ရခိုင်စပါးဈေး အနည်းငယ်တက်လာ

ရခိုင်စပါးဈေး အနည်းငယ်တက်လာ
ဓာတ်ပုံ - ရခိုင်တွင် စပါးများကို ထုပ်ပိုးသယ်ယူနေကြသည်ကို ၂ဝ၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်က တွေ့ရစဉ်။
ဓာတ်ပုံ - ရခိုင်တွင် စပါးများကို ထုပ်ပိုးသယ်ယူနေကြသည်ကို ၂ဝ၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်က တွေ့ရစဉ်။

(နို့ဆီဗူး ၆၅ ဗူးဆံ့တောင်းများဖြင့်သာ ခြင်တွယ်ရောင်းချနေရ၍ တွက်ခြေမကိုက်ဟုဆို)

ကျော်သီဟ - ရခိုင်တွင် စပါးဈေးများ အနည်းငယ်တက်လာနေသည်ဟု လယ်သမားများထံမှ သိရသည်။

ယခုလက်ရှိတွင် နို့ဆီဗူး ၆၅ ဗူးဆံ့ ပေါ်ဆန်းမွှေး(ကောက်ကြီး)တောင်းတစ်ရာကို ကျပ် ကိုးသိန်းခွဲခန့်နှင့် ပေါ်ဆန်းမွှေး(ကောက်ချေ) တောင်းတစ်ရာကို ကျပ်ရှစ်သိန်းအထိ ဈေးရှိနေပြီး ကောက်ညှင်း(ကြက်သွေး) တောင်းတစ်ရာကို ကျပ်ငါးသိန်းခန့်ရှိနေသည်ဟု လယ်သမားများက ပြောသည်။

စပါးရိတ်သိမ်းရာသီအစပိုင်းဖြစ်သည့် ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရခိုင်တွင် နို့ဆီဗူး ၆၅ ဗူးဆံ့ ပေါ်ဆန်းမွှေး(ကောက်ကြီး) တောင်းတစ်ရာကို ကျပ်ရှစ်သိန်းခန့်၊ ပေါ်ဆန်းမွှေး(ကောက်ချေ) တောင်းတစ်ရာကို ကျပ်ခုနစ်သိန်းခန့်နှင့် ကောက်ညှင်း(ကြက်သွေး) တောင်းတစ်ရာကို ကျပ်ခြောက်သိန်းခန့်သာ ပေါက်ဈေးရှိခဲ့ရာမှ လက်ရှိတွင် အနည်းငယ်ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် စပါးလာဝယ်ကြသည့်အခါ ဝယ်သူတွင်ပါလာသည့် နို့ဆီဗူး ၆၅ ဗူးဆံ့သည့်တောင်းများဖြင့်သာ ခြင်တွယ်ရောင်းချနေရသည့်အတွက် လယ်သမားများတွင် နစ်နာမှုများရှိနေကြောင်း ကျောက်တော်မြို့နယ်မှ လယ်သမား ဦးကျော်ထွန်းက နိရဉ္စရာကို ပြောသည်။

"ဈေးပို‌ပေးရင်လည်း သူတို့မှာပါတဲ့ တင်းတောင်းနဲ့ ဝယ်တယ်။ ပိုက်ဆံလို‌တဲ့အချိန်မှာတော့ ရောင်းပေးလိုက်ရတယ်။ လယ်သမားတွေဖက်က ဒီတင်းတောင်းတွေကြောင့် နစ်နာမှုတွေ အများကြီးရှိပါတယ်"ဟု ပြောသည်။

ကျောက်တော်မြို့နယ်တွင် ပေါ်ဆန်းမွှေး(ကောက်လတ်/ကောက်ကြီး)၊ ဧည့်မထ၊ ငစိန်နှင့် အိန္ဒိယချေစသည့် စပါးအမျိုးအစားကို အများဆုံး စိုက်ပျိုးကြသည်ဟု သိရသည်။

လယ်သမားလုပ်သက် နှစ်ပေါင်း ၄၀ နီးပါးရှိနေသည့် ဦးမောင်ညွန့်ကလည်း မိသားစုအတိုင်းအတာအရ ဝင်ငွေမရှိသည့်အတွက် လယ်သမားတစ်ဦး စပါးရောင်းချရာတွင် တင်းတောင်းအလျော့ကိုသာလက်ခံနိုင်ပြီး တင်းတောင်းအပိုကိုလက်မခံနိုင်ကြောင်း နိရဉ္စရာကို ပြောသည်။

"အခုက ဗူးခြောက်ဆယ်ကျော်ဆံ့တဲ့ တင်းတောင်းတွေနဲ့ လာဝယ်ကြတော့ လိုက်မမီတော့ဘူး။ ပြောချင်တာက လယ်သမားတစ်ဦးမှာ တင်းတောင်းသုံးရာနီးပါးခန့်မှန်းထားရင် တစ်ရာ့ငါးဆယ်လောက်ဘဲဖြစ်တယ်။ အဲလို အခက်အခဲတွေဖြစ်လာတယ်"ဟု ပြောသည်။

