ကလေးမြို့တွင် ချင်းလူငယ်တစ်ဦးဖမ်းဆီးခံရပြီး စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရ

ကလေးမြို့တွင် ချင်းလူငယ်တစ်ဦးဖမ်းဆီးခံရပြီး စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဗလီကျောင်းတက်ရန်သွားသည့် ချင်းလူငယ်တစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး စစ်သင်တန်းတက်ရန် ပို့ဆောင်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ တာဟန်းရပ်ကွက်တွင် နေထိုင်သည့် ခရစ်ယာန်ဘာသာဝင် ချင်းလူငယ် ဇမ်းပီဟု သိရပြီး ဇန်နဝါရီ ၁၆ ရက်နေ့က ဖမ်းဆီးခံရခြင်းဟု သိရသည်။

၎င်းသည် အိန္ဒိယနိုင်ငံတွင် ကျမ်းစာကျောင်းတက်ရောက်စဉ်အတွင်း အစ္စလာမ်ဘာသာရေးကို လေ့လာခဲ့သူဖြစ်ပြီး ကလေး မြို့သို့ ပြန်ရောက်သည့်အခါ အပတ်စဉ် သောကြာနေ့တိုင်း တာဟန်းမှ ကလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုကိုကွယ်သည့်နေရာ ဗလီ (Mosque) ကျောင်းသို့ သွား ရောက်ဝတ်ပြုလေ့ရှိသည်ဟု သိရသည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အခြေအနေသိရှိသူ ကလေးမြို့နေ လူငယ်တစ်ဦးက “ပြီးခဲ့တဲ့သောကြာက သူစက်ဘီးနဲ့ တာဟန်းကနေ ကလေးမြို့က မူစလင်ဘုရားကျောင်းတက်ဖို့သွားရင်း ဖမ်းဆီးခံရတာ။ အဲနေ့က သူနဲ့အတူဖမ်းခံရတဲ့ လူငယ်တစ်ချို့ရှိတယ်လို့ သိရတယ်။ သူနဲ့အတူဖမ်းခံရတဲ့ တစ်ယောက်က ငွေကြေးနဲ့ ပြန်ကယ်ထုတ်ခံရတယ်။ အဲလူနဲ့ သူ့အဖေဆီ စာတစ်စောင် ပါးခဲ့တယ်။ အဲဒါနဲ့ သူအဖမ်းခံရမှန်း သိကြတာ။ ဘယ်လောက်နဲ့ရွေးခိုင်းတာလဲတော့ မသိရဘူး။ ဒါမဲ့ သူ့အဖေက မရွေးနိုင်လို့ အခု စစ်မှုထမ်းပို့ခံရပြီ။ ဘယ်ကိုပို့ကြတာလဲတော့ မသိရဘူး။ ကလေးကနေ ဖမ်းခံရတဲ့သူတွေကို တခြားဒေသပို့တယ်။ တခြားဒေသကနေ ဖမ်းခံရတဲ့သူကို ဒီဘက်လာပို့တယ်။ အခုတလော အဖမ်းအဆီးများတယ်။” ဟု ပြောသည်။

လက်ရှိကလေးမြို့တွင် စစ်ကော်မရှင်တပ်က အရပ်ဝတ်များဝတ်ဆင်ကာ လမ်းသွားလမ်းလာ လူငယ်များကို ဆက်တိုက် ဖမ်းဆီးမှုများပြုလုပ်နေပြီး ငွေကြေးသိန်းရာနဲ့ချီ ဖြင့် ပြန်လည်ရွေးခိုင်းမှုများရှိနေကြောင်း သိရသည်။

ထို့အပြင် စစ်မှုထမ်းဆောင်ရန် လူဦးရေမပြည့်ပါက ငွေကြေးဖြင့် ပြန်လည်ရွေးထုတ်ရန်ပင် ခက်ခဲကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။

ယခင်က စစ်ကော်မရှင်တပ်များသည် ကလေးမြို့ လမ်းဆုံ၊ လမ်းခွနှင့် လူစည်ကားရာ နေရာများတွင် စစ်ဆေးရေး ဂိတ်များချထားကာ စစ်ဆေးမှု၊ ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြသော်လည်း ယခုတွင်မူ လူဖမ်းဆီးမှု ပြုလုပ်သည့် သီးသန့် အဖွဲ့များဖြင့် မြို့ပေါ် နေရာအနှံ့တွင် အရပ်ဝတ်များဖြင့် ဖမ်းဆီးနေကြောင်း သိရသည်။

ကလေးမြို့ဒေသခံတစ်ဦးက “ကျောင်းသားမဟုတ်ရင်တော့ သူတို့ကြုံရာမှာ ဖမ်းတာပါပဲ။ မြို့ထဲကစစ်ဆေးရေးဂိတ်ကနေ သိပ်မဖမ်းဘူးဗျ။ အဲလိုဖမ်းတဲ့သူက သက်သက်ကိုရှိတာ။ သူတို့က အရပ်ဝတ်နဲ့ အိမ်စီးကားနဲ့ လူကို ambush လုပ်တယ် ပြောမလား၊ သေနတ်ရွယ်ပြီး ကားထဲဝင်ခိုင်းတာမျိုးရှိတယ်။ ပြီးတော့ လမ်းမှာ တားပြီး သေနတ်ရွယ်တာမျိုးရှိတယ်။ ဟိုတစ်ခေါက်ကဆို လူငယ်တစ်ယောက် ဆိုင်ကယ်နဲ့ အတားခံရတာ။ သူကမရပ်ဘူး။ ပြေးတယ်။ စစ်သားတွေက သေနတ်နဲ့ ပစ်တယ်။ မမှန်တော့ လွတ်သွားတယ်။ အဲလိုမျိုးရှိတယ်။ အခုအဲလိုမျိုး ဖမ်းတာ။” ဟု ပြောသည်။

ထို့သို့ ဖမ်းဆီးခံရသူများအနက် ကျောင်းသားဖြစ်ပါက ကျောင်းသားကတ် ပြသနိုင်သူများကို ပြန်လွှတ်ပေးခြင်းများ ရှိနေ တာကြောင့် အပြင်ထွက်ပါက သတိရှိစွာ သွားလာရန်နှင့် ကျောင်းသားကတ် များ အမြဲဆောင်ထားရန် လိုအပ်သည်ဟု ဒေသခံလူငယ်တစ်ဦးက သတိပေး နှိုးဆော်ထားသည်။

February 28, 2026
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တွင် နွေရာသီကာလ မီးဘေးအန္တရာယ်...
February 27, 2026
ချင်းပြည်လွှတ်တော်သည် ချင်းပြည် မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ...
February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...