“ဖာပွန်မြို့က ကျနော်တို့ ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားတယ်။” ဗိုလ်မှူးချုပ်စောဂီနွီး

“ဖာပွန်မြို့က ကျနော်တို့ ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားတယ်။” ဗိုလ်မှူးချုပ်စောဂီနွီး

KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုဗျူဟာကြောင့် မြေပြင်စစ်ကြောင်းများတိုးမပေါက်နိုင်ဘဲ လေကြောင်းကိုသာအားထားနေရသည့် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး တပ်မဟာ(၅)နယ်မြေအတွင်း စစ်အုပ်စုအာဏာသိမ်းထားသည့်တစ်လျှောက် KNLA ၏ စခန်းသိမ်းပိုက်နိုင်မှုအခြေအနေ၊ တဖက်တွင်လည်း ခွဲထွက်ကရင့်လက်နက်ကိုင်များနှင့် ရင်ဆိုင်နေရသည့် ပကတိအနေအထားများကို သိရှိနိုင်ရန် အဆိုပါ တပ်မဟာ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းထားသည်။

မေး။ မူတြော်ခရိုင်ထဲမှာ အခုစစ်ရေးအခြေအနေတွေက ဘယ်လိုရှိလဲ ပြောပြပေးပါအုံး။

ဖြေ။ ကျနော်တို့ မူတြော်မှာတော့ စကစတွေက တပ်မဟာ(၂)နဲ့ တပ်မဟာ(၃)ဘက်က လူသောမြို့နယ်ထဲကလယ်မူပလော၊ စော်မူပလော အဲဒီဘက်မှာရှိတာများတယ်။ ဒီဘက်အောက်ဘက်မှာတော့ ဖာပွန်ကနေကမမောင်းလမ်းမှာက ဖာပွန်တစ်နေရာ၊ ကတိုင်တိရယ်၊ ကမမောင်းရယ် အဲဒီနေရာမှာရှိသေးတယ်။ အဲဒီမှာသွားလာမရအောင် ကျနော်တို့ဘက်က ပိတ်ဆို့ထားတယ်၊ အနေအထားကအဲလိုရှိတယ်။

မေး။ ဖာပွန်မြို့ကိုရော KNLA ဘက်က ဘယ်လောက်ထိန်းချုပ်နိုင်ပြီလဲ။

ဖြေ။ ပြောရမယ်ဆိုရင် ဖာပွန်မြို့က ကျနော်တို့ ၇၀ ရာခိုင်နှုန်းအထိတော့ထိန်းချုပ်ထားတယ်။ တပ်စခန်းက ဗျူဟာနေရာတစ်နေရာရှိတယ်။ တပ်ရင်းက ခြေမြန်တပ်ရင်း အမှတ် ၃၄၀ နဲ့ ၃၄၁ ရှိတယ်။ အဲ့မှာက တပ်စခန်း တစ်ခုနဲ့ဗျူဟာတစ်ခုကျန်တယ်။ စစ်တပ်အရေအတွက်ကတော့ ၆၀၀ ကျော်ကျော်လောက်ပဲ ကျန်တော့တယ်။ အမျိုးသမီး၊ အမျိုးသား သူတို့မိသားစုဝင်တွေအပါအဝင်ပေါ့။ ကျနော်တို့ဘက်ကတော့ အဲဒီမှာရှိတဲ့စစ်ကောင်စီတပ်တွေ အပြင်ထွက်သွားလာမရအောင် ပိတ်ဆို့ထားတယ်။ နောက်ပြီး ကျနော်တို့သိမ်းပြီးသားစခန်းတွေကို ရန်သူတွေပြန်တက်မရအောင်လည်း လုပ်နေရတယ်။

