မော်လမြိုင်မြို့မှာ ကျုးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော် ဖြိုဖျက်ခံရ

မော်လမြိုင်မြို့မှာ ကျုးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော် ဖြိုဖျက်ခံရ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်မှာ ကျူးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော်ကို စစ်ကော်မရှင်က အင်အားအလုံးအရင်းနဲ့ ဖြိုချဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က မုပွန်ရပ်ကွက် ဘူတာဟောင်းအနီးရှိ ဒေသခံတွေရဲ့ နေအိမ် ၂၀ ကျော်ကို အင်အား အများအပြား အသုံးပြုပြီး ဖြိုချဖျက်ဆီးသွားတာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ နေအိမ်တွေကို ဖြိုချ ဖျက်ဆီးတဲ့ နေရာမှာတော့ ဓာတ်ပုံတောင် ရိုက်ခွင့်မပြုသလို ဖုန်းထုတ်တဲ့သူတွေကအစ ဖမ်းဆီးအရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ကာ အတင်းအကျပ် ဖြိုချဖျက်ဆီးသွားတာပါ။

ဒေသခံ တစ်ဦးက ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ်တွေမှာ နှစ်ထပ်တိုက်တွေကအစ ပါဝင်ပြီး ဒီမြေနေ ရာဟ စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေက ရောင်းချခဲ့တဲ့ မြေနေရာတွေ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဖြိုချခံရတဲ့ နေအိမ်တွေမှာ နှစ်ထပ်တိုက်အိမ်တွေလည်း ပါဝင်တယ်။ ဒီနေရာက စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ လက်နက်ကိုင်အဖွဲ့ ရောင်းထားတာ။ ဘယ်အဖွဲ့အစည်းလဲဆိုတော့ မသိဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျူးကျော်ဆိုပြီး နေအိမ်တွေ ဖြိုချ ဖျက်ဆီးခံရတဲ့ မိသားစုဝင်တွေဟာ နီးစပ်ရာ ဆွေးမျိုးနေအိမ်တွေမှာ သွားရောက် နေထိုင်နေရသလို တချို့တွေအနေနဲ့ နေထိုင်ဖို့ကအစ အခက်အခဲဖြစ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ ကျူးကျော်အကြောင်းပြချက်နဲ့ ဖြိုချဖျက်ဆီးခံရတဲ့ မြေနေရာဟာ စစ်ကော်မရှင် လက်အောက်ခံ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီး ဌာနပိုင် မြေဧက ၉၀ ကျော်ရှိတဲ့ မြေနေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြေဧက ၉၀ ကျော်ထဲမှာတော့ ဝန်ကြီးဌာနက ပြည်နယ်အစိုးရကို ဧက ၃၀ ကျော် လွှဲပြောင်း ပေးအပ်ထားပြီး လက်ရှိ ရှင်းလင်းတဲ့ နေရာဟာ ကျန်ရှိနေတဲ့ ဧက ၆၀ ကျော်ထဲမှာ ဆောက်လုပ်ထားတဲ့ နေအိမ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ စစ်ကော်မရှင်က ကျူးကျော်ဆိုပြီး ဖျက်ဆီးခဲ့တဲ့ နေရာတွေဟာ အရင် စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုက ရောင်းချခဲ့တာကြောင့် အခုလို အခိုင်အမာဆောက်လုပ်ထားတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း စစ်ကော်မရှင်ဟာ လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းဆိုတဲ့ အကြောင်းပြချက်နဲ့ ကျူုးကျော်ဆိုကာ လှိုင်ရပ်ကွက်နဲ့ သာယာအေးရပ်ကွက်ကြားက အခိုင်အမာ တည်ဆောက်ထားတဲ့ လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဈေးဆိုင်တွေ အပါအဝင် အဆောက်အဦး ရာနဲ့ချီကို ဖျက်ဆီးသိမ်းဆည်းခဲ့ပါတယ်။

ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...
February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...