ရခိုင်ဒေသရှိ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်ပြင်တွင် ရေသယံဇာတများ တစ်နှစ်ထက်တစ်နှစ် ရှားပါးလာမှုကြောင့် ငါး၊ ပုစွန်အထွက်နည်းလာသဖြင့် ရေလုပ်ငန်းလည်ပတ်နိုင်ရေး အခက်တွေ့နေကြကြောင်း ဒေသခံများက ပြောဆိုကြသည်။
ရေလုပ်ငန်းကို ရခိုင်ပြည်အတွင်းရှိ ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ ရသေ့တောင်၊ မောင်တော စသည့်ဒေသများတွင် အများဆုံး လုပ်ကိုင်ကြခြင်းဖြစ်သည်။
လက်ရှိတွင် ရေသယံဇာတရှားပါးလာမှုနှင့်အတူ ငါး၊ ပုစွန်စသည့် ရေထွက်ပစ္စည်းများ အရနည်းလာသည်မှာ နှစ်နှစ်ခန့်ရှိလာပြီး ရရှိသည့် ရေထွက်ပစ္စည်းများမှာလည်း ဝယ်ယူသူနည်းပါးပြီး ဈေးကောင်းမရသဖြင့် လုပ်ငန်းဆက်လက်လည်ပတ်ရန် အခက်တွေ့ရကြောင်း ရမ်းဗြဲမြို့နယ်အတွင်းမှ ရေလုပ်ငန်းလုပ်ကိုင်သူ ဒေသခံများက ပြောဆိုကြသည်။
ရမ်းဗြဲမြို့နယ်၊ သလူဗြိန်ကျေးရွာမှ ရေလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက “ အရင်တုန်းကဆိုရင် လှေ တစ်ပတ်လောက်ထွက်ပြီး အိမ်ပြန်ရောက်ရင် ငါးခြောက်တို့ ဘာတို့မပါဘဲတောင် ပုစွန်ခြောက်ဆို ပိဿာ နှစ်ဆယ်လောက်က အသာလေးရတယ်။ ဒီနှစ်နှစ် သုံးနှစ်လောက်အတွင်းမှာ ပိုပြီးသိသာလာတယ်။ တစ်ပတ် လောက်ထွက်ရင် ပိဿာချိန် တစ်ဆယ်တောင် မရတော့ဘူး။ တခါတလေ လေးငါးပိဿာလောက်ပဲရတယ်။ ဒီတော့ ဈေးကလည်း မရ၊ ကိုယ်ရင်းရတဲ့ စက်သုံးဆီတို့ တခြားစရိတ်တွေ ပိုက်တွေဘာတွေ ပြန်ပြင်ခတွေ တွက်လိုက်ရင် အကြွေးပါ တင်လာတယ်” ဟု ပြောသည်။
ယခင် အာဏာမသိမ်းမီကာလက ရခိုင်ဒေသထွက် ရွှေပုစွန်၊ ငါးခြောက် စသည့် ထွက်ကုန်များမှာ ပြည်မဘက်သို့ တင်ပို့ရသည့်အပြင် ရွှေပုစွန်တစ်ပိဿာလျှင် အရွယ်အစားအလိုက် ငွေကျပ် ၈၀,၀၀၀ ကျပ်မှ ၁၅၀,၀၀၀ ကျပ် အထိ ဈေးကောင်းရခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် ၄၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်အထိသာ ဈေးရသဖြင့် ရေလုပ်ငန်းလုပ်ကိုင်သူများအတွက် အခက်တွေ့နေကြခြင်းလည်း ဖြစ်သည်။
နောက်ထပ် ရမ်းဗြဲဒေသခံ အမျိုးသမီးတစ်ဦးက “ ပုစွန်ခြောက်ကို အရင်တုန်းက ရန်ကုန်ဘက်ပို့ပြီး ရောင်းတယ်။ အခုက လမ်းအဆင်မပြေတော့ ပို့ရတာ မလွယ်တော့ဘူး။ ကိုယ့်နယ်ထဲလောက်ပဲ ရောင်းနိုင်တော့ ဈေးပိုမပေးနိုင်ဘူး။ ငါးခြောက်တို့ ငါးပိတို့ဆိုရင်လည်း ဒီမှာပဲ ရောင်းလို့ ရတော့တယ်။ သိပ်ပြီး အမြတ်မကျန်ဘူး။ ပုစွန်ဆိုလည်း အရနည်းကြတော့ တခြားဖက်တွေ ပို့ဖို့လည်း အများကြီး ဝယ်လို့ မရတော့ဘူး” ဟု ပြောသည်။
