သံတွဲရှိပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေ လေးစီးထက်မနည်း စစ်နေဗီထံဖမ်းဆီးခံရ

သံတွဲရှိပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေ လေးစီးထက်မနည်း စစ်နေဗီထံဖမ်းဆီးခံရ

သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့် ငါးဖမ်းစက်လှေလေးစီးထက်မနည်းသည် စစ်ကော်မရှင်နေဗီထံ ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ ငါးဖမ်းထွက်ပြီး ပိုက်ချနေသည့်စက်လှေများကို ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်နေ့၊ နံနက်ပိုင်းက သံတွဲပင်လယ်ပြင်တွင် ကင်းလှည့်နေသည့် စစ်ကော်မရှင်နေဗီက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ငပလီဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"နေဗီတွေက အမြဲတမ်း ကင်းလှည့်နေတာ။ ကမ်းနီးကပ်ဖို့ကြိုးစားနေကြတာ။ လက်နက်ကြီးနဲ့လည်း အမြဲလိုလို ပစ်တယ်။ မနေ့ကဆိုရင် မနက်စောစော မြူနှင်းကျတဲ့အချိန် ငါးဖမ်းစက်လှေတွေက ငါးဖမ်းနေကြတာကို နေဗီက သေနတ်နဲ့ပစ်လို့ စက်လှေတွေနဲ့ ငါးဖမ်းပိုက်‌တွေကို ဒီအတိုင်းထားခဲ့ရတယ်။ လေးစီး၊ ငါးစီးလောက် ကျန်ခဲ့တယ်"ဟု ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် ငါးဖမ်းလှေများနှင့် လူဦးရေစာရင်းကို နိရဉ္စရာက ဆက်လက်စုံစမ်းနေသည်။

စစ်ကော်မရှင်၏နေဗီက လက်နက်ကြီး/ငယ်များဖြင့် မကြာခဏနေ့စဉ်လိုလို ပစ်ခတ်မှုရှိသည့်အတွက် ရေလုပ်ငန်းကိုအမှီပြု၍ ဝမ်းစာရှာနေရသည့် ငါးဖမ်းသမားများမှာ အလုပ်ကိုင်ကျပ်တည်းသည့်အပြင် ငါးဖမ်းပိုက်များ၊ စက်လှေများပါ ထပ်မံဆုံးရှုံးနေရသည့်အတွက် စိတ်ဓာတ်ကျနေကြရသည်ဟု ငပလီဒေသခံငါးဖမ်းသမားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဒီကာလမှာ ဝမ်းစာကရှာရ အတော်ခက်ပါတယ်။ စစ်ကော်မရှင်နေဗီတွေက ဘာလို့ ဒေသခံတွေကို ဒုက္ခပေးလဲမပြောတတ်တော့ဘူး။ သူတို့ကို ဘာမှလည်း မလုပ်ဘူးလေ။ မြို့ကလည်း သူတိုနဲ့မဆိုင်တော့ဘူး။ ဒီကလူတွေက အဓိကရေလုပ်ငန်းနဲ့ အသက်မွေးရတာ။ အခု မရှိရှိတာလေးနဲ့လုပ်စား၊ သူတို့ကလိုက်ပစ်၊ ပိုက်တွေကကျန်၊ စက်လှေတွေသိမ်း၊ ဘာနဲ့လုပ်စားမလဲ" ဟု ပြောသည်။

ယမန်နေ့က နေဗီများပေါ်မှ လက်နက်ကျည်ဖြင့်ပစ်ခတ်သည့်အတွက်လည်း သံတွဲမြို့ရှိ လေယာဉ်ကွင်းပတ်ဝန်းကျင်အနီးသို့ကျရောက်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

အာရက္ခတပ်တော်(AA)သည် သံတွဲမြို့နယ်တစ်ခုလုံးကို ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ထားခြင်းဖြစ်သည်။

AA ပြောခွင့်ရသူ ဦးခိုင်သုခကလည်း စစ်ကော်မရှင်ရေတပ်သင်္ဘောများက ရခိုင်ရှိ ပင်လယ်ကမ်းခြေနှင့်နီးသည့် AA ထိန်းချုပ်ထားရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် လှမ်းပစ်ခြင်းများရှိနေသည်ဟု နိရဉ္စရာကို ပြောသည်။

“ဒီရက်ပိုင်းမှာဆိုလို့ရှိရင် စစ်ကောင်စီရေတပ်ဟာ သံတွဲနဲ့ ဂွကမ်းခြေဘက်တွေမှာ တံငါသည်တွေကို အမြန်တိုက်ခိုက်ရေး ရေယာဉ်ငယ်တွေနဲ့ လိုက်လံတိုက်ခိုက်၊ ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့်မို့ ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိထားသွားလာကြဖို့လိုပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်တွင်း ယခုလတ်တလောတိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဉ္စရာက ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

သံတွဲနှင့် ဂွမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပြီဖြစ်သော်လည်း စစ်ကော်မရှင်၏ရေတပ်နေဗီများသည် အဆိုပါမြို့နယ်များရှိ ပင်လယ်ပြင်တွင် ဆက်လက်ရှိနေကြဆဲဖြစ်သည်ဟု သိရသည်။

စစ်ကော်မရှင်သည် ရခိုင်တွင် မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင်ပြီး ရခိုင်ရှိရေလုပ်သားများအား ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး မကြာခဏ သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများကို ပြုလုပ်နေသည်ဟု သိရသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...