ကျနော်တို့ဖာပွန်ကို ပိတ်ဆို့တိုက်ခိုက်တာ တစ်နှစ်ကျော်၊ နှစ်နှစ်ရှိတော့မယ်။ ဒီတစ်နှစ်ကျော်ထဲမှာ သူတို့ဘက်က စားနပ်ရိက္ခာတွေမရှိတော့ လေယာဉ်နဲ့တစ်ပတ်တစ်ကြိမ်လောက်လာပစ်ချတာရှိတယ်။ တစ်ခါတစ်လေ ၂ ကြိမ်။ အဲဒီအထဲမှာသူတို့မိသားစုဝင် ကလေး၊ လူကြီးရော၊ လူနာတွေရောရှိတော့ တစ်ခါတစ်ခါလာချရင် အထုပ် ၇၀ နဲ့ ၈၀ လောက်ရှိတယ်။ လက်နက်၊ ကျည်ဆံတွေအပါအဝင်ပေါ့။ စစ်အုပ်စုလာချတဲ့အထုပ်အချို့ဆို ကျနော်တို့ဘက်ကရတာတွေလည်းရှိတယ်။ အထူးသဖြင့် ဆန်၊ ဆား၊ ငါးသေတ္တာ အခြောက်အခြမ်းတွေ ရတာများတယ်။

ဖာပွန်ဗျူဟာရှိနေတာ ကျနော်တို့ဒေသအတွင်းမှာနေတဲ့လူထုတွေအတွက် အတော်အခက်အခဲဖြစ်တယ်။ ဖာပွန်-ကမမောင်းလမ်းကြောင်းတစ်လျှောက်မှာ သွားလာ လုပ်ကိုင်စားသောက်တာအဆင်မပြေခဲ့ဘူး။ ဖာပွန်တစ်မြို့ လုံးမှာရှိတဲ့စခန်းတွေဆိုရင်လည်း တကယ့် ဒေသခံတိုင်းရင်းသားလူထုတွေရဲ့ မြေနေရာတွေဖြစ်တယ်။ စခန်းလာချတော့ မြေတွေအကုန်သိမ်းပိုက်လိုက်တယ်။ စစ်အုပ်စုတပ်စခန်းတွေကြောင့် လူထုတွေ ဘိုးဘွားပိုင်မြေနေရာတွေပျောက်သွားတာ။ ဖာပွန်ဗျူဟာ လာစခန်းတည်တာပြောရမယ်ဆိုရင် နှစ်ပေါင်း ၇၀ ရှိတော့မယ်။

မေး။ တပ်မဟာ(၅)ရဲ့ ဘယ်နေရာတွေမှာ စစ်တပ်စခန်း ဘယ်လောက်ကျန်လဲ ပြောပြပေးပါလား။

ဖြေ။ တပ်မဟာ(၅)တစ်ခုလုံးမှာဆိုရင် ကျနော်တို့တက်ရောက်တိုက်ခိုက်သိမ်းယူတာတွေရော၊ သူတို့ဘာ သာသူတို့ဆုတ်ခွာလိုက်တာတွေရော ပေါင်းရင် အလုံး ၅၀ ကျော်တယ်။ အခုကျနော်တို့ တပ်မဟာ(၅) တစ်ခုလုံးမှာ စုစုပေါင်း စခန်း ၃၀ လောက်ကျန်သေးတယ်။ ခုနပြောသလို အောက်ဘက်မှာတော့ ဖာပွန်၊ ကတိုင်တိ၊ ကမမောင်း ကျန်တယ်။ အထက်ဘက်မှာဆိုရင်တော့ လူသောမြို့နယ်ထဲမှာ အများဆုံးပဲ။ တပ်မဟာ(၃)ဘက်မှာဆို မူသယ်ကားလမ်းအထိတောက်လျှောက်ကျန်သေးတယ်။

မေး။ အခုချိန် မြေပြင်မှာ စစ်အုပ်စုရှေ့တိုးတိုက်ခိုက်မှုအခြေအနေတွေက ဘယ်လိုရှိလဲ။

ဖြေ။ စစ်အုပ်စုတွေဘက်ကတော့ ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ်တွေသုံးတာများလာတယ်။ သူတို့ ပစ်ခတ်မှုတွေကလည်း တပ်ဘက်နေတဲ့နေရာမှာမပစ်ဘဲ၊ လူထုတွေနေတဲ့နေရာမှာပဲပစ်တယ်။ ပြီးတော့ ဘရားကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံတွေမှာ အဲလိုလိုက်ပစ်တော့ လူထုတွေအတွက် အကုန်ခက်ခဲသွားတယ်။

