ကချင်ဆရာမ ၂ ဦးမုဒိမ်းကျင့်သတ်ဖြတ်ခံရမှု ၁၁ နှစ်တိုင်ရှိလာပေမယ့် အမှုမှန်မပေါ်ပေါက်သေး

ကချင်ဆရာမ ၂ ဦးမုဒိမ်းကျင့်သတ်ဖြတ်ခံရမှု ၁၁ နှစ်တိုင်ရှိလာပေမယ့် အမှုမှန်မပေါ်ပေါက်သေး

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး ရက်စက်စွာမုဒိမ်းကျင့်သတ်ဖြတ်ခံရမှု အမှုမှန်မပေါ်ပေါက်နိုင်တာဟာ မြန်မာစစ်တပ်က သက်သေတွေကို ဖျောက်ဖျက် ဖျက်ဆီးပစ်ကာ တရားရေးလုပ်ငန်းတွေကို ထိန်းချုပ်တားဆီးလိုက်တာကြောင့်ဖြစ်တယ်လို့ ကချင်အမျိုးသမီးများအဖွဲ့အစည်းက ထောက်ပြပြောဆိုပါတယ်။

ရှမ်းမြောက် မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ် ကောင်းခါးရွာက စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး တို့ရဲ့ ကြောက်မက်ဖွယ် သေဆုံးခဲ့ရမှု ဖြစ်စဉ်ဟာ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ၁၁ နှစ် ပြည့်ပြီပဲ ဖြစ်ပါတယ်။  

“အမှုနှင့်ပတ်သက်ပြီး အဖွဲ့အစည်းတော်တော်များ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ နှစ်ကြာလာလေ အမှုမှန်နှင့် တရားမျှတရေးဆိုတာက ပိုပြီးဝေးလေသထက် ဝေးသွားပြီ။ ဆရာမ ၂ ဦးရဲ့အမှုကိုလည်း စစ်တပ်က သက်သေတွေကို ဖျက်ဆီးပစ်တယ်၊ ဖျောက်ဖျက်လိုက်တယ်။ ဒါကြောင့် ကျမတို့ ဒါကို အဆုံးထိ လုပ်ဆောင်နိုင်ဖို့ ခက်ခဲသွားတယ်။ ဒီလိုအမှုတွေရဲ့ သက်သေတွေကို ဖျောက်ဖျက်လိုက်တာမျိုးတွေကို စစ်တပ်က strategy တစ်ခုလို အမြဲလုပ်နေတာတွေ့ရပါတယ်။” ဟု KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမဆန်ထွယ်က ပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ်(KBC) မှ စေလွှတ်တဲ့ ဆရာမ ၂ ဦး မုဒိမ်းပြုကျင့်သတ်ဖြတ်ခံခဲ့ရမှုနှင့်ပတ်သက်ပြီး တရာခံက ဘယ်သူဆိုတာကို ရှင်းလင်းပြတ်သားစွာသိရှိနေတာဖြစ်ပေမဲ့ အမှုမှန်ပေါ်ပေါက်နိုင်ဖို့နဲ့ တရားမျှတရေးရရှိဖို့ အလှမ်းဝေးနေဆဲလို့ ဆိုပါတယ်။

ဆရာမ ၂ နှစ်ဦး သတ်ဖြတ်ခံခဲ့ရစဉ် သက်သေအထောက်အထားများ၊ ဖြစ်စဉ် ဖြစ်ရပ်နှင့် ထင်ရှားတဲ့ လက္ခဏာများအရ ပြစ်မှုကျူးလွန်သူတွေဟာ အဲဒီတုန်းက ကောင်းခါးရွာမှာ ရောက်ရှိနေတဲ့ မြန်မာစစ်တပ်စစ်ကြောင်းထဲက စစ်သားတွေ အုပ်စုဖွဲ့မုဒိမ်းပြုကျင့် သတ်ဖြတ်ခဲ့တယ်ဆိုတာကို KWAT မှ ထုတ်ထားတဲ့ အစီရင်စာအရလည်း တွေ့ရတာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ် ဖြစ်ပွားခဲ့စဉ်တုန်းက ကျေးရွာမှာရောက်ရှိနေတဲ့ စစ်ကောင်စီ ခမရ ၅၀၃ မှ စစ်ကြောင်းမှူးနဲ့ စစ်သားတွေကို KBC အမှုမှန်ပေါ်ပေါက်ရေးကော်မတီဘက်က တွေ့ဆုံမေးမြန်းဖို့ ကြိုစားခဲ့ပေမယ့် စစ်တပ်ကဘက် ခွင့်မပြုလို့ ၂၀၁၆ နောက်ပိုင်း အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားမှုမှာ ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။

