ထိုင်းနိုင်ငံရှိ မွန်လူမျိုးနှင့် ဟံသာဝတီမွန်ဒေသအတွင်းရှိ မွန်လူမျိုးများကြား ပညာရေး၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် အနာဂတ်မွန်လူမျိုးရေးကိစ္စများ အရှိန်မြှင့် ပူးပေါင်းဆာင်ရွက်သွားနိုင်ရန် နှစ်နိုင်ငံမွန်ပေါင်းကူးရေးအဖွဲ့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က ထိုင်းနိုင်ငံ ဆူဖန်ဘူရီမြို့ပေါ်ရှိ မွန်ဘုန်းကြီးကျောင်းတွင် ဖွဲ့စည်းခဲ့သည်။
(၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိန်းအမှတ်အဖြစ် မွန်ဒေသအတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားပြုသူ ၁၀ ဦးနှင့် ထိုင်းနိုင်ငံအတွင်းရှိ မွန်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားပြုသူအပါအဝင် လေ့လာသူ ၁၀ ဦးထက်မနည်း ပါဝင်တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကြား မိတ်ဆက်ခြင်းအစီအစဉ်၊ လူမျိုးရေးကိစ္စများ တစ်စုတစ်စည်းတည်းသွားနိုင်ရန် အပြန်အလှန်ဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့သည်။
ကျယ်ပြန့်သောလူမျိုးရေးကိစ္စအရပ်ရပ်ကို အနာဂတ်တွင် ဆက်လက်ဆွေးနွေးနိုင်ရန် "နှစ်နိုင်ငံမွန်ပေါင်းကူးရေးအဖွဲ့"ကို ဆွေးနွေးပွဲမှ ဖွဲ့စည်းအတည်ပြုနိုင်ခဲ့သည်။
" အရင်ကဆို နှစ်နိုင်ငံပေါင်းစည်းဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ အခုချိန်မှာတော့ ထိုင်းနိုင်ငံက မွန်တွေလည်း အမြင်ကျယ်လာပါပြီး။ တွေ့ဆုံဆွေးနွေးပွဲရက်တုန်းကဆိုရင် ထိုင်းမွန်တွေက ကျနော်တို့ကို တွေ့တော့ ပီတိဖြစ်လို့ မျက်ရည်ပါကျတယ်။ အဲတော့ ကျနော်တို့ဘက်က ဘယ်လိုဖြစ်ချင်တဲ့ဆန္ဒတွေ သူတို့ဘက်က ဖြစ်ချင်တဲ့ဆန္ဒတွေအပြန်အလှန်ဆွေးနွေးပြီး ဒီအဖွဲ့ကိုဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်တစ်ခုရလာတာပေါ့နော"ဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဥက္ကဋ္ဌဆရာတော်မှ IMNA သို့ မိန့်ကြားသည်။
ဘာသာစကားစာပေဆိုင်ရာ ကိစ္စများအပြင် ထိုင်းနိုင်ငံရှိ မွန်ရွှေ့ပြောင်းလုပ်သားများ အကြမ်းဖက်ခံရမှု၊ လိမ်လည်ခံရမှုနှင့် အခွင့်အရေးချိုးဖောက်မှုဆိုင်ရာကိစ္စများကို ထိုင်းနိုင်ငံ၏ တရားဥပဒေအတိုင်း တိုင်ကြားနိုင်ရန်၊ တိုင်းရင်းသားများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို လာမည့်ထိုင်းလွှတ်တော်အသစ်တွင် တင်ပြတောင်းဆိုနိုင်ရန် ဘန်ကောက်မွန်လူငယ်များအဖွဲ့မှ ကိုယ်စားပြုသူတစ်ဦးက ဆွေးနွေးပြောဆိုသည်။
" နေထိုင်ခွင့် ကဒ်ပြားအမျိုးမျိုးရဖို့အတွက် မွန်တွေလိမ်လည်ခံရတာတွေများနေတယ်၊ အရင်ကတည်းကလည်း အလုပ်သမားများဖြစ်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေအတွက် လွှတ်တော်ကအတည်ပြုထားတာရှိတယ်၊ လာမဲ့လွှတ်တော်မှာလည်း ဒီကိစ္စတွေကို ကျနော်တို့ဆက်လက်တိုက်တွန်းသွားမယ်၊ ဆိုတော့ ဒီနေ့ နှစ်နိုင်ငံကြားဆွေးနွေးပွဲမှာ အလုပ်သမားတွေရဲ့ကိစ္စက မျက်ကွယ်ပြုထားလို့မရဘူးလို ကျနော်မြင်ပါတယ်"ဟု ဆိုသည်။
မွန်လူမျိုးအနေဖြင့် ကိုယ်ပိုင်နယ်မြေဒေသ မတည်ဆောက်နိုင်သော်လည်း စာပေယဉ်ကျေးမှုဆိုင်ရာ တည်တံ့ခိုင်မြဲရေး၊ ကာကွယ်ရန်အခွင့်အရေးရှိနေသည့်အပေါ် "နှစ်နိုင်ငံမွန်ပေါင်းကူးရေးအဖွဲ့"မှ အတူတကွပါဝင်ကြိုးပမ်းသွားမည်ဟုလည်း သဘောတူညီမှု ရယူထားသည်။

ထိုင်းနိုင်ငံတွင် ယနေ့အထိ ပထုမ်ဌာနီ၊ နွန်ထဘူရီ၊ စမွတ်စခွန်၊ စမွတ်ပရကန်၊ ကန်ချနပူရီနှင့် ရတ်ချဘူရီကဲ့သို့ ပြည်နယ်များတွင် မွန်ရွာ၊ မွန်အဖွဲ့အစည်းများ ကျန်ရှိနေသေးပြီး မွန်နှင့်သက်ဆိုင်သည့် ပွဲတော်များကိုလည်း ကျင်းပလျက်ရှိသည်။
မွန်မျိုးနွယ်စုများသည် ထိုင်းနိုင်ငံတွင် အရေအတွက်အားဖြင့် တစ်သန်းဝန်ကျင် ကျန်ရှိနေသေးသော်လည်း မွန်ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုများ ဆက်လက်ထိန်းသိမ်းသူ တစ်သောင်းပင်မပြည့်တော့ကြောင်း သုတေသနအဖွဲ့များမှ ဖော်ပြထားသည်။
ယခု"နှစ်နိုင်ငံမွန်ပေါင်းကူးရေးအဖွဲ့"သည် မွန်မျိုးနွယ်စုများ မပျောက်ကွယ်ရန် များစွာသောအခွင့်အလမ်းများရှိလာမည်ဖြစ်ပြီး ဘာသာရေးနှင့်ယဉ်ကျေးမှုကိစ္စများသာ ဦးစားပေးလုပ်ဆောင်ပါက ပူးပေါင်းရေးကိစ္စ ပိုမိုအောင်မြင်မည်ဟုလည်း အထက်ပါ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌဆရာတော်မှ မိန့်ကြားထားသည်။