မေး။ မြေပြင်ဘက်မှာ‌ စစ်အုပ်စုစစ်ကြောင်းတွေတက်လာနိုင်တာရှိလား။

ဖြေ။ မြေပြင်မှာတော့ စစ်ကြောင်းတက်လာတာက ကမမောင်းလမ်းတက်လာတယ်။ ကတိုင်တိ ဘက်ကိုစစ်ကူတွေပေါ့။ သူတို့တက်လာတာက အင်အားတော်တော်သုံးများတယ်။ သူတို့ကြိုးစားပြီး တော့တက်လာပေမယ့်ဖောက်လို့မရဘူး။ ကျနော်တို့ဘက်ကလည်း ကြားဖြတ်ပစ်တော့ သူတို့ဘက်က ထိခိုက်မှုတွေများတယ်။ တပ်ရင်းမှူးတွေ၊ တပ်ခွဲမှူးတွေအထိ ထိခိုက်သေဆုံးတာတွေရှိတယ်။ သူတို့ရှေ့တိုးတယ်၊ မနိုင်ရင်ပြန်ဆုတ်တယ်၊ ထိခိုက်သေဆုံးမှုများလည်း သူတို့အဲလိုလုပ်တယ်။ မရရင် ဒရုန်းတွေ၊ Y12 တွေသုံးတယ်။ ကတိုင်တိမှာတော့ သူတို့အင်အားက ၃၀၀ လောက်ရှိတယ်။ ခြေကျင်နဲ့ပဲတက်လာတာ၊ ဝါးဒူးအထိပဲရောက်တယ် ထိုးဖောက်လို့မရဘူး။

မေး။ စစ်အုပ်စုစစ်ကြောင်းတက်လာတာက သူတို့ချည်းပဲလား၊ တစ်ခြားသူတို့နဲ့ပူးပေါင်းတဲ့ BGF တို့၊ ခွဲထွက် DKBA တို့ပါသေးလား။

ဖြေ။ စစ်အုပ်စုစစ်‌ကြောင်းတက်လာတာကို မကူညီဖို့ BGF တွေကို ကျနော်တို့အကြောင်းကြားထားတာ အရင်နှစ်ကတည်းက ရှိတယ်။ အဲဒီက BGF တွေကလည်း သူတို့က ဒီဒေသမှာရှိတဲ့ဒေသခံ ကရင်လူမျိုးတွေအချင်းချင်းပဲ။ စစ်အုပ်စုကို မကူညီပေးဘူးလို့ သူတို့ကပြောပေမယ့်လည်း စစ်အုပ်စု လစာကို သူတို့ယူထားတော့ မကူညီရင် နေလို့မရဲဘူး။ ကျနော်တို့ကိုလာပစ်တဲ့အထိ မရှိပေမယ့်လည်း စစ်အုပ်စုကို ကူညီတာတွေတော့ သူတို့လုပ်နေရတာပဲ။

စစ်အုပ်စုနဲ့ပူးပေါင်းလုပ်ဆောင်လို့ ကျနော်တို့ ကရင်အချင်းချင်းကွဲရတယ်။ သူတို့ဘက်က စစ်အုပ်စုကြိုးကိုင်ထားတော့ လွန်ဆန်လို့မရဘူး။ စစ်အုပ်စုခိုင်းရင် သူတို့လုပ်ရတာပဲ။ ရန်သူစစ်အုပ်စုက BGF ယူနီဖောင်းဝတ်ပြီးတက်လာတာရှိသလို BGF ကလည်း ရန်သူစစ်ယူနီဖောင်းဝတ်ပြီး တက်လာရတာတွေလည်း ရှိတယ်။ တစ်ခါတစ်လေ သေတဲ့အထဲမှာ BGF ယူနီဖောင်းဝတ်ပြီးသေတာရှိတယ်။  BGF ယူနီဖောင်းတွေလည်း တွေ့ရတော့ BGF ဘက်ကတော့ ပြောတယ်။ သူတို့မဟုတ်ဘူး။ စစ်အုပ်စုက သူတို့ယူနီဖောင်းဝတ်ပြီးတက်လာတာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့က စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်းရွက်မှုက တစ်ခုမဟုတ်တစ်ခုရှိတော့ ရှိမှာပဲ။ ကိုယ်က ကရင်လို့သတ်မှတ်ရင် ကိုယ့်ကရင်မြေကို ကိုယ်ချစ်ရင် ကော်သူးလေနိုင်ငံကိုလိုချင်ရင် ကိုယ့် အလုပ်ပဲကိုယ်လုပ်ရမယ်။ စစ်အုပ်စုအလုပ်ကိုလုပ်ပေးစရာမလိုဘူးလို့ ကျနော်ကတော့ အဲလိုမြင်တယ်။

