တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာအတွင်း နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားသည့် စစ်ကော်မရှင် ဝင်းဝတပ်စခန်းကို KNLA နှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်မှ ထုတ်ပြန်သည်။
ဝင်းဝတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်မှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၇) ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ မတ်လ(၁၁)ရက်နေ့ ညနေ ၄ နာရီအချိန်တွင် အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်း နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ နှစ်ရက်တာတွင် သရက်ချောင်းမြို့နယ်အတွင်း တိုက်ပွဲအပြင်းထန်ဆုံးအခြေအနေဖြစ်ခဲ့ပြီး စစ်ကော်မရှင်မှ ရေကြောင်းနှင့် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း သရက်ချောင်းဒေသခံတစ်ဦးက ဆိုသည်။
“ တိုက်ပွဲကတော့ ဝင်းဝအနီးတဝိုက်မှာ ဂုံညှင်းဆိပ်ဘက်မှာ တိုက်ပွဲဖြစ်နေတာ မတ်လ ၁၀ရက်နဲ့ ၁၁ရက်နေ့ နှစ်ရက်ကတော့ တိုက်ပွဲ တစ်နေကုန် ဖြစ်နေတာ မနက်ကနေ ညနေအထိပဲ ဖြစ်နေတာ လေယာဉ်နဲ့လဲ ဗုံးကြဲတယ် ရေတပ်ကနေလဲ ပစ်နေကြတယ် စက်သေနတ်တွေနဲ့လဲ ပစ်သေးတယ် ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့မတ်လ ၁၁ ရက်နေ့တွင် နံနက် ၁၁ နာရီ ၄၀ မိနစ် တွင် လေယာဉ်ဖြင့် မင်းဒပ်ရွာအနီးကို နှစ်လုံး ကြဲချခဲ့ပြီး စက်သေနတ်များဖြင့်လည်း လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းလည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စခန်းသိမ်းတိုက်ပွဲကြောင့် တစ်လကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည့် သရက်ချောင်းမြို့နယ်တွင် ဖေဖော်ဝါရီပထမအပတ်ကစ၍ ကျေးရွာ (၂၀) ရွာမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။
၎င်းအပြင် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၏ ပလောက်-သရက်ချောင်းလမ်းပိုင်းကိုလည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ယနေ့အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားဆဲဖြစ်ပြီး ဖုန်းလိုင်းလည်း ဖြတ်တောက်ခံထားရသဖြင့် မြေပြင်သတင်းအချက်အလက်ပြတ်တောက်လျှက်ရှိပြီး အကူအညီပေးသူများ မရောက်ရှိနိုင်ကြောင်းလည်း စစ်ရှောင်ဒေသခံများမှ သိရသည်။
နှစ်ဖက်တိုက်ပွဲနှင့်အတူ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရရှိမှုများ ရှိနေသည့်အပြင် နေအိမ်အဆောက်အအုံ မီးလောင်ပျက်စီးမှုများ ရှိခဲ့သော်လည်း မြေပြင်ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်များကို IMNA မှ အတည်ပြုနေဆဲဖြစ်သည်။