KBC အမှုမှန်ပေါ်ပေါက်ရေးကော်မတီက အမှုနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ဆုံနိုင်ဖို့ တောင်းဆိုခဲ့မှုကို စစ်တပ်ဘက်က ငြင်းဆိုခဲ့ခြင်းကြောင့် လုပ်ငန်းတွေ ဆက်လုပ်လို့ မရနိုင်တော့ပဲ ဒီကနေ့အထိ အမှုမှန်နှင့်တရားမျှတရေးက အလှမ်းဝေးသထက် ဝေးသွားတာလည်း ဖြစ်ပါတယ်။  

ဆရာမ ၂ ဦးရဲ့အမှု ၁၁ နှစ်ပြည့်သည့်တိုင် အမှုမှန်မပေါ်ပေါက်နိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေအတွက် အမှုမှန်နှင့်တရားမျှတမှု ရရှိဖို့က အလှမ်းဝေးနေဆဲဆိုတာကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့  Kachin Women’s Association Thailand – KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမဆန်ထွယ်က ဆက်ပြောပါတယ်။

“စစ်တပ်ကျူးလွန်တဲ့အမှုတွေဟာ တရားမျှတရေးရရှိဖို့ အလှမ်းဝေးနေဆဲဆိုတာ ဒီအမှုအားဖြင့် သိသာထင်ရှားစွာ မြင်ရပါတယ်။ အဓိက တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေ အကြမ်းဖက် မုဒိမ်းပြုကျင့်ခံရမှုတွေက မှန်ကန်တဲ့တရားမျှတရေးရရှိနိုင်ဖို့ အလှမ်းဝေးနေဆဲဆိုတာ မီးမောင်းထိုးပြနေတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အမျိုးသမီးတွေလည်း တော်တော်များများရှိတယ်။ လက်နက်ကိုင်တွေကြားမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးက ပိုစိုးရိမ်လာရတယ်။ ဒီလိုကိစ္စတွေကို တိုက်ပွဲပြီးမှ စစ်ပြီးမှ ဖြေရှင်းယူမယ်ဆိုရင် မိုပိုဆိုးရွားလာမယ့် အခြေအနေကို ရောက်ရှိလာမှာဖြစ်ပါတယ်။” ဟု ပြောဆိုပါတယ်။

၂၀၂၂ ခုနှစ်အထိတော့ နှစ်တိုင်း ဇန်နဝါရီ ၁၉ ရက်နေ့ရောက်တိုင်း ဆရာမ ၂ ဦးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိအောင် KBC ဦးဆောင်ပြီး သတိရဆုတောင်းခြင်းအစီအစဉ်တွေ ပြုလုပ်နိုင်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း လုပ်ဆောင်နိုင်ခြင်းမရှိတော့တာကိုလည်း တွေ့ရပါတယ်။  

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်ညမှာ ဆရာမခေါန်နန်စင် (အသက် ၂၀) နဲ့ ဆရာမ မရန်လုရာ ( အသက် ၂၁ နှစ်) တို့နှစ်ဦးက အုပ်စုဖွဲ့ အကြမ်းဖက် မုဒိမ်းပြုကျင့် သတ်ဖြတ်မှုကို ခံခဲ့တာဖြစ်ပါတယ်။

January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...