နောက်ပြီး DKBA ဗိုလ်ဘိအဖွဲ့က အရင်တုန်းက တပ်မဟာ(၁)မှာပဲလုပ်တယ်။ အခုနောက်ပိုင်းက ဒီဘက်တက်လာတာရှိတယ်။ မပါဘူးလို့ ဘယ်လောက်ပြောပြော မျက်လုံးတွေက အများကြီးရှိတယ်။ ပြီးတော့ ဝတ်တဲ့ယူနီဖောင်းတွေက ထင်သာမြင်သာနေတာပဲ။ အဲဒါကြောင့်သူတို့လည်း စစ်တပ်ကိုကူညီတယ်လို့ ပြောလို့ရတယ်။

မေး။‌ အခုပြောခဲ့သလို သူတို့နဲ့စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိတဲ့အပေါ် ဘယ်လို အတားအဆီးအခက်အခဲတွေဖြစ်လဲ။

ဖြေ။ အခက်အခဲတွေက ဘယ်လိုရှိလဲဆိုရင် ဥပမာတစ်ခုနဲ့ပြလိုက်မယ်။ ဘာလဲဆိုရင် သူတို့က ဘုန်းကြီးတွေကို အသုံးပြုတယ်။ စစ်အုပ်စုက စစ်ကြောင်းတက်လာဖို့ ဘုန်းကြီးတွေကို အရင်ပေးသွားတယ်။ အရင်တုန်းကဆိုရင် တဟေးခိုမှာ ဘုန်းကြီးကျောင်း၊ ဘုရားတွေတည်ဖို့လာပြောတော့ ကျနော်တို့ဘက်ကတားဆီးတယ်။ ဘာလို့လဲဆိုရင် အခုချိန်မှာ ပဋိပက္ခတိုက်ပွဲတွေဖြစ်တဲ့ကာလ၊ ဘုရားတည်တာတွေမလုပ်သင့်ဘူးဆိုပြီး ကျနော်တို့ဘက်ကပြောတယ်။ တကယ်လို့လုပ်ရင် BGF တွေကို သူတို့ကလုံခြုံရေးယူခိုင်းမယ်။ BGF လုံခြုံရေးယူရင်သူများလာမပစ်ဘူးပေါ့၊ အဲလိုမျိုးနဲ့လုပ်တယ်။ ဒါက ကျနော်တို့ သတိထားရမယ့်အရာတစ်ခုပဲ။

မိုးတွင်းတုန်းကလည်း ဘောကျို့လယ်ရွာဘုန်းကြီးကျောင်းကို ပြန်ပြင်ဖို့လာပြောတယ်။ ဘောကျို့လယ်က တိုက်ပွဲဖြစ်တဲ့ ကတိုင်တိနဲ့နီးနီးပဲ။ ကျနော်တို့ကတော့ ခွင့်မပြုဘူး။ အဲလိုဖြစ်တော့ လူထုကြားထဲမှာ အဆင်မပြေဘူး။ အဲလိုလုပ်ရင်တိုက်ပွဲမဖြစ်တော့ဘူး၊ အေးအေးချမ်းချမ်းနေရမယ်ဆိုပြီး ထင်တာတွေရှိတယ်။ တစ်ဖက်မှာက ရန်သူအင်အားကြီးလာမယ်။ ရန်သူအင်အားကြီးလာရင် ရင်ဆိုင်ရမယ့်တိုက်ပွဲတွေက ပိုပြင်း ထန်လာမယ်။ နောက်ပြီး ဘာသာရေးပဋိပက္ခတွေလည်းဖြစ်လာနိုင်တော့ ပြေပြေလည်လည်ပြောရတယ်။ ဒါက ကျနော်တို့အတွက် BGF ကြားမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုလည်းဖြစ်တယ်။

