အာဏာသိမ်းမှုကြောင့် နိုင်ငံရေးပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ လူသုံးအ များဆုံးဖြစ်တဲ့ Facebook လူမှုမီဒီယာကနေ သတင်းသိပိုင်ခွင့်နဲ့ ပြန်လည်မျှဝေခွင့်အတွက် ကန့်သတ်ခံနေရဆဲလို့ ဒေသခံပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းယူချိန်ကစပြီး အင်တာနက်ကန့် သတ်ခံရတာ၊ ဖုန်းလိုင်းကန့်သတ်ခံရတာနဲ့ အွန်လိုင်းအသုံးပြုရတဲ့ လူမှုမီဒီယာတွေအထိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ကန့်သတ်ခံထားရတာ ဒီကနေ့အထိပါ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာနှောင်းပိုင်းမှာ စစ်ကော်မရှင် ဦးဆောင်တဲ့ အပိုင်းလိုက် ရွေးကောက်ပွဲ ကျင်းပတဲ့ ကာလတွေနဲ့ အခုနှစ် ဇန်နဝါရီအတွင်း အဲဒီရွေးကောက်ပွဲကို အပြီးသတ်ကျင်းပဖို့ ကျန်ရှိတဲ့ အချိန်ကာလတွေမှာ ကန့်သတ်ချက်တွေကိုတော့ ဖြေလျှော့ခြင်း မရှိခဲ့ပါဘူး။
ဒါ့အပြင် အဲဒီ ရွေးကောက်ပွဲကို ပျက်ပြားအောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အွန်လိုင်းကနေ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ၊ ထပ်ဆင့်ကူးယူဖော်ပြတာ၊ ရေးသားတာ၊ Reaction ပေးတဲ့ Facebook အကောင့်ပိုင်ရှင်တွေကို ဖမ်းဆီးအမှုဖွင့် အရေးယူခံရတာတွေလည်း ရှိနေပြန်ပါတယ်။
ပြည်သူတစ်ဦးကတော့ လက်ရှိ Facebook ကို သုံးစွဲတဲ့အခါ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေ တွေ့ရင် စစ်ကော်မရှင်က ထုတ်ထားတဲ့ ဥပဒေတွေနဲ့ အထင်အမြင်လွဲမှာစိုးလို့ ကိုယ့်အမြင်တွေကို မှတ်ချက်ပြုဖို့ မရဲဘူးလို့ ပြောပါတယ်။
“အခုလက်ရှိ ကျွန်တော်တို့တွေ Facebook သုံးတယ်ဆိုရင် နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စတစ်ခုခုတွေ့ရင် Comment ပေးဖို့ မသင့်ဘူးပေါ့။ ဘာလို့လဲဆို ကျွန်တော်တို့မှာ အခက်အခဲတစ်ခုခု ကြုံမှာကြောက်လို့ သူတို့မှာ (စကမ) ထုတ်ထားတဲ့ စည်းကမ်းဥပဒေလည်း ရှိတယ်လေ။လိုင်းပေါ်မှာ တစ်ခု ခုတင်တာတွေ ဘာတွေ ဥပဒေနဲ့ တရားစွဲလို့ရတယ်၊ အဲဒီလိုမျိုးဆို ကျွန်တော်တို့လည်း Comment ပေးဖို့ မရဲဘူးပေါ့။ သူတို့ထုတ်တဲ့ သတင်းတွေ ကိုယ်တွေ့လည်း Comment တွေ ရေးလို့ မရဲဘူးပေါ့၊ သူတို့နဲ့ (အထင်အမြင်) လွဲမှာကြောက်လို့ ”လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးနဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ်တဲ့ သတင်းတွေကို Facebook ကနေတဆင့် ပြန်လည်မျှဝေဖို့နဲ့ ကိုယ့်အမြင်တွေကို လွတ်လပ်စွာ ထုတ်ဖော်ရေးသားဖို့ မဝံ့ရဲတဲ့အတွက် ယုံကြည်လို့ရတဲ့ သူတွေနဲ့သာ လူချင်းတွေ့တဲ့အခါ အမြင်ချင်းဖလှယ်ကြတာလို့ သူက ဆက်ပြောပါတယ်။
လက်ရှိအချိန်အထိ စစ်ကော်မရှင် ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အွန်လိုင်း ရော မြေပြင်မှာပါ နိုင်ငံတဝန်း အရေးယူဆောင်ရွက်မှု ၂၄၀ မှာ အမှုဖွင့် အရေးယူခံထားရသူ ၃၃၀ ကျော်ရှိနေတယ်လို့ စစ်တပ်ဝါဒဖြန့် နိုင်ငံပိုင်သတင်းစာတွေကနေ သိရပါတယ်။
အာဏာသိမ်းမှုအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်တပ်ကို ဆန့်ကျင်ဝေဖန်မှုကြောင့် အွန်လိုင်းအသုံးပြုသူတွေ ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရသလို ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြီးခဲ့တဲ့နှစ် ဇူလိုင် ၃၀ ရက်နေ့မှာ အသက်သွင်းခဲ့တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထားစရာ ဖြစ်လာခဲ့တာပါ။
