ဖလမ်းမှာ စစ်တပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ Grade – 10 ကျောင်းသူ သေဆုံး

ဖလမ်းမှာ စစ်တပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ Grade – 10 ကျောင်းသူ သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ လုံဟော့ ( Lunghawh ) ကျေးရွာကို စစ်ကော်မရှင်က မနေ့ မတ်လ ၈ ရက်နေ့က အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လုံဟော့ ဒေသခံ ၁၉ နှစ်အရွယ် အမျိုးသမီးသေဆုံးပြီး ၎င်း၏ မိခင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ်ဟာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ အသေခံဒရုန်းတိုက်ခိုက်မှုကြောင့် လုံဟော့ကျေးရွာရှိ နေအိမ်တစ်လုံးကို မနေ့ မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး (Grade – 10) တက်နေတဲ့ ကျောင်းသူ Mai Ruth Van Lal Tha Nei Thiang ဟာ နေရာမှာတင် သေဆုံးသွားပြီး ၎င်းရဲ့ မိခင်ဖြစ်သူမှာလည်း ခြေထောက်နှင့် လက်တို့မှာ ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ လုံဟော့ ကျေးရွာ AG ဘုရားကျောင်းနားလောက်မှာရှိတဲ့ နေအိမ်တစ်လုံးကို စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဒရုန်းဗုံး ထိမှန်ခဲ့တာဖြစ်တယ် အဲဒီချိန်မှာ သေဆုံးသူ အမျိုးသမီးလေးက ထမင်းချက်နေတဲ့ချိန်ဖြစ်တယ် အဲဒီမှာ ဒရုန်းဗုံးထိမှန်သေဆုံးသွားတယ်၊ သူမိခင်လည်း ဒဏ်ရာအပြင်းအထန် ရတယ်လို့ သိရတယ်” လို့ပြောပါတယ်။

မတ်လ (၇) ရက်နေ့ကလည်း ဖလမ်းမြို့နယ် Simzawl ကျေးရွာနေ အသက် ၁၄ နှစ်အရွယ် Val Thian Nun Tang ဟာလည်း စစ်ရှောင်နေတဲ့ နေရာကနေ သူငယ်ချင်းနှစ်ယောက်နဲ့ အတူ ရွာထဲ ပစ္စည်းများသွားယူဖို့ ပြန်လာတဲ့ချိန် စစ်ကော်မရှင်တပ်ဖွဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ခဲ့ပြီး နေရာမှတင် အသက်ဆုံးရှုံးခဲ့ပြီး ၎င်းနှင့် အတူပါလာတဲ့ သူငယ်ချင်းနှစ်ဦးလည်း ခြေတောက်တွေမှာ ဒဏ်ရာအပြင်းထန် ရခဲ့တယ်လို့လည်း သိရပါတယ်။

မနေ့ကတော့ ဖလမ်းမြို့နယ်ထဲက Lunghaw ကျေးရွာနဲ့ Simzawl ကျေးရွာတွေကို စစ်ကော်မရှင်ပစ်ခတ်လိုက်တဲ့ ဒရုန်းဗုံးတွေ ကျရောက်ခဲ့ပြီး ဒေသခံတွေ ထိခိုက် သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၁၃ ရွာခန့်က ဒေသခံပြည်သူ ၅ ထောင်ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲ စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဖလမ်းမြို့ပြန်လည်ရရှိရေးအတွက် စစ်အင်အားထောင်ချီအသုံးပြုတိုက်ခိုက်နေသလို လေကြောင်းပစ်ကူ၊ ဒရုန်းတွေ အသုံးပြုပြီးလည်း တိုက်ခိုက်လာတာ ၄ လကျော် ဝန်းကျင် ရှိနေပြီး ဒီကနေ့ အချိန်ထိ ချင်းလက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ အပြန်အလှန် ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလေ့ရှိနေပါတယ်။

June 20, 2026
ဖိနှိပ်မှုတွေကြားက မတုန်လှုပ်ဘဲ မိမိယုံကြည်ချက်ကို ခိုင်မြဲစွာရပ်တည်လျက်...
June 19, 2026
ချင်းပြည်နယ် တီးတိန်မြို့နဲ့ ရိဒ်ခေါ်ဒါရ် (အိန္ဒိယ - မြန်မာ) နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က...
June 18, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို ရက်ပေါင်း ၃၀ အတွင်း...
June 17, 2026
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ပြစ်ဒဏ်ကျခံပြီးသား...