မေး။ ကရင်တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှုက ဘယ်လောက်အထိအရေးပါလဲ၊ ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်လဲ။

ဖြေ။ ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNLA၊ DKBA၊ ငြိမ်းချမ်းရေးကောင်စီ(PC)၊ ကရင်နယ်ခြား စောင့်တပ်-BGF၊ ပြီးတော့ အခုပေါ်လာတဲ့ ကော်သူးလေတပ်မတော်-KTLA လက်နက်ကိုင်အဖွဲ့တွေကွဲသွားတာက ပြန်ကြည့်ရင်စိတ်မကောင်းစရာပဲ။ ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်ရင် ဖြစ်လာမယ့်အချိန်ရောက်လို့ဖြစ်လာတာ အဲလိုပဲသတ်မှတ်ရတာပေါ့။ ဒါပေမယ့် ကိုယ်ကကရင်လူမျိုးဖြစ်တယ်။ ကိုယ့်တစ်ဖွဲ့တည်း အတွက်ကြည့်ရမှာမဟုတ်ဘဲ ကိုယ့်တစ်မျိုးသားလုံးအတွက် ကြည့်ရမှာဖြစ်တယ်။

မေး။ တပ်မဟာ(၅)အနေနဲ့ တစ်ခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေရှိလဲ။

ဖြေ။ ပူးပေါင်းဆောင်ရွက်မှုအပိုင်းရှိတယ်။ အထူးသဖြင့် PDF တွေကတော့ ကျနော်တို့ နယ်မြေထဲမှာ လာအခြေချတာမရှိဘူး။ ဒါပေမယ့် ကျနော်တို့နယ်မြေမှာတော့ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်တဲ့သင်တန်းတွေလာရောက်သင်ယူတာတွေရှိတယ်၊ သွားသွားလာလာတွေရှိတယ်။ ကျနော်တို့လည်း သူတို့သွားလာတဲ့အပိုင်းပို့ဆောင်ပေးတာတို့ သူတို့ကိုနေခွင့်ပေးတာတို့ရှိတယ်။

ပြီးတော့ တိုက်ပွဲမှာလည်းပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ စစ်အာဏာရှင်ကို ပြန်တော်လှန်ဖို့ ကျနော်တို့နဲ့ပူးပေါင်းတာရှိတယ်။ ပူးပေါင်းမှုများတာက BPLA ပေါ့။ BPLA ကတော့ ဗမာပြည်နယ်ထူထောင်ဖို့ သူတို့ရည်မှန်းချက်ရှိတော့ ကျနော်တို့ဘက်ကလည်း သူတို့နဲ့ပူးပေါင်းဆောင်ရွက်တာရှိတယ်။

မေး။ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်းမှာ တပ်မဟာ ၅ နယ်မြေထဲ လူထုတွေထိခိုက်မှု၊ သေဆုံးမှုတွေရှိတယ်။ ရဲဘော်တွေလည်း အလားတူပဲ။ ဒီအပေါ်မှာ ဘယ်လို အားပေးစကားပြောချင်လဲ။

ဖြေ။ ဒီစစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်းမှာ လူထုတွေ အများကြီးပဲ နေအိမ်မှာမနေရတော့ဘူး၊ ပြောင်းရွှေ့တိမ်းရှောင်ရတယ်။ တချို့ကလည်း မိသားစု စုံစုံလင်လင်မနေရတော့ဘူး။ လူကြီး၊ လူငယ်၊ ကလေးသေဆုံးရတယ်။ တစ်ဦးချင်းဆီကို ကျနော်တို့သွားအားပေးလို့မရပေမယ့်လည်း သူတို့အားလုံးဟာ ကျနော်တို့လူမျိုးဖြစ်တယ်။ ကျနော်တို့မိဘ၊ မောင်နှမတွေဖြစ်တယ်။ သူတို့ရဲ့တန်ဖိုးကို အသိမှတ်ပြုရမယ်၊ သတိရရမယ်။ ကျန်တဲ့လူတွေအသက်ရှင်ရဖို့အတွက် သူတို့တွေက သေပေးရတယ်။

