မင်းအောင်လှိုင်အပါအဝင် တပ်ထိပ်ပိုင်းအရာရှိ ၁၀ ဦးကို တရားစွဲဆိုမှုလက်ခံသည့် တီမောကို စစ်ကော်မရှင် အပြင်းအထန်ကန့်ကွက်

မင်းအောင်လှိုင်အပါအဝင် တပ်ထိပ်ပိုင်းအရာရှိ ၁၀ ဦးကို တရားစွဲဆိုမှုလက်ခံသည့် တီမောကို စစ်ကော်မရှင် အပြင်းအထန်ကန့်ကွက်
CHRO ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တီမောသမ္မတတို့ တွေ့ဆုံပုံ။
CHRO ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တီမောသမ္မတတို့ တွေ့ဆုံပုံ။

ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးကို တရားစွဲဆိုတိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို တီမောလက်စ်တေ နိုင်ငံက လက်ခံတွေ့ဆုံပြီး အားပေးကူညီသည်ဟုဆိုကာ စစ်ကော်မရှင်က အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိဉာဉ်နှင့် ဆန့်ကျင်သည့် လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း အာဏာသိမ်း စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၈ ရက်မှာ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အာဏာသိမ်းစစ်အုပ်စု၏ မတရားကျူးလွန်မှုများကို ဖော်ထုတ်နေသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် တီမောလက်စ်တေအစိုးရတို့ တရားဝင်ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများက ပြဌာန်းထားသော အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု စစ်ကော်မရှင်က စွပ်စွဲပြစ်တင်ထားသည်။

အာဏာသိမ်းစစ်အုပ်စုကို တီမောလက်စ်တေ၏ ပြည်သူ့အစိုးရ ရှေ့နေရုံးတွင် တရားစွဲဆို တိုင်ကြားသည့် ချင်းလူ့ အခွင့်အရေးအဖွဲ့ (CHRO)ကို တီမောသမ္မတက လက်ခံတွေ့ဆုံ၍ အားပေးအားမြှောက်ပြုခြင်းသည် မြန်မာ့ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်ဟု စစ်ကော်မရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန်ထားသည်။

တီမောနိုင်ငံရဲ့ အဆိုပါ ထိတွေ့ဆက်ဆံမှု၏ အကြောင်းအရာ၊ သဘောသဘာဝနှင့် အကျိုးဆက်များအပေါ် ကန့်ကွက်ပြီး တရားဝင်ဆန့်ကျင်ကြောင်း မှတ်တမ်းတင်သည်ဟု စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တီမောသမ္မတ မစ္စတာ ဟိုဆေးရာမို့စ်ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)အဖွဲ့အပါအဝင် တရားစွဲ ပူးပေါင်းအဖွဲ့ကို ဇန်နဝါရီလ ၁၄ ရက်က လက်ခံတွေ့ဆုံ၍ ဒေသတွင်း တရားမျှတမှု နှင့် တာဝန်ခံမှု ရှိရေး ဆွေးနွေးခဲ့သည်ဟု တီမောသမ္မတရုံး၏ နိုင်ငံပိုင်ဝက်ဆိုဒ်တွင် တရားဝင်ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် အာဏာ သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ လေကြောင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စကထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဇေယျာကျော်၊ မတူပီမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲကျော်နှင့် ဗျူဟာမှူး ဗိုလ်မှူး ကျော်ကြည်ဟန်၊ နမခတိုင်းမှူး၊ ခလရ ၁၄၀ မှ တပ်ရင်းမှူး၊ ခလရ ၃၀၄ မှ တပ်ရင်းမှူး အပါအဝင် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးကို တရားစွဲအရေးယူနိုင်ရေး ကြိုးပမ်းမည်ဟု သိရသည်။

ချင်းပြည်နယ်တွင် ဂျာနယ်လစ် တစ်ဦးနှင့် ၁၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ၁၀ ဦးကို အစုအပြုံလိုက် သတ်ဖြတ်မှု (၎င်းတို့အနက် ၈ ဦးကို လည်လှီးသတ်ဖြတ်သည်) ၊ တီးတိန်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ ခရစ်ယာန်သိက္ခာတော်ရ ဆရာတော် တစ်ပါးနှင့် သင်းထောက်ဆရာတော် သုံးပါးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု၊ မင်းတပ်ဝမ္မသူးဆေးရုံကို အရပ်ဘက်စစ်ဘက် ခွဲမှု မရှိဘဲ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု၊ ချင်းမှာ ဘုရားကျောင်းများကို စနစ်တကျ တိုက်ခိုက်မှု ကျူးလွန်ခြင်းတို့ကြောင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု အမှု ၅ မှုတို့ဖြင့် တရားစွဲဆိုမည်ဟု သိရသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ၊ လန်ဒန်အခြေစိုက် Myanmar Accountability Project နှင့် တီမောအခြေစိုက် Da Silva Teixeira & Associados Lda ဥပဒေရေးရာအဖွဲ့ တို့ ပူးပေါင်းတရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - Yaw
February 6, 2026
ချင်း- မကွေးအစပ်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသရှိ မိအယ်ကျေးရွားကို စစ်ကော်မရှင်တပ်က လေကြောင်း...
February 5, 2026
ညီရင်းအစ်ကိုဖြစ်သော ကချင်လူမျိုးတို့နှင့် တော်လှန်တွဲလက်များ ပိုမိုခိုင်မြဲစေပြီး...
February 3, 2026
လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ချင်းပြည်နယ်တွင် စစ်အာဏာသိမ်း ၅ နှစ်တာအတွင်း ချင်းလူမျိုး...
February 2, 2026
ချင်းပြည်သူများ၊ ချင်းတော်လှန်ရေး အင်အားစုများနှင့် လက်တွဲပြီး ချင်းအမျိုးသားတည်ဆောက်ရေး၊...