MNDAA နှင့် TNLA ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရန်နှင့် လိုအပ်ပါက ကူညီပံ့ပိုးမည်ဟု NUCC ကမ်းလှမ်း

MNDAA နှင့် TNLA ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရန်နှင့် လိုအပ်ပါက ကူညီပံ့ပိုးမည်ဟု NUCC ကမ်းလှမ်း
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။

မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် နှင့် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရန် NUCC က တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထိုညီနောင်နှစ်ဖွဲ့အကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းရာတွင် လိုအပ်ပါက ကူညီပံ့ပိုးရန် အသင့်ရှိနေကြောင်းလည်း မတ်လ ၁၄ ရက် က ထုတ်ပြန်ကမ်းလှမ်းထားသည်။

“နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းတာမျိုးပဲ လုပ်ကြရမှာ ဖြစ်ပါတယ်။ လိုအပ်လို့ရှိရင်တော့ NUCC အနေနဲ့ နှစ်ဖက်စလုံးနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်” ဟု NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ဆိုသည်။

TNLA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် TLC သည် NUCC ၏ အဖွဲ့ဝင်ဖြစ်သည့်အတွက် ညှိနှိုင်းရန် လမ်းစရှိနေပြီး အောက်ခြေတပ်မှူးများအနေဖြင့် အမြန်ဆုံး ထိန်းသိမ်းကိုင်တွယ်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွက်ခိုင်မြို့တွင် ကိုးကန့်တပ် (MNDAA)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တို့ကြား ယမန်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့သည်။ 

ထို့နောက် မတ်လ ၁၅ ရက်တွင် နေရာ ငါးခုထက်မနည်း၌ ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ကွတ်ခိုင်မြို့ပေါ်အပြင် နမ့်ဖက်ကာ၊ မိုင်ယုလေး၊ ကျင်စန်းကျော့နှင့် တာမိုးညဲ ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရသလို ဒေသခံအချို့လည်း ဗုံးစထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်အုပ်စုသည် ပြည်တွင်း၊ ပြည်ပ နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးကာ သွေးခွဲတိုက်ခိုက်လျက်ရှိသည်ကို သက်ဆိုင်ရာ အဖွဲ့များအနေဖြင့် အထူးသတိပြုရမည် ဖြစ်ပြီး နှစ်ဖက်အဖွဲ့အနေဖြင့် "မိတ်ဖက်ပဋိပက္ခ" အသွင်ဖြင့်သာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြရန် NUCC ကတိုက်တွန်းသည်

“တော်လှန်ရေးတစုံလုံးရဲ့ အကောင်းဆုံး အကျိုးစီးပွားအရာကတော့ ဒီတော်လှန်ရေး မဟာမိတ်တွေ အချင်းချင်းကြားမှာ ကျည်ဖောက်တာမျိုး၊ ပဋိပက္ခတွေကို လက်နက်နဲ့ ဖြေရှင်းတာမျိုး ဖြစ်လို့တော့ မရပါဘူး”ဟု ဦးတိုးကျော်လှိုင်က မဇ္ဈိမကို ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ နှစ်ဖက်တပ်ဖွဲ့များသည် ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

MNDAA ၏ ပုံမှန်ကင်းလှည့်နေသော တပ်ဖွဲ့ဝင်များအား TNLA က ကြားဖြတ်တိုက်ခိုက်ခဲ့၍ ပြန်လည်ခုခံတိုက်ခိုက်သည့် ဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာသည့် နောက်ဆက်တွဲပြဿနာအားလုံးကို TNLA ကအပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ TNLA က ကွတ်ခိုင်ဒေသ အနှံ့အပြားရှိ ၎င်းတို့၏ တပ်စခန်းများကို MNDAA က တပြိုင်တည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ဖက်အကြား ဖြစ်ပေါ်သည့် ပြဿနာများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် ကြိုးစားအဖြေရှာသွားမည်ဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကွတ်ခိုင်မြို့၊ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် MNDAA တပ်ဆင်ထားသည့် CCTV များကို TNLA ၏ အုပ်ချုပ်ရေးလုပ်ငန်းများ ဟန့်တားမှုဖြစ်စေသည်ဟုဆိုကာ TNLA တပ်ဘက်က လိုက်လံဖြုတ်သိမ်းရာ နှစ်ဖက်တပ်ဖွဲ့ကြား စကားအခြေအတင်ဖြစ်ပြီး ထိုးကြိတ်ရန်ပွဲအထိ ဖြစ်ပွားရာမှ ဆက်ဆံရေး တင်းမာလာခဲ့ခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးတွင် သေအတူ ရှင်မကွာ လက်တွဲခဲ့ကြသည့် မဟာမိတ်များကြားတွင် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေခြင်းသည် စစ်အုပ်စု၏ သွေးခွဲမှုကို လမ်းဖွင့်ပေးသလို ဖြစ်နေသည်ဟု NUCC က ထောက်ပြသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...