းပြော ဆိုခဲ့သည်။ ဤသည်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အသိအမှတ်မပြုသဖြင့် စစ်ကော်မရှင်က တတိယ အကြိမ်လွှတ်တော်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သက်သေအထောက်အထား ဖြစ်သည်။ ၂၀၂၀ ရွေး ကောက်ပွဲသည် တတိယအကြိမ်မြောက် ကျင်းပခဲ့သော ရွေးကောက်ပွဲဖြစ်သော်လည်း မဲမသမာ မှုအကြောင်းပြချက်ဖြင့် စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်ရာ ယခုဖြစ်ရပ်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အ ငြင်းပွားဖွယ် ပြဿနာ တစ်ရပ်ဖြစ်သည်။
၁၂.၂ ။ PR မဲဆန္ဒနယ်သတ်မှတ်မှု
စစ်အုပ်စု၏ ၂၀၂၅ ရွေးကောက်ပွဲ တွင် ယခင်ကအသုံးပြုခဲ့သော အနိုင်ရသူ အကုန် ယူစနစ် (FPTP) မဲပေးစနစ် အ ပြင်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ပထမဆုံး ပူးတွဲအသုံးပြုသည့် ရွေးကောက်ပွဲဖြစ်သည်။ ၂၀၁၄ ခုနှစ်က အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ပွဲများတွင် PR စနစ် အသုံးပြုရန် ဆွေးနွေးခဲ့ ကြ သည်။ အမျိုးသားလွှတ်တော်တွင် အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမဲခွဲဆုံးဖြတ်ရာ၌ PR စနစ်ကို ပြောင်းလဲ ကျင့်သုံးဖို့အဆိုဟာ အနိုင်ရရှိခဲ့သည်။ ပြည်သူ့လွှတ်တော်၌လည်း ဆွေးနွေးခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးကောက်ပွဲ၌ PR စနစ်ကို ကျင့်သုံးပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှု ရှိမရှိ ဖွဲ့စည်း ပုံအခြေခံဥပဒေခုံရုံးသို့ မေးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက PR စနစ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် မညီကြောင်း အကြောင်းပြန်ခဲ့သည်။ ထိုသို့ ခုံရုံး၏အကြောင်းပြန်ချက် ရရှိပြီးနောက် ပြည်သူ့လွှတ်တော် အတွင်း PR နှင့် ပတ်သက်သည့် ဆွေးနွေးမှုများလည်း ရပ်တန့်သွားခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအထိ FPTP စနစ်ကို သာ ဆက်လက် ကျင့်သုံးခဲ့သည်။
သို့သော် စစ်အုပ်စုက ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်နှင့် တိုင်းနှင့်ပြည်နယ်လွှတ် တော်များအတွက် လည်း FPTP နှင့် PR စနစ် ကို ရောနှောအသုံးပြုခဲ့သည်။ ထိုသို့ ကျင့်သုံးနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပ ဒေ၊ နည်းဥပဒေများကို ပြင်ဆင်ခဲ့သည်။ ပြင်ဆင်ချက်များအရ ရွေးကောက်ပွဲရလဒ်တွင် နယ်မြေအများစု ဆုံးရှုံး ထားသည့်ပြည်နယ်များ၌ ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်မှုမရှိဘဲ အလိုအလျောက် လွှတ်တော်ကိုယ်စား လှယ်များ ထွက်ပေါ်လာသည်။ သာဓကအားဖြင့် ချင်းပြည်နယ် ၉ မြို့နယ်တွင် တီးတိန်နှင့် ဟားခါး နှစ်မြို့နယ် သာ ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး ကျန် ၇ မြို့နယ်၌ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိပေ။ သို့သော် PR စနစ်ဖြင့် ၉ မြို့နယ်စလုံးအတွက် ကိုယ်စားလှယ်နေရာများကို တီးတိန်နှင့် ဟားခါး ၂ မြို့နယ်မှ မဲများကိုပေါင်းကာ ဝင်ပြိုင် သည့် ပါတီ ၃ ခုကို အချိုးချ ခွဲဝေ သတ်မှတ်လိုက်သည်။ ဤသည်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကို ပြည်သူ့ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ရမည့် ဒီမိုကရေစီစနစ်၏ အနှစ်သာရကို ဖျက်ဆီးလိုက်ခြင်း ဖြစ် သည်။ အခြားပြည်နယ်အချို့တွင်လည်း အလားတူအခြေအနေမျိုးရှိခဲ့သည်။ PR ဆန္ဒနယ်အား ယခုကဲ့သို့ သတ် မှတ်ကျင့်သုံးမှုသည် အခြေခံဥပဒေဆိုင်ရာ အငြင်းပွားဖွယ်ပြဿနာ ဖြစ်သည်။
၁၂.၃။ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ အနာဂတ်
PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို ရွေးကောက်ပွဲအပိုင်း(၂)အပြီး ဇန်နဝါရီ ၁၃ ရက်တွင် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး(စရခ)တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးခဲ့သည်။ နောက်တရက်တွင် ပြန်လွတ်လာသော်လည်း ယင်း ကိစ္စနှင့်ပတ်သက်၍ UEC က အသိပေးထုတ်ချက်ပြန်ခဲ့ ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မနှင့် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မများကို လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက် ရမည်ဖြစ်ကြောင်း အလေးပေး ဖော်ပြထားသည်။ အဓိက အကြောင်းအရင်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်တွင် သံရုံးတခုက တာဝန်ရှိသူအချို့နှင့် ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တဆိုင်တွင် ပြည် ပသံရုံးတရုံးမှ ပုဂ္ဂိုလ်အချို့နှင့် Mask တပ်ဆင်ပြီး တရားမဝင် လျှို့ဝှက်စွာတွေ့ဆုံခဲ့ခြင်းကြောင့်ဟု ဆိုသည်။ UEC သို့ ခွင့်ပြုချက်မတောင်းခံဘဲ ပြည်ပသံရုံးတခုနှင့် တွေ့ဆုံမှုကြောင့် PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့အား အရေးယူမည်ဟု ဖော်ပြထားသည်။ သို့ဖြစ်၍ နိုင်ငံရေးပါတီ အဖြစ်မှ ပယ်ဖျက်ရမည်ဖြစ်ကြောင်း UEC ၏ စကားဦးသန်း ထုတ်ပြန်မှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲကာလ မတိုင်မီက ကိုယ်စားလှယ်လောင်း ဒုတိယ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော နှင်းဆီပါတီ (ခေါ်) ညီညွတ်သောဒီမိုကရက် တစ်ပါတီ (UDP) ကဲ့သို့ ဖျက်သိမ်းခံရ နိုင်ခြေများသည်ဟု အများက ယူဆနေကြသည်။
၁၃။ သုံးသပ်ချက်
၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးသူ ၆၉ ဒသမ ၈၂ ရာခိုင်နှုန်း ၊၂၀၂၀ ရွေးကောက်ပွဲကျင်းပစဉ်က မဲပေးသူ ၇၁ ဒသမ ၈၉ ရာခိုင်နှုန်းအထိရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ် နောက် ပိုင်း စတုတ္ထအကြိမ်မြောက် ကျင်းပသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲသည် ပြည်သူလူထုမဲပေးမှုနှုန်း အနိမ့်ဆုံး ဖြစ်သည်။ စစ်အုပ်စုက ရွေးကောက်ပွဲတခုလုံး မဲပေးသူ ၅၄ ရာခိုင်နှုန်းရှိသည်ဟု ဆိုသော်လည်း မြေပြင်တွေ့ရှိချက် များအရ အမှန်တကယ်မဲပေးသူ အရေအတွက်မှာ ယင်း ပမာဏထက်များစွာ လျော့နည်းနိုင်သည်။ ယင်းသည် စစ်အုပ်စု၏ရွေးကောက်ပွဲအပေါ် ပြည်သူလူထု၏ ဆန့် ကျင်မှုကို မီးမောင်းထိုးပြနေသည့် အချက်ဖြစ်သည်။
