နမ့်ဖတ်ကာမှာ နေအိမ်မီးလောင်ရာကနေ မြေးအဖွားနှစ်ဦး သေဆုံး

နမ့်ဖတ်ကာမှာ နေအိမ်မီးလောင်ရာကနေ မြေးအဖွားနှစ်ဦး သေဆုံး

ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ နေအိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၂ ဦးအသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၈ ရက်နေ့ မနေ့ည ၈ နာရီခွဲမှာ နမ့်ဖတ်ကာမြို့ ရပ်ကွက် (၆)မှာ နေအိမ်တစ်အိမ် မီးလောင်ရာကနေ မြေးအဖွား ၂ ဦး အသက်သေဆုံးခဲ့တာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

“အိမ်ထဲမှာ ဓာတ်ဆီပုံးနဲ့အနီးကပ်မှာ မီးခြစ်နဲ့လားဘာနဲ့လား ခြစ်မီးကနေစပြီး မီးစလောင်ကျွမ်းလာတာလို့ သိရတယ်။ အဖွားဖြစ်သူနဲ့ မြေးဖြစ်သူ ကလေးမလေး မီးထဲသေဆုံးသွားတယ်။ အဖိုးဖြစ်သူနဲ့ မြေးလေးတစ်ယောက်က လွတ်တယ်။”လို့  ပြောပါတယ်။

 မီးလောင်မှုဖြစ်တဲ့နေအိမ်ဟာ ဦးအိုက်စိုင်းဆိုသူရဲ့နေအိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ဦးအိုက်စိုင်း ဇနီး ဒေါ်အန်ဟေမ်နဲ့ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် မြေးမလေးတို့ဖြစ်တယ်လို့သိရပါတယ်။

ဒေသခံတွေပြောချက်အရ နေအိမ်မီးလောင်မှုစဖြစ်တာဟာ နေအိမ်ထဲမှာရှိတဲ့ ဓာတ်ဆီပုံးမှာ မီးစွဲရာကတစ်ဆင့် စတင်လောင်ကျွမ်းခဲ့တာလို့ သိရပြီး မီးလောင်မှုကြောင့် အိမ်တွင်းပိုင်ဆိုင်မှုအားလုံးလည်း ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

နမ့်ဖတ်ကာမြို့မှာ နေအိမ်မီးလောင်မှုမကြာခဏဖြစ်ပွားနေပြီး အဓိက မီးလောင်ရတဲ့အကြောင်းရင်းက မီးအသုံးပြုမှု သတိမထားတာကြောင့် ဖြစ်ပွားတာများတယ်လို့ ဆိုပါတယ်။

“မီးလောင်တာတွေကို ကြည့်လိုက်ရင် မိသားစုဝင်တွေ မီးအသုံးပြုမှုပေါ့ဆတာကြောင့် များတယ်။ မီးလောင်ပြီဆိုတာနဲ့ တစ်ခါတည်း ငြိမ်းသတ်နိုင်ခြင်းလည်း မရှိဘူး။ အဓိက မီးသတိပြုမှု အားနည်းကြတယ်။ အခုတစ်ခေါက်ရော၊ ရှေ့တစ်ခေါက်တွေမှာရော မီးလောင်တာတွေက လျှပ်စစ်မီးလျှော့တာကြောင့် လောင်တာမပါသေးဘူး။” လို့ နမ့်ဖတ်ကာ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

 နမ့်ဖတ်ကာမြို့မှာ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ဒီနှစ်အတွင်း နေအိမ်မီးလောင်မှု ၄ ကြိမ်ဖြစ်ပွားပြီလို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားတိုင်း နမ့်ဖတ်ကာမြို့မှာတာဝန်ရှိတဲ့ မီးသတ်ရုံးတွေဘက်မှ မီးလောင်တဲ့အိမ်ကို ချက်ချင်းမရောက်နိုင်တာမျိုးတွေ တာဝန်ရှိအုပ်ချူပ်ရေးအပိုင်းမှ တာဝန်ယူလုပ်ဆောင်ရမယ့်အရာ၊ အားနည်းနေသေးတဲ့အရာတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ထောက်ပြပြောဆိုပါတယ်။

နမ့်ဖတ်ကာမြို့ကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO က ထိန်းချူပ်ထားတာဖြစ်ပြီး မြို့တွင်း တအာင်းတပ်ဖွဲ့ TNLA နဲ့ ကိုးကန့် MNDAA တို့လည်း ရုံးစိုက်ထားကာ မြို့တွင်း အုပ်ချူပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဝိုင်းဝန်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...