ရွေးကောက်ပွဲအတွက် KNA တပ်ဖွဲ့ဝင်အချို့ ပိုင်ကျုံတွင် လုံခြုံရေးယူပေး

ရွေးကောက်ပွဲအတွက် KNA တပ်ဖွဲ့ဝင်အချို့ ပိုင်ကျုံတွင် လုံခြုံရေးယူပေး
Photo: KNA
Photo: KNA

စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ရွာတစ်ချို့တွင် ကရင်အမျိုးသားတပ်မတော်-KNA က မဲရုံလုံခြုံရေးယူပေးနေကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုမလှုပ်ရှားနိုင်သောနယ်မြေ နောင်ဘိုကြီး၊ ဝင်းဖရ၊ ရွာကိုင်းကောင်း၊ ကြက်တူရွေး၊ ရေပူ၊ ထီးဖိုးခလိန်း၊ ကော့နွဲစသည့်ကျေးရွာများတွင် ယနေ့(ဇန်နဝါရီ၁၁)ရက်နေ့အထိ KNA တပ်ဖွဲ့များက မဲရုံလုံခြုံရေးယူထားပေးသည်ဟု ပိုင်ကျုံဒေသခံများက ကေအိုင်စီသို့ ပြောသည်။

“မြို့ပေါ်တော့ စကစလုံခြုံရေးယူတယ်၊ ကျန်တဲ့ဒီဘက်ရွာတွေမှာတော့ စကစလာလို့မရဘူးလေ။ KNA တွေ့တယ်၊ သူတို့လည်းပေါ်ပေါ်ထင်ထင်တော့ မနေဘူး၊ ဟိုတစ်စုဒီတစ်စုနဲ့။ စကစလုံခြုံ ရေးယူပေးမနိုင်တဲ့နေရာတွေပေါ့။ အဲဒီမှာတော့ KNA သီးသန့်ရှိတယ်။” ဟု မဲရုံအခြေအနေကိုလေ့လာနေသူ ဒေသခံအမျိုးသားက ပြောသည်။

‎စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်၏ကြေညာချက်အရ ပိုင်ကျုံရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၂)အုပ်စုတွင် မဲရုံပေါင်း(၄၉)ရုံဖွင့်လှစ်ထားပြီး ဒေသခံများအေးချမ်းစွာလာရောက်မဲပေးကြကြောင်း ဖော်ပြပြောဆိုနေသည်။

မဲရုံတစ်ချို့အခြေအနေကို ဒေသခံများထံ စုံစမ်းရာတွင်မူ ပိုင်ကျုံမြို့ပေါ်စာသင်ကျောင်းများတွင်သာ မဲသွားပေးသူရှိပြီး ကျန်နေရာများတွင် စိတ်ပါဝင်စားမဲပေးကြသူနည်းပါးသည်ဟု သိရသည်။

ကေအဲန်ယူ ပိုင်ကျုံမြို့နယ်မှူး စောဖလဲ့ဒီးဝါးက “KNA တွေက အဖွဲ့လိုက်ခွဲပြီးလုံခြုံရေးယူပေးတယ်။ ဒါပေမဲ့သူတို့က မဲပုံးရှိတဲ့ကျောင်းဝင်းထဲမှာ စောင့်တာမဟုတ်ဘူး။ အဲဒီမဲပုံးရှိတဲ့ရွာတွေထဲမှာစောင့်တာ။ ပိုင်ကျုံမြို့ပေါ်တော့ မဲပေးတဲ့သူများနိုင်တယ် သူတို့နေရာကိုး၊ ပြီးခဲ့တဲ့ရက်က စကစလည်းရောက်လာတယ်ဆိုတော့ ကြောက်ပြီးသွားပေးလိုက်တာရှိနိုင်တယ်။” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့က ရွေးကောက်ပွဲအကြောင်းပြ၍ ပိုင်ကျုံ-လှိုင်းဘွဲလမ်းရှိ ကစို၊ ကမာလင်း၊ ငှက်ပျောတော စသည့်ကျေးရွာများသို့ စစ်အုပ်စုဝင်ရောက်နေရာယူခဲ့သည်။ 

