ပေါက်တောမြို့နယ် ပင်လယ်ပြင်တွင် စစ်ကောင်စီ နေဗီ လှုပ်ရှားမှု ပိုများလာ

ပေါက်တောမြို့နယ် ပင်လယ်ပြင်တွင် စစ်ကောင်စီ နေဗီ လှုပ်ရှားမှု ပိုများလာ

စစ်တွေတိုက်ပွဲများ ပြင်းထန်လာမှုနှင့်အတူ ယခုရက်ပိုင်းအတွင် စစ်ကောင်စီ ရေတပ်သည်လည်း ကုလားတန်မြစ်ဝ၊ ဘင်္ဂလားပင်လယ်ပြင်ကနေ ပေါက်တောမြို့နယ်ရှိ ကမ်းစပ်အနီးသို့ လှုပ်ရှားသွားလာမှုများကို ပိုမိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။

ပေါက်တောမြို့နယ်ရှိ အရှေ့ဖရုံကာကျွန်း (အင်္ဂရားချိုင်ကျွန်း) နှင့် အလယ်ဖရုံကာကျွန်း (ပိန္နဲချောင်းကျွန်း) တို့တွင် ကမ်းနီးအထိ စစ်ကောင်စီနေဗီ လှုပ်ရှားမှုများ ပိုမိုတွေ့လာနေရကြောင်း ဒေသခံများက ပြောကြသည်။

ပေါက်တော ဒေသခံ အမျိုးသားတစ်ဦးက " ကျွန်းအနီးဆို စစ်သင်္ဘော တစ်စီးမဟုတ် တစ်စီး အမြဲမြင်ရတယ်။ ငါးဖမ်းထွက်တော့လည်း သူတို့ဆီမှာ အဖမ်းခံ အစစ်ခံရတယ်။ ခြိမ်းခြောက်ပြီး ပြန်လွှတ်လိုက်တာတွေလည်း ရှိတယ်။ ကြာလာတော့ ငါးဖမ်းမထွက်ရဲကြတော့ဘူး" ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီရေတပ်သည် ကမ်းစပ်အနီးအထိ ချဉ်းကပ်လှုပ်ရှားနေပြီး ပင်လယ်ကမ်းအနီး မြို့ရွာများမှ ဒေသခံ ရေလုပ်သားများအား ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းကလည်း အလယ်ဖရုံကာကျွန်းရှိ ဖဒူကျေးရွာမှ ငါးဖမ်းထွက်သည့် ဒေသခံ ရေလုပ်သား ၃ ဦးကို စစ်ကောင်စီနေဗီက ဖမ်းဆီးခဲ့ပြီး တစ်ဦးမှာ ပြန်လည်လွတ်မြောက်လာကာ ကျန်နှစ်ဦးအား ကျောက်ဖြူသို့ ပို့လိုက်ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီနေဗီများက ဖမ်းဆီးခြိမ်းခြောက်မှုများကြောင့် ဒေသခံများမှာ ကမ်းဝေးငါးဖမ်း မထွက်ရဲတော့ဘဲ ကမ်းနီးစပ်များတွင် ငါးဖမ်းကြသော်လည်း သားငါး၊ ပုစွန်စသည့် ရေသယံဇာတ လျော့နည်းလာမှုကြောင့် စားဝတ်နေရေး ပိုမိုကျပ်တည်းလာနေကြောင်း ပြောဆိုကြသည်။

နောက်ထပ် ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက " အဝေးမှာ မဖမ်းရဲတော့လို့ ကမ်းနီးနားစပ်မှာ ငါးဖမ်းကြတယ်။ ဒါပေမယ့် ငါးတွေ အရင်လောက်မရတော့ဘူး။ ငါးအရနည်းတော့ ရောင်းလည်း မရောင်းရတဲ့ အပြင် စားဖို့ သောက်ဖို့တောင် ပိုကျပ်တည်းလာပြီ" ဟု ပြောသည်။

လက်ရှိ ပေါက်တောမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တွေဘက်ခြမ်းမှ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခြင်း၊ လေကြောင်း ဗုံးကြဲခြင်းများ ပြုလုပ်နေပြီး အရပ်သားထိခိုက်မှုများစွာ ရှိလာနေခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်ကောင်စီက ကမ်းနီးထိ ထိုးဖောက်ရန်ကြိုးစားလာခြင်းမှာ အာရက္ခတပ်တော်၏ စစ်မျက်နှာများ ပြားကျယ်ပြန့်လာခြင်း၊ စစ်ရေးတင်းမာမှုနှင့်အတူ အာရက္ခတပ်တော်အား အကဲစမ်းခြင်းလည်း ဖြစ်နိုင်ကြောင်း စစ်ရေးစောင့်ကြည့်သူများက ပြောဆိုကြသည်။

ရခိုင် စစ်ရေးစောင့်ကြည့်နေသူ အမျိုးသားတစ်ဦးက " အခုနောက်ပိုင်းက စစ်တွေ၊ ကျောက်ဖြူ၊ မကွေးတို့ ဘက်တွေမှာလည်း စစ်ရေးတင်းမာမှုတွေ များလာနေတယ်။ ဒီပေါက်တောဘက်တွေကို လက်နက်ကြီးပစ်တာတွေ ဘာတွေ လုပ်နေတာကလည်း ပြည်သူထောက်ခံမှု လျော့ကျအောင် လုပ်တဲ့ သဘောပေါ့။ နောက်တစ်ခုက စစ်ရေးအရ ထိုးဖောက်နိုင်မလား အဓိကတော့ ကမ်းကပ်ထိုးပြီး ထိုးစစ်ဆင်မယ့်ပုံစံမျိုး အာရက္ခတပ်တော်ကို စမ်းသပ်ပြီး ခြိမ်းခြောက်နေတဲ့ သဘောလို့ မြင်တယ်" ဟု ပြောသည်။

လက်ရှိ အာရက္ခတပ်တော်အနေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ပဲခူးအစပ်နှင့် ရခိုင်-ဧရာဝတီ အစပ် စသည့်နေရာများတွင် စစ်မျက်နှာများဖြန့်ကျက်ကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ယင်းအပြင် ရခိုင်ပြည်အတွင်းရှိ မြို့ပေါင်း ၁၇ မြို့နယ်ထဲမှ ၁၄ မြို့နယ်အား လက်လွှတ်ထားရသော စစ်ကောင်စီဘက်ကလည်း ရေကြောင်းကနေ စစ်သင်္ဘောများဖြင့် လက်နက်ကြီးပစ်ခတ်မှု၊ အရပ်သားများအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိနေသည်။

AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...