ဆယ်ရက်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ၍ ၂၄၅ ဦး သေဆုံး

ဆယ်ရက်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ၍ ၂၄၅ ဦး သေဆုံး

စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့် ဖြစ်စဉ်အပါအဝင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု  ၁၀ ခု ကျူးလွန်ခဲ့ရာ ၂၄၅ ဦး သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အချက်အလက်များအရ သိရသည်။

ယနေ့ (မတ်လ ၁၄ ရက်)နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ညောင်လေးပင်မြို့နယ်အတွင်း အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တင်ပြသည့် အချက်အလက်များအရ သိရသည်။

“ စစ်ကောင်စီက နိုင်ငံအနှံ့ လေကြောင်းအသုံးပြုပြီး ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်လာတာ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှု စတင်ကတည်းက အသွင်သဏ္ဌာန် အမျိုးမျိုးနဲ့ လုပ်လာတာမှာ ဒီလထဲမှာ အရှိန်အဟုန်မြင့်မြင့်နဲ့ လုပ်လာနေတာဖြစ်ပါတယ်” ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မတ်လ ၅ ရက်က ညောင်လေးပင်မြို့နယ် ၊ ကျောင်းကုန်းရွာ၌ အရပ်သားပြည်သူများအား ဒရုန်းဖြင့်ဗုံးကြဲခြင်းနှင့် ဖမ်းဆီး သတ်ဖြတ်သည့် ဖြစ်စဉ်၊ မတ်လ ၈ ရက်က အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ အာရက္ခတပ်တော် (AA)၏ စစ်သုံ့ပန်းများထားရှိရာ အကျဉ်းစခန်းအား လေကြောင်းဗုံးကြဲသည့်ဖြစ်စဉ်၊ မတ်လ ၁၁ ရက်နေ့က ဗန်းမော်နှင့် ရွှေကူကြားရှိ ရွှေမျောဖောင်များအား လေကြောင်းဗုံးကြဲမှုဖြစ်စဥ်များ ပါဝင်ကြောင်း NUG က ဆိုသည်။

ထိုဖြစ်စဥ်များအတွင်း ၂၄၅ ဦးသေဆုံးခဲ့သည့်အနက် ၂၆ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း၊ အမျိုးသား ၅၇ ဦး ပါဝင်ပြီး ကျန် ၁၆၂ ဦးမှာ လိင်ခွဲခြားမရသေးသူများဖြစ်ကြောင်း၊ ထိုသေဆုံးသူ ၂၄၅ ဦးအနက် အသက် ၁၈ နှစ်အောက်ကလေးငယ် ၂၄ ဦး ပါဝင်ကြောင်း သိရသည်။

လူဦးရေ ငါးဦးအထက် သေဆုံးစေသည့် ဖြစ်စဉ်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ်  NUG က မှတ်တမ်းတင်ထားခြင်းဖြစ်သည်။  

စစ်အာဏာသိမ်းမှုကာလ ငါးနှစ်ကျော်အတွင်း၌ စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၅၂၀ ခု ကျူးလွန်ခဲ့ပြီး ထိုဖြစ်စဉ်များအတွင်း လူဦးရေ ၅,၅၀၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်အများစုသည် လေကြောင်းတိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး ငါးနှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၅,၀၄၁ မှုကျူးလွန်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများအတွင်း ၅,၀၇၅ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...
ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...