အမက-နို့ထို့ခေး၊ အထက-ပိုင်ကျုံ၊ အမက-ပိန္နဲကုန်း၊ မူလွန်-တနင်းဖလုံနှင့် အထက(ခွဲ)-အထက်ပိုင်ကျုံ စာသင်ကျောင်းနေရာများတွင်မူ မဲပုံးထောင်ထားကြောင်း ဒေသခံများက ဆိုသည်။

ထို့အတူ လှိုင်းဘွဲမြို့တွင်လည်း မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာအုပ်စု(၆၇)အုပ်စု၌ မဲရုံပေါင်း (၁၄၉)ရုံ ဖွင့်ထားပြီး မဲပေးနေကြကြောင်း လှိုင်းဘွဲမြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ထားသည်။

နယ်ခြားစောင့်တပ်-BGF မှ KNA အဖြစ် ဘက်တံဆိပ်အားလုံးပြောင်းမတပ်ခင် ပြီးခဲ့သည့်နှစ်အတွင်း စစ်အုပ်စုရွေးကောက်ပွဲကိုမဲထည့်သွားမည့်သူများအတွက် လုံခြုံရေးတာဝန်ယူပေးမည်ဟု BGF တစ်ဖွဲ့ချင်းအပါအဝင် ကေအဲန်ယူမှခွဲထွက်သွားသည့် လက်နက်ကိုင်သုံးဖွဲ့ပေါင်းပြီး ကြေညာချက်ထုတ်ပြန်ခဲ့ဖူးသည်။

BGF တပ်နယ်တချို့ KNA ပြောင်းသည့်ရက်က စစ်အုပ်စုနှင့်ပြတ်ပြတ်သားသားရပ်တည်ပြကာ ကရင်လက်နက်ကိုင်များ ပြန်လည်ပေါင်းစည်းတော့မည်လား မျှော်လင့်နေကြသူတဖက်ရှိသလို နောက်ကွယ်တွင် အွန်လိုင်းငွေလိမ်ရာဇဝတ်လုပ်ငန်းများနှင့်ဆက်နွယ်နေနိုင်သည်ဟုလည်း အချို့လေ့လာသုံးသပ်သူများက ခန့်မှန်းကြသည်။

KNA သို့ ပြောင်းပြီးနောက် ရွေးကောက်ပွဲကိစ္စ လိုက်လံလုံခြုံရေးယူပေးသည်နှင့်ပတ်သက်ပြီး အဖွဲ့တာဝန်ရှိပုဂ္ဂိုလ်များသို့ ကေအိုင်စီမှဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားမှုမရှိပေ။

စစ်အုပ်စု၏ဒုတိယပိုင်းရွေးကောက်ပွဲလုပ်မည့် မြို့နယ်တွင် ကရင်၌ လှိုင်းဘွဲနှင့်ဖာပွန် နှစ်မြို့နယ်ပါဝင်၍ ကေအဲန်ယူသတ်မှတ်ချက်အရ လှိုင်းဘွဲမြို့နယ်သည် တပ်မဟာ(၇)ဖားအံခရိုင်အတွင်း ရှိသည်။ ကျန်ရှိဖာပွန်မြို့နယ်သည် တပ်မဟာ(၅)၊ မူတြော်ခရိုင်တွင်ရှိပြီး စစ်ရေးနှင့်နယ်မြေစိုးမိုးနိုင်မှုမရှိသည့် အခြေအနေကြောင့် စစ်အုပ်စုရွေးကောက်ပွဲလုံးဝမလုပ်နိုင်ကြောင်း တပ်မဟာ(၅)ဘက်က ဆိုထားသည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...