ယင်းအပြင် လက်ရှိ သံတွဲနှင့် ဂွမြို့နယ်တို့တွင်လည်း စစ်ကောင်စီ နေဗီများမှ ဒေသခံ ရေလုပ်သားများအား ပစ်ခတ်ဖမ်းဆီးမှုများကြောင့် ကမ်းဝေးငါးဖမ်းခြင်းကို အာရက္ခတပ်တော်ဘက်မှ ကန့်သတ်ထားပြီး ညအချိန် ငါးဖမ်းမထွက်ရန်လည်း တားမြစ်ထားသည်။
ကမ်းနီးငါးဖမ်းကြသည့် ရေလုပ်သားများမှာလည်း ငါး၊ ပုစွန်အရနည်းသဖြင့် အဆင်မပြေဖြစ်လာကြောင်း ပြောဆိုကြသည်။
သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ ရေလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက “ အရင်ကဆို ကိုယ့် ဘက်နဲ့ အဝေးသွားပြီး ငါးဖမ်းတယ်။ ရရင် ရသလောက် ဈေးလည်း ကောင်းတယ်။ အခုတော့ နေဗီတွေလည်း ကြောက်ရတော့ သိပ်မသွားဖြစ်ဘဲ အနီးအနားထွက်ဖမ်းတာလောက်ဘဲ လုပ်နိုင်တော့တယ်။ ငါးတွေလည်း သိပ်မရတော့ဘူး။ ရတဲ့ဟာတွေ ရောင်းဖို့လည်း ဈေးမရတော့ အဆင်မပြေဘူး” ဟု ပြောသည်။
အလားတူ ပေါက်တောမြို့နယ်ရှိ ရေလုပ်ငန်းလုပ်ကိုင်သူ ဒေသခံများမှာလည်း စစ်ကောင်စီ နေဗီအန္တရာယ်ကြောင့် ငါးဖမ်းလုပ်ငန်းများ ရပ်တန့်ထားရသည့်အပြင် တစ်ပိုင်တစ်နိုင် ငါးဖမ်းသူများမှာလည်း ရေသယံဇာတရှားပါးမှုနှင့် အတူ စားဝတ်နေရေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေကြရသည်။
ပြီးခဲ့သည့် ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၈ ခုနှစ်တွင် ငါးလုပ်ငန်းဦးစီးဌာနက ကောက်ယူထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်နှင့် နှိုင်းယှဉ်မည်ဆိုပါက ရေပေါ်ငါးသယံဇာတ ၉၀ ရာခိုင်နှုန်း၊ ရေအောက် ငါးသယံဇာတ ၆၀ ရာခိုင်နှုန်း ကျဆင်းလာနေကြောင်း သိရသည်။
ထို့အတူ လက်ရှိအချိန်ထိ ရေသယံဇာတများကို ပိုမိုထုတ်ယူသုံးစွဲနေမှုကြောင့် ရေအောက်သယံဇာတ ၆၀ ရာခိုင်နှုန်း၊ ရေပေါ်သယံဇာတ ၈၀ ရာခိုင်နှုန်းခန့်ပြုန်းတီးသွားခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန၏ သုတေသနအစီရင်ခံစာတွင် ဖော်ပြသည်။
“ ငါးဖမ်းထွက်ရင် အရင်ကလိုမျိုး အများကြီးမရတော့ဘူး။ ငါး အရနည်းလာတာ နှစ်နဲ့ချီရှိနေပြီ။ ပြီးတော့ စစ်တပ်က ဖမ်းတာတွေကြောင့်လည်း ငါးဖမ်းထွက်လို့ အဆင်မပြေဘူး။ အရင်ဆို တချို့က သံတွဲဖက်တို့အထိ သွားဖမ်း ကြတယ်။ အခုတော့ ကိုယ့်အနီးအနားမှာပဲ ဖမ်းရတာတောင် စားသောက်ဖို့လည်း အဆင်မပြေနိုင် တော့လို့ ချေးငှားစားသောက်ရတဲ့အဆင့်အထိ ဖြစ်နေပြီ” ဟု ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ လုံခြုံရေးအရ တားမြစ်မှုများနှင့်အတူ ကမ်းဝေးမထွက်နိုင်ကြခြင်း၊ ငါးသယံဇာတနည်းပါးလာခြင်းကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူ ဒေသခံများမှာ စားဝတ်နေရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး လုပ်ငန်း ဆက်လက်လည်ပတ်နိုင်ရေး ခက်ခဲနေကြရခြင်းဖြစ်သည်။
