စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့ တကားကျေးရွာဘက်ကို NSCN-K အန်းမိုင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလည်း လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K အန်းမိုင်း(NSCN-Kမှခွဲထွက်အဖွဲ့ )တပ်ဖွဲ့ဟာ ဇန်နဝါရီလ ၁၂ ရက် မနက်ပိုင်း တကားကျေးရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး NSCN-K ယုန်းအောင်တပ်ဖွဲ့ရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“မနက် ၆ နာရီခွဲလောက်မှာ ဝင်သိမ်းသွားတယ်ပြောတယ်။ တကား ရွာမရောက်ခင် တကားနဲ့နမ်ဖာရွာကြားထဲက ၁၈ မိုင်စခန်းပေါ့။ အဲ့ဒါကိုဝင်သိမ်းသွားတာ။ ဟိုဘက်က(အန်းမိုင်း)အဖွဲ့က အင်အား ၆၀ လောက်နဲ့လာတယ်တဲ့”လို့ NSCN-K ယုန်းအောင်အဖွဲ့နဲ့နီးတဲ့စပ်တဲ့အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲ ၂ နာရီခန့်ဖြစ်ပြီးတဲ့နောက် NSCN-K ယုန်းအောင်ဘက်က အင်အားမမျှတာကြောင့် စခန်းကနေပြန်ဆုတ်ပေးလိုက်ရကြောင်း အထက်ဖော်ပြပါအမျိုးသားက ဆက်ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ NSCN-K အန်းမိုင်းအဖွဲ့ရဲ့ ခန္တီးအခြေစိုက် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လှုပ်ရှားတပ် Mobile -6 Unit အဖွဲ့က လုပ်ဆောင်ခဲ့တာလို့သိရပါတယ်။
NSCN-K ယုန်းအောင်ဘက်က သေဆုံးမှုရှိခဲ့သလို လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။
NSCN-K အန်းမိုင်းတပ်ဖွဲ့ရဲ့ Facebook Page မှာတော့ အဲဒီတိုက်ခိုက်မှုဟာ ဇန်နဝါရီ လ ၉ ရက်နေ့က ပန်ဆောင်မြို့နယ်ခွဲရှိ ခမ္မတိုင်ကျေးရွာမှာတပ်စွဲထားတဲ့ NSCN-K အန်းမိုင်းအဖွဲ့ကို NSCN-K ယုန်းအောင်အဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကိုလက်တုံ့ပြန်တာလို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့ ခမ္မတိုင်ကျေးရွာမှာ NSCN-K အန်မိုင်းအဖွဲ့တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရှိခဲ့ကြောင်း သိရပါတယ်။
NSCN-K အန်းမိုင်းအဖွဲ့ဟာ လက်ရှိသိမ်းပိုက်ထားတဲ့ ၁၈ မိုင် တပ်စခန်းကနေပြန်လည်ဆုတ်ခွာသွားမှု ရှိမရှိမသိရသေးပေမယ့် တကားကျေးရွာဘက်ကို ဆက်ပြီးထိုးစစ်ဆင်နေရင်တော့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နိုင်တာကြောင့် တကား၊ နမ်ဖာနဲ့အနီးဝန်းကျင်ကကျေးရွာနေပြည်သူတွေစိုးရိမ်နေရကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ NSCN-Kအန်းမိုင်းအဖွဲ့ဟာ လဟယ်မြို့မှာအခြေစိုက်ပြီး လေရှီး၊ လဟယ်ဘက်မှာအဓိကစိုးမိုးထားတာဖြစ်ပါတယ်။
NSCN-K တည်ထောင်သူ ဗိုလ်ချုပ်ခပ္ပလန် ကွယ်လွန်ပြီးနောက် NSCN-K အဖွဲ့ကို ဗိုလ်ချုပ်ယုန်းအောင် ဦးစီးခဲ့ရာ ၂၀၂၃ နှစ်ဆန်းပိုင်းမှာတော့ ဒုဗိုလ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်အန်းမိုင်းက NSCN-K ကနေခွဲထွက်ပြီး NSCN-K (AM) အဖွဲ့သစ်ကို ထူထောင်လိုက်တာဖြစ်ပါတယ်။
By – Zaw Zaw