ယခင်က စပါးခြင်တွယ်ကြသည့် ပုံမှန်တောင်း တစ်တောင်းဆိုလျှင် နို့ဆီဗူး ၅၂ ဗူး/ ၅၄ ဗူးဝင်ဆံ့ခဲ့ပြီး ယခုနောက်ပိုင်းတွင် နို့ဆီဗူး ၆၅ ဗူးဆံ့ တောင်းများဖြင့်သာ စပါးများကို ခြင်တွယ်ဝယ်ယူနေကြခြင်းဖြစ်သည်။

"ပုံမှန်တင်းတောင်းနဲ့ဆို ရောင်းနိုင်တယ်။ တောင်သူတွေအတွက် ဒီတင်းတောင်းကို ပုံမှန်ဖြစ်အောင် လုပ်မပေးနိုင်သမျှတော့ ခံနေရအုံးမှာပဲ။ နောက်ဆို တောင်သူလုပ်မှာကိုတောင် စိတ်ပျက်လာကြမယ်" ဟုလည်း လယ်သမား ဦးမောင်ညွန့်က ထပ်ပြောသည်။

ယင်းသို့ တင်းတောင်းအခြေအနေများကြောင့် ယခင်က ပုံမှန်ခြောက်တောင်းဆံ့သည့်ပီနံအိတ်များတွင် ယခုအခါ လေးတောင်းသာဆံ့တော့ကြောင်းလည်း စပါးအသယ်အပို့အလုပ်သမားအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"အရင်က ခြောက်‌တောင်းဆံ့တဲ့အိတ်တွေမှာဆို အခုလေးတောင်းထည့်လိုက်ရင် ကြိုးချည်လို့ အဆင်မပြေတော့ဘူး။ ဟိုတုန်းကဆို လေးတောင်းဆံ့တဲ့အိတ်တွေဆို ကိုယ့်ဟာကို သယ်ကြတယ်။ အခုဆို လေးတောင်းထည့်တဲ့အိတ်ကို နှစ်ယောက် မ,ပေးရတယ်"ဟု ဆိုသည်။

ရခိုင်တွင် ပြီးခဲ့သည့်နှစ်က ပေါ်ဆန်းမွှေး(ကောက်လတ်)တောင်းတစ်ရာကို ကျပ်ခြောက်သိန်းခွဲခန့်၊ ဧည့်မထနှင့် ငစိန်တောင်းတစ်ရာကို ကျပ်ငါးသိန်းခန့်နှင့် အိန္ဒိယချေ တောင်းတစ်ရာကို ကျပ်လေးသိန်းခန့်သာ ပေါက်ဈေးရှိခဲ့သည့်အတွက် လယ်သမားများတွင် အရှုံးပေါ်ခဲ့သည်ဟု သိရသည်။

ရခိုင်မှ လယ်သမားများသည် စစ်ရေးကာလအတွင်း လယ်ယာလုပ်ငန်းများကို သွင်းအားစုများရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုအပါအဝင် အခက်အခဲအမျိုးမျိုးကြားမှ ကြိုးစားလုပ်ကိုင်ခဲ့ကြသော်လည်း စပါးပေါ်ပြီးနောက် အရောင်းအဝယ်မကောင်းသည့်အတွက် နှစ်စဉ်အရှုံးပေါ်နေပြီး မိသားစုစားဝတ်နေရေးများလည်း ခက်ခဲနေကြသည်ဟု သိရသည်။

ရခိုင်ပြည်တွင် ယခင်က စပါးစိုက်ဧကပေါင်း ၁၂ သိန်းခွဲကျော်ရှိခဲ့သော်လည်း မြို့သိမ်းတိုက်ပွဲများဖြစ်ပွားနေမှုကြောင့် စိုက်ပျိုးနိုင်သည့်ဧကထက်ဝက်ကျော်ခန့် မစိုက်ပျိုးနိုင်ဖြစ်နေရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ၏စာရင်းများအရ သိရသည်။

February 4, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူတွင် ထောင်ဝန်ထမ်းတစ်ဦးကို သတ်ပြီး အကျဉ်းသားငါးဦး...
February 3, 2026
ခိုင်လူလှ (ရိုးမမြေ) —  (စစ်ကော်မရှင်ဘက်က ၂၀ ကျော်သေဆုံးပြီး လက်နက်အများအပြားသိမ်းဆည်းရမိ...
February 2, 2026
သဉ္ဇာနွယ် — အကျအဆုံးများနေသည့်ကျောက်ဖြူစစ်မြေပြင်သို့ နောက်ထပ် စစ်ကူအင်အား ၄၀၀ ခန့်ကို...
January 31, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့် ရခိုင်ဒေသခံ ရေလုပ်သား...