ရခိုင် ဆားလုပ်ငန်း သိသိသာသာ ထိုးကျလာ

ရခိုင် ဆားလုပ်ငန်း သိသိသာသာ ထိုးကျလာ

ရခိုင်ပြည်တွင်း ထုတ်ကုန်တစ်ခုဖြစ်သော ဆားလုပ်ငန်းမှာ ဈေးကွက် အာမခံချက် မရှိခြင်း၊ ဝယ်လိုအားနည်းပါးခြင်းနှင် လက်ရှိ ကုန်ဈေးနှုန်း အခြေအနေတို့ကြောင့် သိသိသာသာ ထိုးကျလာနေသည်ဟု ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ရခိုင်တွင် ဆားလုပ်ဧက ၁,၀၄၀ ကျော်ရှိခဲ့သော်လည်း ယခုနှစ်တွင် စစ်ရေး၊ ဈေးကွက် မရှိသည့်အပြင် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အတူ အရင်းအနှီးစရိတ် ကြီးမြင့်မှုတို့ကြောင့် ဧက ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“စစ်ရေးအခြေအနေတွေ၊ ဒီဇယ်ဈေးနှုန်း ကြီးမားတာတွေနဲ့ စက်ပစ္စည်းရရှိမှု ခက်ခဲမှုတွေကြောင့် လက်ရှိ ဆားလုပ်ဧက ၇၀၀၊ ၈၀၀ လောက်ပဲ ရှိတော့တယ်။ ဆားတွေကိုလည်း ဈေးနှိမ်ခံရတာ တွေရှိတယ်။ ဆားထုတ်လုပ်မှု ကုန်ကျစရိတ်က တစ်ပိဿာကို ငွေ ၁၅၀ ဆိုရင် ကုန်သည်တွေက ၁၀၀ ပေးပြီး ဝယ်တာမျိုးတွေ ရှိတယ်။ အဲဒီလို အခက်အခဲတွေ ကြုံရတာကြောင့် ဆားထုတ်လုပ်မှုတွေ နည်းပါးလာတာ” ဟု ကျောက်ဖြူမြို့ သံဇစ်ရင်ခွင် အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးထွန်းကြွယ်က ပြောသည်။

ဆားလုပ်ရာသီနှင့်အတူ ဆားပေါများသော်လည်း တစ်ပိဿာလျှင် ငွေကျပ် ၁၀၀ နှင့်တောင် ဝယ်မည့် ကုန်သည်မရှိသည့် အခြေအနေများကိုလည်း ကြုံနေရကြောင်း ၎င်းက ဆက်ပြောသည်။  

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ကြာ ၂၀၀၄ ခုနှစ်အထိ ရခိုင်တွင် ဆားလုပ်ဧက သုံးသောင်းကျော်ထိ ရှိခဲ့ပြီး ယင်းနောက်ပိုင်း ကုန်သည်ကြီးများ၏ လက်ဝါးကြီးအုပ်စိုးမှုနှင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှုမရှိတော့သဖြင့် ဆားလုပ်ငန်းမှာ အကျဘက်သို့ ဦးတည်ခဲ့ရသည်။

ရခိုင်ဒေသအတွင်း ဆားကို ကျောက်ဖြူမြို့နယ်တွင် အများဆုံး လုပ်ကိုင်ပြီး သံတွဲ၊ ဂွ၊ စစ်တွေ၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင်လည်း လုပ်ကိုင်ကြသည်။

ကျောက်ဖြူမြို့နယ်တွင် အများဆုံးဖြစ်ကာ သံတွဲ၊ ဂွ၊ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင် စသည့်မြို့နယ်များတွင် အနည်းငယ် လုပ်ကိုင်ကြကြောင်း သိရသည်။

ပေါက်တော ဒေသခံတစ်ဦးက “ကျနော်တို့ ဖက်မှာဆိုရင်လည်း အရင်တုန်းက ဆားလုပ်ငန်းကို အကြီးအကျယ် လုပ်ခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စပြီးတော့ ဆားလုပ်သူတွေ နည်းလာ တယ်။ အဓိကတော့ ဈေးကွက် အာမခံချက် မရှိတာတွေကြောင့် ဖြစ်တယ်။ နောက်ပြီး အရည်အသွေး မပြည့်မီတာကြောင့် ပြည်ပဈေးကွက်မဝင်တော့ ပြည်တွင်းမှာပဲ ဖြစ်သလို ထုတ်ကြရတယ်။ အခုဆိုပိုဆိုးတာပေါ့။ စစ်ပွဲလည်း ကူးသန်းရောင်းဝယ်မှုလည်း မရှိတော့ အနည်းအကျဉ်းလောက်ပဲ လုပ်ကြတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်က တိုက်ပွဲဧရိယာ ကျယ်ပြန့်လာမှုနှင့်အတူ မြို့နယ်ချင်းဆက် ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ထားသည့်အတွက် ရခိုင်ပြည်နေရာအနှံ့ကို ဆား မပို့နိုင်သောကြောင့် အရှုံးပေါ်ခဲ့ကြရသည်။

လက်ရှိ ရခိုင်တွင် ဒေသတွင်းအနည်းအကျဉ်း ထုတ်လုပ်ထားသော ဆားကို သုံးစွဲနေခြင်းဖြစ်ပြီး အိန္ဒိယဘက်မှာလည်း ဆားတင်သွင်းမှုများ ရှိနေသည်။ အိန္ဒိယ ဆား ၁ ကီလိုကို မြန်မာငွေကျပ် ၃,၀၀၀ ကျပ်နှင့် ရခိုင် ဆား ၁ ကီလိုမှာ ငွေကျပ် ၁,၀၀၀ သာ ပေါက်ဈေးရှိကြောင်း သိရသည်။

ဆားလုပ်ငန်းမှာ ရခိုင်ဒေသအတွင်း အရေးပါသော ထုတ်ကုန်တစ်ခုဖြစ်သလို ပြည်တွင်း စီးပွားရေး လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ ယခင်က ရခိုင်ဆားမှာ ပြည်ပဈေးအထိ ထိုးဖောက်နိုင်ခဲ့သဖြင့် ရခိုင် ဆားလုပ်ငန်း ဦးမော့လာရေး ဆောင်ရွက်သင့်ကြောင်း လုပ်ကိုင်သူများက အကြံပြုထားကြသည်။

“ကျနော်တို့ ဆားတောင်သူတွေကို ချေးငွေ‌ ချေးပေးတာထက် ခိုင်မာတဲ့ ဆားဈေးကွက် တစ်ခု ဖော်ဆောင် ပေးစေချင်တယ်။ ချေးငွေ ရလာလို့ ဆားတွေ ရောင်းမထွက်ရင် ကျနော်တို့ အဆင်မပြေတော့ဘူး။ ကျနော်တို့မှာ ထုတ်လုပ်ဖို့ နည်းပညာရှိတယ်။ အဓိက ဈေးကွက်ပဲ လိုနေတာပါ” ဟု ဦးထွန်းကြွယ်က ပြောသည်။

လက်ရှိကာလတွင် ဆားလုပ်ငန်းနှင့်ပတ်သက်၍ ပြည်တွင်း၌ ကောင်းမွန်သော ဈေးကွက်တစ်ခု ဖန်တီးနိုင်ပါက ဒေသခံများအတွက် အကျိုးဖြစ်ထွန်းမှုများ ရှိလာနိုင်ကြောင်း ဆားတောင်သူများက ပြောဆိုနေကြသည်။ 

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...