မြဝတီတောင်ပိုင်းက စစ်ရှောင် ၃,၀၀၀ ကျော် ရိက္ခာပြတ်လပ်နေ

မြဝတီတောင်ပိုင်းက စစ်ရှောင် ၃,၀၀၀ ကျော် ရိက္ခာပြတ်လပ်နေ

ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့တောင်ဘက်ဒေသ တိုက်ပွဲများကြောင့် နှစ်ရှည် နေရပ်စွန့်ခွာ နေထိုင်ရသည့် စစ်ရှောင်နေရာ (၈) ခုရှိ စစ်ဘေးရှောင် ၃,၀၀၀ ကျော်သည် အလှူရှင်နည်းပါးလာမှုကြောင့် ယခု ဇန်နဝါရီလမှစ၍ ဆန်နှင့် အခြေခံ စားသောက်ကုန် ရိက္ခာ ပြတ်လပ်လာပြီဖြစ်ကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။

စစ်အုပ်စု အာဏာသိမ်းပြီးနောက် ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ (၆) နယ်မြေ၊ မြဝတီတောင်ပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ်တပ်များနှင့် စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားသာ့်ကာလ ၅ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။

လက်ရှိအချိန်ထိ စစ်မီးမငြိမ်းသေးခြင်းကြောင့် ပလောတပို့၊ အင်ကြင်းမြိုင်၊ တဘူခို့ခီး၊ ရသေ့ဂူ၊ သေ့ဘောဘိုး၊ နို့ဖိုး၊ မင်းလက်ပံနှင့် ဘုရားကုန်း စသည့် နေရာများမှ အိမ်ထောင်စု (၃၃၀) မှာ နေအိမ်မပြန်ရဲကြဘဲ ရိက္ခာအခက်အခဲကြား အဆင်ပြေသလို စားသောက်နေကြရသည်ဟု စစ်ရှောင်များကို ကူညီပေးနေသည့် လေးကေကော် လူငယ်ကွန်ရက်က ဆိုသည်။

“အဲဒီနေရာ (၈) ခုမှာ ရိက္ခာပြတ်နေပြီး ရှိတာ ကြံဖန်စားသောက်နေရတယ်။ ဆောင်းရာသီ အေးတာနဲ့ တိုက်ပွဲက မပြီးသေးတာနဲ့ ကိုယ့်နေရာကိုယ် ပြန်နေမရသေးဘူး။ အထောက်အပံ့ကလည်း တစ်ခါ တစ်ခါ ကြာကြာမှ လာကူကြတာမျိုးဆိုတော့ စားစရာ ပြတ်နေပြီ” ဟု ကွန်ရက်အဖွဲ့ဝင် လူငယ်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ဘေးရှောင် နေရာများတွင် ကျန်းမာရေး၊ ပညာရေး အကူအညီပေးနေသူများအတွက်လည်း လူအင်အား၊ ဆေးဘက်ဆိုင်ရာ သုံးပစ္စည်းများ၊ သင်ကြားရေး အထောက်အကူကိရိယာများနှင့် ရိက္ခာ လိုအပ်ချက်များလည်း ရှိနေကြောင်း ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် သတင်းအရင်းအမြစ်မှ သိရသည်။

သေ့ဘောဘိုး စစ်ရှောင်စခန်းရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ကျနော်တို့မှာလည်း ကျန်းမာရေး လုပ်သားတွေရော ဆေးဝါးရော လိုအပ်ချက်ရှိတယ်။ ပြီးတော့ ရိက္ခာပေါ့နော်၊ လူ ၃၀ စာလောက်ဆိုတော့ မလုံလောက်ဘူး။ အရင်လို ပြင်ပ အဖွဲ့အစည်း အကူအညီတွေ မရတော့ဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခင်က နယ်စပ် စစ်ရှောင်နေရာများသို့ ထိုင်းနိုင်ငံ မဲဆောက်နှင့် ဘန်ကောက်မြို့မှ တစ်ပိုင်တစ်နိုင် လာရောက် ထောက်ပံ့ပေးသူများ ရှိခဲ့သော်လည်း ယခု မရှိသလောက် ရှားသွား၍ စစ်ရှောင်များ စားနပ်ရိက္ခာအပြင် အခြေခံ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှု ပေးရန်ပါ ကြပ်တည်းသွားကြောင်း ထို ကျန်းမာရေး တာဝန်ခံက ဖြည့်စွက် ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ထိုင်း-မြန်မာ နယ်စပ်တွင် အွန်လိုင်း ငွေလိမ်လုပ်ငန်း နေရာများနှင့် ရောနှောပြီး KNLA ထိန်းချုပ် နယ်မြေများကို စစ်အုပ်စု တိုက်ခိုက်နေသောကြောင့် ထိုင်းဘက်မှ လမ်းများ၊ ဂိတ်များ အစစ်အဆေး တင်းကျပ်ပိတ်ဆို့မှု ရှိခဲ့သည်။ 

ထိုအခြေအနေကြောင့် စစ်ရှောင် အလှူရှင်များ နည်းပါးလာပြီး ရိက္ခာ လမ်းကြောင်းများ ခက်ခဲလာရခြင်း ဖြစ်သည်ဟု နယ်စပ် သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...