ဝယ်လိုအားမြင့်လာတဲ့ မြေစျေးကွက်ကြောင့် ကရင်နီမှာ စစ်ရှောင်တချို့ နေရာရွေ့ပြောင်းပေးရ

ဝယ်လိုအားမြင့်လာတဲ့ မြေစျေးကွက်ကြောင့် ကရင်နီမှာ စစ်ရှောင်တချို့ နေရာရွေ့ပြောင်းပေးရ

ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ အခုနှစ်တွေအတွင်း ခြံမြေတွေ အရောင်းအဝယ်ပိုမိုများပြားလာပါတယ်။ 

ဒီလိုအရောင်းအဝယ်ဖြစ်နေတဲ့ မြေနေရာတွေမှာ ယာယီမှီခိုနေထိုင်နေတဲ့ စစ်ဘေးရှောင်မိသားစုတချို့လည်း ရွေ့ပြောင်းပေးနေရတယ်လို့ ကယားပြည်လူ့အခွင့်အရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှု ကွန်ရက် ( KEAN ) ရဲ့ ညှိနှိုင်းရေးမှူး စောအယ်စေးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“စစ်ရှောင်တွေကိုပေးနေထားတယ်။ နောက်ပိုင်း ရောင်းလိုက်တော့ အဲ့မြေပေါ်မှာ မှီခိုနေတဲ့ စစ်ရှောင်တွေက နေရာရွေ့ပြောင်းတဲ့ ကိစ္စတွေဖြစ်လာတယ်။ တချို့ ကလည်း သူတို့ရဲ့ မြေပေါ်မှာ အများအဆောက်အဦးပေါ့နော။ ဥပမာကျောင်းတွေ အဲလိုပေးဆောက်ထားတာရှိတယ်။ ဒါပေမဲ့ မြေကိုရောင်းလိုက်တဲ့အတွက် အဲ‌ကျောင်းတွေကို ပြန်ဖြုတ်ခိုင်းတဲ့ ကိစ္စတွေ အဲပြဿနာတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြေရောင်းဝယ်မှုနဲ့ ဆက်နွယ်ပြီးတော့ ပြဿနာတွေက ဆက်ဖြစ်နေတုန်းပဲ ဖြစ်ပါတယ်” လို့ စောအယ်စေးက ပြောပါတယ်။

အခုလိုမြေရောင်းဝယ်လို့ မြေပေါ်မှာ မှီတင်းနေထိုင်နေတဲ့ အိမ်၊ ကျောင်းတွေ ရွေ့ပြောင်းပေးရတာက ဘယ်လောက်များလဲဆိုတာကိုတော့ နေရာဒေသကျယ်ပြန့်မှု၊ လူဦးရေများပြားတာတွေကြောင့် ကန္တာရဝတီတိုင်း(မ်) အနေနဲ့ စာရင်းပြုစုနိုင်ဖို့လည်းခက်ခဲနေပါတယ်။

ဝယ်လိုအားမြင့်တက်လာတာကြောင့် မြေစျေးတွေလည်းမြင့်တက်လာတယ်လို့ စောအယ်စေးက ပြောပါတယ်။ 

တဖက်မှာလည်း မြေရှင်ဒေသခံတွေက စားဝတ်နေရေးအကြပ်အတည်းကြောင့်ဖြစ်စေ၊ လိုအပ်ချက်ကြောင့်လည်းဖြစ်စေ မြေကိုထုတ်ရောင်းနေကြတာကိုတွေ့ရတယ်လို့ ပြောပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းက လမ်းနယ် တနေရာမှာစစ်ဘေးရှောင်နေတဲ့ ဒေါ်ကာမဲလာကလည်း ခြံရှင်မြေရောင်းလိုက်တာကြောင့် နေစရာနေရာကို ထပ်ရှာခဲ့ရပြီး ရွေ့ပြောင်းခဲ့ရတယ်လို့ ဒေါ်ကာမဲလာကပြောပါတယ်။

“အငြင်းခုန်တွေ တော်တော်လုပ်ရ‌သေးတယ်။ ကျမက မရွေ့ပေးနိုင်ဘူးပေါ့နော။ ရွေ့ဖို့လည်း မရှိဘူး ဘာညာနဲ့ပေါ့နော။ ဒါပေမဲ့ နောက်ဆုံးတော့လည်း စိတ်တိုတဲ့အချိန်တော့ သူများကို ပြန်ငြင်းမိတယ်ပေါ့နော။ နောက်ဆုံးတော့လည်း အေပေါ့ ကိုယ့်အိမ်ကိုယ့်နယ်မှ မဟုတ်တာပေါ့နော ကိုယ်က ရွေ့ပေးရမှာပေါ့ ဆိုတဲ့မျိုးပဲ။ အဲလိုမျိုးနဲ့ သူများတွေကို ပတ်ပြီး အကူညီတောင်းရတာပေါ့နော။ တခါတလေတော့လည်း တခါမဟုတ်အဲလိုဖြစ်နေတော့ တခါတခါ စိတ်တအားကုန်တယ်။ စစ်ရှောင်ရတဲ့ ဘဝလည်း တကယ်စိတ်ကုန်လာပြီ” လို့ပြောပါတယ်။

ကရင်နီမှာ နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ထဲက တချို့ဟာ နေရာဒေသပေါ်မူတည်ပြီး မြေနေထိုင်ခပေးကြရသလို စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေကလည်း ဒေသခံတွေရဲ့ မြေကိုငှားရမ်းပြီး လုပ်ငန်းလုပ်ကိုင်နေကြနေထိုင်ကြပါတယ်။

ကန္တာရဝတီတိုင်း (မ်) ရဲ့‌ တွေ့ရှိချက်အရ ကရင်နီမှာ အာဏာသိမ်း ၅ နှစ်အတွင်း မြေကိုအကွက်ရိုက်ရောင်းတာ၊ နေအိမ်ပါတဲ့ မြေကိုရောင်းတာတွေလည်း တိုးလာတာကိုတွေ့ရပါတယ်။ 

ဒီအပေါ်မှာ မြေယာအရေးလုပ်ရှားတဲ့ အဖွဲ့တွေကတော့ မြေမရောင်းကြဖို့ကိုတိုက်တွန်းနေကြပြီး ကြားကာလ အစိုးရက ခိုင်မာတဲ့မြေယာအရေးဖြေရှင်းပေးနိင်တဲ့ ယန္တရားတစ်ခုတည်ထောင်ဖို့ကိုတောင်းဆိုနေကြပါတယ်။ 

March 10, 2026
မတ်လ ၈ ရက်နေ့ ညနေပိုင်းမှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး...
March 9, 2026
ကရင်နီပြည်၊ မြေပြင်တစ်နေရာမှာ ကိန္နရီပညာရေး စင်တာကနေ ဖွင့်လှစ်ပေးမည့် သက်မွေး သင်တန်းအတွက်...
ဒီးမော့ဆိုအနောက်ခြမ်းတနေရာက ဓာတ်ဆီဆိုင်တဆိုင်ကို တွေ့ရစဉ်
March 7, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဓာတ်ဆီဆိုင်တဆိုင်မှာ ဆီမရောင်းပေးတဲ့အတွက် ဝယ်သူနှစ်ဦးက...
March 5, 2026
ရှမ်း - ကရင်နီနယ်စပ် ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ မတ်လ (၃)ရက်နေ့ကစလို့ စက်သုံးဆီ...