ဒါ့အပြင် အင်တာနက်ပေါ်က သတင်းတွေကို တန်ပြန်ဖို့နဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူနိုင်ဖို့ စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အင်တာနက်အသုံးပြုမှု ၂၄ နာရီစောင့်ကြည့်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါသေးတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်က AI နည်းပညာသုံးပြီး အစုလိုက်အပြုံလိုက် စောင့်ကြည့်ဖမ်းဆီးမှုတွေကြောင့် လူပေါင်း ၁,၆၅၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
တစ်ဘက်မှာ ဆက်သွယ်ရေးဖြတ်တောက်မှုကြောင့် ၁၃၁ မြို့နယ်မှာ ဒီကနေ့တိုင် အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ပြီး စစ်တမ်းအရ ပြည်သူ ၇၅ ရာခိုင်နှုန်းကျော်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ခံထားရတယ်လို့ ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
အညာဒေသက အမျိုးသမီးတစ်ဦးကလည်း ၂၀၂၁ ကတည်းက သူတို့ဒေသမှာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့အတွက် သတင်းရယူမှုနဲ့ သတင်းစီးဆင်းမှုတွေမှာ အင်မတန် အားနည်းနေတယ်လို့ ပြောပါတယ်။
“ကျွန်မတို့ဘက်က ၂၀၂၁ ကတည်းက အင်တာနက်တွေ ဖြတ်တောက်ခံထားရပြီး အဲဒီကနေ သ တင်းရယူဖို့လည်း မရနိုင်ဘူး။အခုနောက်ပိုင်းတော့ Star Link ပေါ်လာတဲ့အခါမှာ အနည်းငယ် ဆယ်ပုံနှစ်ပုံလောက်ကတော့ သတင်းရယူမှု ရတယ်။ အဲဒီကနေပဲ တခါ ပြန်ပြီး ဖြန့်ဝေတာမျိုး ရှိတယ်။ဒါပေမယ့်လည်း Facebook တို့ Social Media သတင်းကတော့ သတင်းမှန် သတင်းမှားတွေက ရောနေတာပေါ့။အဲဒီတော့ သတင်းမှန် သတင်းမှားတွေကို Fact Chek မလုပ်နိုင်ဘဲနဲ့ ကောလာဟလပြန့်နှံ့တာမျိုးတွေ အများကြီး ရှိတယ်။ နောက်တစ်ခုက အင်တာနက် မရတဲ့အခါကျတော့ တီဗီသတင်း ရေဒီယိုသတင်းကနေ နားထောင်ဖို့ကျပြန်တော့လည်း လျှပ်စစ်မီးက ဖြတ်တောက်ခံရတဲ့အတွက်ကြောင့် တီဗီကို အချိန်ပြည့် မကြည့်နိုင်တဲ့ အနေအထားပေါ့။ အဲဒီတော့ သတင်းရယူမှု သတင်းစီးဆင်းမှုကတော့ အင်မတန်မှကို အားနည်းနေတယ်”လို့ ဆိုပါတယ်။
Data for Myanmar ကတော့ ၂၀၂၁ နောက်ပိုင်း မြန်မာနိုင်ငံမှာ Facebook အသုံးပြုမှု ကန့်သတ်တာ၊ အင်တာနက် ထိန်းချုပ်မှု ကျယ်ပြန့်လာတာ၊ အင်တာနက်လွှမ်းခြုံမှု ကျဆင်းလာတာ စတဲ့ အ ခက်အခဲတွေရှိနေပေမယ့် Facebook အသုံးပြုသူတွေ သန်းနဲ့ချီ ရှိနေဆဲလို့ ဆိုပါတယ်။
မြန်မာမီဒီယာ ၉၆ ခုကနေ စုစည်းထားတဲ့အချက်အလက်တွေကို အခြေခံပြီး Facebook ပေါ်က မြန်မာ့သတင်းမီဒီယာမြင်ကွင်း - ၂၀၂၅ ခုနှစ်ကို ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
၂၀၂၅ ခုနှစ်အတွင်း ပို့စ်ပေါင်း ၂ သိန်း ၇ သောင်းကျော် မျှဝေခဲ့ပြီး အဲဒီအထဲမှာ စာသား၊ ဗွီဒီယိုနဲ့ ဓါတ်ပုံသတင်း တွေပါဝင်သလို အဲဒီ ပို့စ်တွေကို တုံ့ပြန်မှုပေါင်း ၄၄၂ ဒသမ ၈ သန်း၊ မှတ်ချက်ပေးမှုပေါင်း ၁၄ ဒသမ ၅ သန်းနဲ့ မျှဝေမှုပေါင်း ၁၈ ဒသမ ၇ သန်း ရှိခဲ့ပါတယ်။
ပြည်သူအများစုဆီ သတင်းစကားပါးနိုင်ဖို့ မီဒီယာတွေအတွက် Facebook က အရေးပါနေဆဲဖြစ်ပြီး နေ့စဉ် သတင်းမီဒီယာ ၉၆ ခုက တင်တဲ့ ပို့စ်ဟာ တစ်ရက်ကို ပျမ်းမျှ ၇၄၀ လောက်ရှိပေမယ့် ပြီးခဲ့တဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်ရင် နေ့စဉ်တင်တဲ့ ပို့စ်အရေအတွက်က လျော့ကျသွားပါတယ်။
အမေရိကန်အစိုးရသစ်ရဲ့ မူဝါဒအပြောင်းအလဲကြောင့် မီဒီယာအဖွဲ့အစည်းတွေအတွက် အကူညီတွေ လျော့နည်းသွားခဲ့သလို မီဒီယာတချို့လည်း ရပ်ဆိုင်းသွားခဲ့ရတဲ့အပေါ် ၂၀၂၅ ခုနှစ်က မြန်မာသတင်းမီဒီယာတွေအတွက် အခက်အခဲတွေ များခဲ့တဲ့ နှစ်တစ်နှစ်အဖြစ် Data for Myanmar က ထောက်ပြထားပါတယ်။