သူတို့ကို ကျနော်တို့တွေ တန်ဖိုးထားတယ်၊ ဂုဏ်ပြုတယ်။ စိတ်ထဲအတိုင်း သူတို့မိသားစုနဲ့အတူတူခံစားပေးတယ်။ တချို့က တပ်မဟာ(၄)မှာဖြစ်တယ်၊ တပ်မဟာ(၂)မှာဖြစ်တယ် သူတို့နဲ့မဆိုင်ဘူး၊ အဲလိုတွေးတာရှိမယ်။ ကျနော်တို့ လူမျိုးဖြစ်ရင် ကျနော်တို့ကိုထိသလို ကျနော်တို့မိသားစုဝင်ကိုထိသလို အဲလိုစိတ်ထားရမယ်။ ကျနော်တို့ လူထုတွေကိုပြောချင်တာက ဒီထက်မကတန်ဖိုးထားကြဖို့ပြောချင်တယ်။

နောက်ပြီး ကျနော်တို့ရဲဘော်တွေဘက်ပြန်ကြည့်ရင်လည်း တပ်မှူး၊ တပ်ဗိုလ်၊ တပ်ဖွဲ့ဝင်တွေက ကျနော်တို့နယ်မြေဒေသပြန်ထိန်းချုပ်နိုင်ဖို့အတွက် အသက်တွေ၊ ကိုယ်လက်အင်္ဂါတွေပေးရတာအများကြီး။ တချို့က အသက်ပေးရတယ်၊ တချို့က မိသားစုဝင်တွေချန်ထားရတယ်။ သူတို့သေဆုံးတာက ရိုးရိုး သေဆုံးတာမဟုတ်ဘဲ ဘိုးဘွားပိုင်မြေပြန်ရဖို့ သူတို့တွေက အသက်နဲ့ခန္ဓာပေးရတယ်။

လူထုတွေအပေါ် ခံစားရသလိုမျိုး အားလုံးက ကျနော်တို့ရဲဘော်တွေ၊ ကျနော်တို့သားသမီးတွေပဲ။ သူတို့ကျဆုံးရတာက ကျနော်တို့ တွေအသက်ရှင်ဖို့အတွက် သူတို့အသက်ပေးလိုက်ရတယ်လို့ ကျနော်စိတ်ထဲအဲ့လိုသတ်မှတ်တယ်။ ကျနော်တို့ခေါင်းဆောင်တွေပူးပေါင်းပါဝင်တဲ့ တပ်မှူးတပ်သားတွေအားလုံးလည်း အဲလိုစိတ်ထားဖို့၊ ကျန်တဲ့ မိဘမောင်နှမတွေကလည်း ကိုယ်သားသမီးမဟုတ်လည်း ကိုယ့်သားသမီး၊ ညီအစ်ကိုမောင်နှမဆိုတဲ့စိတ်ထားဖို့ ကိုယ်ချင်းစာစိတ်ထားကြဖို့ ပြောချင်ပါတယ်။

Most read this week

January 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ နယ်မြေမငြိမ်မသက်မှုကြောင့် တစ်လကျော် ကမ်းကူးသွားလာခွင့်...
မလေးရှားနိုင်ငံ Local Media Summit 2025 သို့ IPCM ကိုယ်စား ဦးတိုးဇော်လတ် တက်ရောက်ခဲ့စဉ်
January 20, 2026
မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခကြားထဲတွင် သတင်းသမားများ လုံခြုံစွာ သတင်းရယူပိုင်ခွင့်...
January 19, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ထဲရှိ ကျုံဒိုး၊ ကော့ကရိတ်၊ နဘူးစစ်အုပ်စု တပ်နယ်တပ်ရင်းများနှင့်...
January 17, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အဓိက ဝင်ငွေရပေါက်လမ်းအဖြစ် နယ်မြေတွင်း မူးယစ်ဆေးဝါး...