မွန်ပြည်နယ် ဆားလုပ်ငန်း ပြန်လည်ကုစားနိုင်ရန် ဆားလုပ်ငန်းရှင်များကြိုးပမ်းနေ

မွန်ပြည်နယ် ဆားလုပ်ငန်း ပြန်လည်ကုစားနိုင်ရန် ဆားလုပ်ငန်းရှင်များကြိုးပမ်းနေ

မွန်ပြည်နယ် ဆားလုပ်ငန်း ယမန်နှစ်က ရာသီဥတုမတည်ငြိမ်မှုနှင့် လုပ်သားရှားပါးမှုပြဿနာများကြောင့် ဆားထုတ်လုပ်မှုလျော့ကျကာ အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်ဆားရာသီတွင် ဆားပိဿာချိန်ပိုမိုထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြကြောင်း ဆားလုပ်ငန်းရှင်များက ဆိုသည်။

ယခုနှစ်ဆားရာသီတွင် အလုပ်သမားလုံလောက်မှုရှိနေပြီး ရာသီဥတုအခြေအနေ တည်ငြိမ်နေအတွက် ဆားလုပ်ငန်းရှင်များ ဆားကြုံးနိုင်မှုအရေအတွက် ၆ ကြိမ်အထိရှိပြီး အလေးချိန်အားဖြင့် ရေးနှင့်သံဖြူဇရပ်မှ ဆားလုပ်ငန်းရှင်တစ်ဦးလျှင် ပိဿာ ၈ သောင်းအထိ ရရှိနေပြီးဖြစ်သည်။

ထို့ကြောင့် ယမန်နှစ်က ဆုံးရှုံးမှုများ ပြန်လည်ကုစားနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ရေးမြို့နယ် ပလိုင်ကီးရွာမှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဒီနှစ်မှာတော့ မနှစ်ကလို အခက်အခဲကြီးကြီးမားမား မကြုံရသေးဘူး။ အလုပ်သမားတွေလည်း လုံလောက်တယ်။ ရာသီဥတုလည်း အဆင်ပြေနေတာကြောင့် ဆားထုတ်လုပ်မှု ပိုကောင်းလာအောင်ပဲ ကြိုးစားနေတယ်။ မိုးလေဝသပညာရှင်တွေကတော့ ဒီနှစ်မိုးရွာနောက်ကျမယ်လို့ပြောတယ်။ ဒါဆို အခေါက် ၁၀ ခေါက်ကျော်ကျော်လောက် ဆားကျုံးနိုင်မယ်လို့ မျှော်လင့်တယ်” ဟု ဆိုသည်။

ဆားကြမ်းတစ်ပိဿာ လက်ရှိပေါက်ဈေး ၅၀၀ ကျပ်ရှိနေပြီး ဈေးနှုန်းအတော်အသင့် အဆင်ပြေကြောင်းလည်း ဆက်ပြောသည်။

ယမန်နှစ် ဆားထုတ်လုပ်မှုရာသီတွင် လမ်းပန်းဆက်သွယ်ရေး မလုံခြုံမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ဆားလုပ်သားများ မွန်ပြည်နယ်သို့ လာရောက်လုပ်ကိုင်နိုင်ခြင်း မရှိခဲ့သည့်အပြင် ဧပြီလပိုင်းမှစ၍ မိုးများရွာသွန်းသဖြင့် ဆားထုတ်လုပ်မှုကို အချိန်မတိုင်မီ ပိတ်သိမ်းခဲ့ရသည်။

ဆားထုတ်လုပ်မှုတွင်လည်း မျှော်မှန်းထားသည့် ပမာဏ၏ ထက်ဝက်ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး ငွေကျပ်သိန်းထောင်ချီ ဆုံးရှုံးမှုရှိခဲ့သည်ဟု ဆားလုပ်ငန်းရှင်များက ပြောသည်။

“မနှစ်ကဆို ကျနော်တို့ ငှားထားတဲ့ အလုပ်သမားတွေ လုံခြုံရေးအခြေအနေကြောင့် မလာနိုင်ကြတာပါ။ ပြီးတော့ ဧပြီလ ၁၁ ရက်နေ့ကစပြီး မိုးရွာလာတော့ သင်္ကြန်တောင် မရောက်ဘူး ဆားလုပ်ငန်း ပိတ်သိမ်းလိုက်ရတယ်။ အဲဒါကြောင့် ကျနော့်မှာရှိတဲ့ ဧက ၃၀ က ဆားပိဿာ ၁ သိန်း ၈ သောင်းလောက်ပဲ ထုတ်နိုင်ခဲ့တယ်” ဟု သံဖြူဇရပ်မှ ဆားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဆားပိဿာချိန် သောင်းနှင့်ချီပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ဆားကြမ်းတစ်ပိဿာ ၁၀၀၀ ကျပ်အထိ စံချိန်တင်ရောက်ရှိခဲ့သော်လည်း တောင်သူများထံ ဆားလက်ကျန်မရှိသဖြင့် ပွဲစားများနှင့် ကုန်သည်များသာ အကျိုးအမြတ်ရရှိခဲ့သည်။

ပုံမှန်အားဖြင့် ဆားရာသီတစ်ခုတွင် ဧက ၃၀ ခန့်ရှိသည့် လုပ်ငန်းရှင်တစ်ဦးလျှင် ဆားပိဿာချိန် ၃ သိန်း ၈ သောင်းဝန်းကျင် ထုတ်လုပ်နိုင်သော်လည်း ယမန်နှစ်က ပုံမှန်အောက်  ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဆားလုပ်ငန်းသည် မွန်ပြည်နယ်ဒေသခံများအတွက် အရေးကြီးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်ပြီး သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် ဆားအများဆုံးထွက်ရှိသည့်  ဒေသဖြစ်သည်။

April 21, 2026
မွန်ပြည်နယ်၊ ရေးမြို့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ ၁၉)...
April 20, 2026
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီး ရန်ကုန် -...
ပုံ-Nay Naw(facebook)
April 11, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ...
April 10, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့်...