ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai Law)မှော်တွေမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မှော်ဒေသတွင်းကျန်ရှိနေတဲ့ ပြည်သူတွေကို ဖမ်းဆီးရိုက်နက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို လိုက်လံသိမ်းယူပေးနေတယ်လို့ မှော်ဒေသမှာနေတဲ့ပြည်သူတွေကနေ သိရပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်း ဝိုင်လောမှော်မှာ နှစ်ဖက်တပ်တိုက်ပွဲဖြစ်လာပြီးနောက် ပစ္စည်းသိမ်းပြီး မှော်ထဲကနေ ထွက်ခွာဖို့ကြိုးစားနေတဲ့ ပြည်သူ ၈ ဦးကို ဖမ်းဆီးထားကာ ကြိုးတုတ်ရိုက်နှက်သွားပြီး ကား၊ ဆိုင်ကယ်၊ ဖုန်း၊ ငွေသားအပါ သိမ်းယူသွားတယ်လို့ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ မှော်ပြည်သူတစ်ဦးက KNG ကို ပြောပါတယ်။
“စစချင်းက မိုင်းကွဲသံတွေကြားရတာကနေ စစ်ကြောင်းကတက်လာတာ။ အဲ့လိုရင်းနဲ့ ပစ္စည်းသိမ်းနေတာ။ ကားပေါ်တင်နေတဲ့ လူ ၈ ယောက်ကို ဖမ်းတုတ်ပြီး စစ်ဖိနပ်တွေနဲ့ ဆောင့်ကန်ပေးတယ်။ အဲ့မှာရှိနေတဲ့ကား၊ ဆိုင်ကယ် ဖုန်း၊ ပိုက်ဆံ ဝိုင်လောမှာရှိနေတဲ့ စစ်ကြောင်းတွေက အကုန်ယူသွားပေးတယ်”လို့ပြောပါတယ်။
စစ်အင်အား ၅၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်းက တန်ဖိုးရှိ ပြည်သူပိုင်ပစ္စည်းတွေကို လုယူသိမ်းဆည်းသွားတဲ့အပေါ် ပြန်လည်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပြည်သူ့စစ်အဖွဲ့တွေဘက်ကနေ လက်ဟန်ခြေဟန်သာလုပ်ပြပြီး သိမ်းယူသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ မှော်ပြည်သူ ၈ ဦးဟာ အသက် ၅၀ ကျော်အရွယ်တွေဖြစ်ကြပြီးတော့ တိုက်ပွဲသံတွေငြိမ်သက်သွားတဲ့အထိ ကြိုးတုတ်ထားပြီးတော့ ရိုက်နှက်ခံရတာဖြစ်တယ်လို့ ဆက်ပြောပြပါတယ်။
“ကျနော်တို့တွေဟာ အရပ်သားတွေဖြစ်တယ်။ ကားပေါ်မှာ ပစ္စည်းတင်နေကြတာ။ ဒါကို ဝိုင်းဖမ်းပြီး အရိုက်ခံရတယ်။ ပြီးရင် တန်ဖိုးရှိပစ္စည်းတွေလည်း လုယူသွားကြတယ်။ ကျနော်တို့ ပြည်သူတွေကို ရန်သူသဖွယ်ဆက်ဆံတယ်။ သူတို့ရိုက်တာက ရိုးရိုးရိုက်တာမဟုတ်ဘူး။ စုံကန်ပြီးရိုက်ပေးတာ။ ဝိုင်လောစစ်ကြောင်းမှူးအဖွဲ့တွေပဲ”လို့ပြောပါတယ်။
မှော်ဒေသအတွင်းနေထိုင်ကြတဲ့ပြည်သူတွေဟာ တိုက်ပွဲစတင်ဖြစ်ပွားလာကတည်းကနေ လမ်းပိုင်းပိတ်ဆို့ထားတဲ့ အခြေအနေတွေကြောင့် သွားလာဖို့အခက်အခဲကြုံတွေ့နေရပြီး စစ်ကြောင်းဝင်ရောက်လာတဲ့အချိန် အခုလို နိုင်ထက်စီးနင်းခံရတာဖြစ်တယ်လို့ သိရပါတယ်။
ပယင်းနဲ့ ရွှေအဓိကထွက်ရှိတဲ့ တနိုင်းဒေသက လပူခမှော်နဲ့ ဝိုင်လောမှော်နေရာတွေကို စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ စစ်ကြောင်းထိုးဝင်ရောက်လာကာ တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂)၊ တပ်ရင်း (၁၄) နယ်မြေထဲမှာ တိုက်ပွဲဖောင်ဆောင်နေတဲ့ စစ်ကြောင်းတွေထဲမှာ စစ်တပ်အပါ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်ဦဆောင်ပြီးတော့ မိုးညှင်းဒေသက ရှမ်းနီ SNA တပ်ဖွဲ့၊ ဇခုန်တိန့်ယိန်းပြည်သူ့စစ်အဖွဲ့ အားလုံးပါဝင်တယ်လို့ မှော်ဒေသက ပြည်သူတွေပြောပါတယ်။
လေကြောင်းအပါ စစ်အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် လပူခမှော် ရေတောင်ကန်နဲ့ ဝိုင်လောမှော်နေရာတွေကို KIA က ၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာလထဲမှာ လက်လွတ်လိုက်ရတာဖြစ်ပါတယ်။
အဲဒီလက်လွတ်လိုက်ရတဲ့နေရာတွေကို ပြန်လည်ရယူဖို့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေနဲ့လည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တန်ပြန်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။
တနိုင်း လပူမှော်ဒေသမှာ တိုက်ပွဲဖြစ်လာတာကြောင့် လပူခမှော်နဲ့ ကပ်ယက်ရှိကြပြီး တိုက်ပွဲကြောင့် ထွက်ခွာနေရတဲ့ ကျေးရွာတွေက ထန်းဖရာ၊ ရခိုင်ကုန်း၊ ဝိုင်လော၊ လပူခ၊ ဂျာငိုင်၊ စန်လွင်၊ တိမ်ခွင်(၁)၊ တိမ်ခွင်(၂)၊ တိမ်ခွင်(၃)၊ အောင်ဂျတ်စတဲ့ကျေးရွာတွေက တနိုင်းမြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။