ယင်းအပြင် လုပ်ငန်းပြန်လည်ပတ်နိုင်ရေးအတွက်လည်း စက်ပစ္စည်းနှင့် စက်သုံးဆီဈေးမြင့်တက်မှု၊ ငါးဖမ်း ကိရိယာ ဈေးနှုန်းမြင့်တက်မှုများကြောင့်လည်း အခက်တွေ့နေကြရသည်။
ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်ပြီး ဒေသနေပြည်သူ အများအပြားမှာ လယ်ယာလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။
လက်ရှိမှာ ရခိုင်ပြည်အတွင်း ငါးသယံဇာတရှားပါးလာမှုမှာ ငါးအလွန်အကျွံဖမ်းဆီးမှုများ၊ တားမြစ် အချိန် ကာလအတွင်း ငါးဖမ်းမှုများနှင့် ငါးနေထိုင်တောများ ပြုန်းတီးလာမှုကြောင့် ဖြစ်သည်ဟု ထောက်ပြမှုများလည်း ရှိနေသည်။
နှစ်စဉ် မေလမှ ဩဂုတ်လအထိကို ငါးသားပေါက်ကာလအဖြစ်သတ်မှတ်ထားပြီး နေရာအနှံ့အပြားတွင် ငါးဖမ်းမှုမပြုလုပ်ရန်တားမြစ်လေ့ရှိခြင်းဖြစ်သည်။
သို့ရာတွင် အချို့နေရာများတွင် သတိပေးချက်ရှိနေသော်လည်း ယင်းကာလများတွင် ငါးဆက်လက်ဖမ်းဆီးသူ များရှိနေသဖြင့် ငါးသယံဇာတလျော့နည်းလာမှု၏ အကြောင်းအရင်းများထဲမှ အဓိကဇာစ်မြစ်တစ်ခုဖြစ်ကြောင်း ထောက်ပြသူများလည်း ရှိနေသည်။
ရမ်းဗြဲမြို့ခံ အမျိုးသားတစ်ဦးက “ ငါးသားပေါက်ရာသီဆိုပြီး ဒီဘက်နယ်တွေမှာ သပ်သပ်သတိပေးတာမျိုး မလုပ်တာများတော့ ငါးဖမ်းလုပ်ငန်းထဲက လူအများစုက သူတို့လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ငါးဖမ်းထွက်တယ်။ တကယ်က သားပေါက်ချိန်ဆို မဖမ်းဘဲထားမှ ပုံမှန်လည်ပတ်လို့ရမှာ။ သားပေါက်ရာသီလည်း မရှောင် ဖမ်းကြတော့ ပိုပြီး ငါးတွေ နည်းလာတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်ဘက်မှလည်း တချို့မြို့နယ်များတွင် ငါးပုစွန်နှင့် ရေနေသတ္တဝါ ရှားပါးမှုမှင့် ပတ်သက်ပြီး ရှားပါးရေနေသတ္တဝါများအား ဖမ်းဆီးရောင်းချခြင်းမပြုလုပ်ရန်၊ အဆိပ်ချရှော့တိုက် ငါးဖမ်းခြင်း မပြုလုပ်ရန်၊ တားမြစ်ငါးဖမ်းကိရိယာများဖြင့် မဖမ်းဆီးရန်၊ ရေနေသတ္တဝါများကျက်စားရာ ဒီရေတောများအား ခုတ်ခြင်းမပြုလုပ်ရန် ထုတ်ပြန်ထားသည်။
ရှားပါး ရေနေသတ္တဝါများဖြစ်သည့် ပင်လယ်လိပ်၊ ရေဝက်၊ ငါးမန်း၊ လင်းရှူး၊ လင်းပိုင်နှင့် ဝေလငါး တို့ကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် ရောင်းချခြင်းတို့ကို မပြုလုပ်ရဟု ဆိုသည်။
အဆိုပါ စည်းကမ်းချက်များအား ဆိုင်းဘုတ်များစိုက်ထူကာ ဒေသန္တရ အမိန့်ထုတ်ပြန်ထားခြင်းဖြစ်ပြီး ချိုးဖောက်ပါက အရေးယူခံရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။







