ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးထိသေဆုံးခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့ကနေ သိရပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ကချင်ဒေသတွင်း လေကြောင်းပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေကြောင့် သေဆုံးသူစုစုပေါင်း ၁၃၃ ဦးရှိတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ ကလေး ၇ ဦး အမျိုးသမီး ၁၀ ဦးပါဝင်တယ်လို့ ဖော်ပြထားပြီး ဒါဟာ စစ်တပ်က ယခင်နှစ်တွေထက် ၂၀၂၅ မှာ အကြမ်းဖက်တိုက်ခိုက်မှုပိုလုပ်ဆောင်လာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ကျရှုံးဖို့ ဆက်ပြီးကြိုးစားဖို့လိုတယ်လို့ Kachin Human Rights Watchရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့(Jacob) က ခုလို ပြောပါတယ်။
“စစ်ကောင်စီကို လက်ရှိမှာ ပြင်းထန်စွာ အရေးယူနိုင်ဖို့က မဖြစ်နိုင်ဘူးဖြစ်နေသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေအားလုံးက စစ်ကောင်စီ ကျရှုံးအောင် ဆက်လက်ပြီး ကြိုးစားနေရအုံး ဖြစ်တယ်လို့ မြင်မိပါတယ်”လို့ ဆိုပါတယ်။
ဒါတင်မက မတရားသဖြင့် ဖမ်းဆီးခံခဲ့ရသူ ၁၇ ဦးလည်း ရှိခဲ့တယ်လို့ သိရပြီး ဒီဖြစ်စဥ်တွေဟာ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်းအချက်လက်တွေဖြစ်ပြီး ဖုန်း၊ အင်တာနက် အခက်အခဲအမျိုးမျိုးကြားက ကောက်ယူရရှိထားတာဖြစ်တဲ့တွက် မြေပြင်နဲ့ကွဲလွဲမှုလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်ကလူ့အခွင့်ရေးချိုးဖောက်မှုကို နည်းအမျိုးမျိုးနဲ့ကျူးလွန်နေတဲ့ထဲမှာ အမျိုးသမီးတွေအပေါ် သားမယားပြုကျင့် နှိပ်စက်မှုတွေလည်းပါဝင်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှု၊ crime against humanity and war crime တွေကို ကျူးလွန်နေတာဖြစ်တယ်လို့ Kachin Women Peace Network ရဲံ ပြောရေးဆိုခွင့်ရှိသူ ဆရာမ လုလု(Lu Lu) က ခုလိုပြောပါတယ်။
“ကမ္ဘာပေါ်မှာ အာဏာရှင်တွေကို တရားစီရင်နိုင်ခဲ့တဲ့ သမိုင်းတွေကိုလည်း တွေ့ခဲ့ရတယ်။ ဒါကြောင့် ကျူးလွန်နေတဲ့ စစ်ကောင်စီကို တရားစီရင်နိုင်ဖို့အတွက်က ကျွန်မတို့ ပြည်သူလူထုက အမြင်ပွင့်ရမယ်၊ စည်းလုံးရမယ်။ ကျူးလွန်ခဲ့တဲ့အရာတွေကိုလည်း သေချာမှတ်သား မှတ်တမ်းယူထားရမယ်”လို့ဆိုပါတယ်။
စစ်တပ်က ခုလိုလူအခွင့်အရေးချိုးဖောက်မှုတွေကို နှစ်ပေါင်းကြာရှည်စွာကျူးလွန်နေပေမယ့် ထိရောက်တဲ့အရေးယူမှု မလုပ်ဆောင်နိုင်တာဟာ UN မှာ ဗီတိုအာဏာရထားတဲ့ ရုရှားနဲ့ တရုတ်က အမြဲကာကွယ်နေသလို တချို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကနေပြီးတော့ စစ်လက်နက်နဲ့ လေယာဥ်ဆီတွေ ဝယ်ယူနိုင်အောင် ကူညီပေးနေတဲ့အတွက် ဖြစ်တယ်လို့ ကချင်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကနေပြီးတော့ သုံးသပ်ပြောဆိုပါတယ်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးသူငယ် ၄၅ ဦးထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သေဆုံးသူအားလုံး စုစုပေါင်း (၂၂၄) ဦး ထိရှိခဲ့တာဖြစ်ပြီး အမျိုးသမီး (၁၀၇) ဦးနဲ့ အမျိုးသား (၁၁၇) ဦးအမျိုးသားသေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားကာ အဲဒီထဲမှာ စစ်ကိုင်းတိုင်းဒေသနဲ့ မကွေးတိုင်းဒေသကြီးမှာ ထိခိုက်သေဆုံးမှု အများဆုံးလို့ ဖော်ပြထားပါတယ်။
ဒီအချက်အလက်တွေဟာ ၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၆ ဇန်နဝါရီ ၁၅ ရက်နေ့အတွင်း ကောက်ယူရရှိထားတဲ့ ဒေတာအချက်အလက်တွေ ဖြစ်ပြီး မြေပြင်အခြေအနေမှာတော့ သေဆုံးသူဦးရေဟာ ဒီထက်ပိုမို များပြားနိုင်တယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း အပြစ်မဲ့အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီမှာ တရားဝင်မှုရရှိဖို့အတွက် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်နေဆဲဖြစ်ပြီး ရွေးကောက်ပွဲ (တတိယပိုင်း)ကိုတော့ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်သွားဖို့ကြေညာထားပါတယ်။