စစ်အုပ်စုက ကျင်းပသော ၂၀၂၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲများ အ နက် ဂုဏ်သိက္ခာရှိမှု ၊ ပြည်သူ့ဆန္ဒကို ထင်ဟတ်နိုင်မှု ၊ ကိုယ်စားပြုမှုများ ကင်းမဲ့ဆုံးသော ရွေးကောက်ပွဲဖြစ်သည်။ နေပြည်တော်နှင့် ရန်ကုန် မှလွဲ၍ ရွေးကောက်ပွဲအပြည့်အဝကျင်းပနိုင်သည့် ပြည်နယ်နှင့်တိုင်းတခုမှ မရှိသော ရွေး ကောက်ပွဲဖြစ်သည်။ ပြည်သူလူထုအနေဖြင့် စိုးရိမ်ထိတ်လန့်မှု၊ အကြောက်တရားနှင့် ရင်ဆိုင်ရမှု စသည့်ဖြင့် ဖိ အားအမျိုးမျိုးကြောင့် မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတလျှောက် စိတ်ဝင်စားမှုအနည်းဆုံး ရွေးကောက်ပွဲ ဖြစ်ခဲ့ သည်။
ပုံမှန်အားဖြင့် ရွေးကောက်ပွဲများသည် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် အခြေအနေရှိမှ သာစစ်မှန်သည့် ရွေး ကောက်ပွဲဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ လက်ရှိရွေးကောက်ပွဲသည် ဒေသအများစုတွင် စစ်ပွဲများဖြစ် ပွားနေချိန်၊ အုပ်ချုပ် ရေးယန္တရားအများအပြား ပျက်စီးနေချိန်၊ ပဋိပက္ခကြောင့် နယ်မြေအများအပြားတွင် စစ်ဘေး ရှောင်များ သန်းနှင့်ချီကာ ထွက်ပြေးတိမ်းရှောင်နေရသည့်အချိန်တွင် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။ ထို့ကြောင့် ၂၀၂၅ ရွေး ကောက်ပွဲသည် စစ်ကော်မရှင်အနေဖြင့် နိုင်ငံရေး ထွက်ပေါက်ရရှိရေးထက် နိုင်ငံတော်၏ အာဏာကို လက်မလွတ် စေရေးက အန္တိမရည်မှန်းချက်ဖြစ်ကြောင်း သိသာနေသည်။ တနည်းဆိုရလျှင် အရပ်သား အစိုးရ မျက်နှာဖုံး တပ်ထားသော စစ်အစိုးရအဆက်ဆက် အာဏာတည်မြဲရေးအတွက် ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်သည်။
ထို့ပြင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲဖော်ဆောင်မှုသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ ကြားတွင်ထားရှိသော သဘောတူညီမှုဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အာရှရေးရာ အထူး ကိုယ်စားလှယ် တိန့်ရွှီကျင်းက နေပြည်တော်တွင် ကျင်းပခဲ့သော နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူမျ။ တရုတ်က လိုလားသော မြန်မာပုံစံသည် အစိုးရ အဖွဲ့ကို ပုံဖော်ရာ၌ အဓိကကျသည့် လွှတ်တော်အတွင်း စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် စစ်တပ်အား အစဥ်တစိုက် ထောက်ခံမည့် အရပ်သားကိုယ်စားလှယ် ၂၆ ရာခိုင်နှုန်းရှိရေး ဖြစ်သည်။ ထို့ကြောင့် စစ်ကော်မရှင် ၏ ရွေးကောက်ပွဲကို တရုတ်က အားတက်သရော ထောက်ခံ နေခြင်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို မြင်တွေ့လို၍ မဟုတ်ဘဲ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအတွက် လုံ ခြုံမှုအာမခံချက်ရရှိရေးနှင့် စစ်အုပ်စုအပေါ် ဩဇာလွှမ်းမိုးခြင်းဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ရေးအတွက် အသုံးချမှုသာ ဖြစ်သည် ။ ။
—– အစီရင်ခံစာ ပြီးဆုံး —–







