ရန်ကုန်ကနေ ဆေးကုပြီး ရခိုင်သို့ ပြန်လာသည့် လူနာများကို စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထား

ရန်ကုန်ကနေ ဆေးကုပြီး ရခိုင်သို့ ပြန်လာသည့် လူနာများကို စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထား

စစ်ကောင်စီ ထိန်းချုပ်ထားဆဲ စစ်တွေနှင့် ကျောက်ဖြူတို့က လူနာများမှာ ရန်ကုန်ကနေ ဆေးကုပြီး ရခိုင်သို့ လေကြောင်းခရီးဖြင့် ပြန်လာစဉ် ဆေးဝါးလုံလောက်စွာယူဆောင်ခွင့်ကို စစ်ကောင်စီက တားမြစ်ကန့်သတ်နေကြောင်း သိရသည်။

နာတာရှည်၊ အရေးပေါ် စသည့် ရောဂါများဖြစ်ပြီးနောက် ဒေသခံများမှာ ရခိုင်တွင် ဆေးကုသ၍ မရတော့သဖြင့် ရန်ကုန်မြို့တက်ပြီး ဆေးကုနေရခြင်းဖြစ်သည်။

သို့သော်လည်း ဆေးခန်းသွားပြပြီး ပြန်လာသူများကို ဆေး သုံးပုံ တစ်ပုံခန့်သာ စစ်ကောင်စီက သယ်ယူခွင့် ပေးသဖြင့် ရောဂါဝေဒနာရှင်များ အခက်ကြုံနေရကြောင်း ပြောဆိုကြသည်။

“ ရောဂါအတွက် သောက်ဆေး ၃ လစာလောက် ဆေးစာအုပ်နဲ့တကွ ယူလာတာတောင် တစ်လစာလောက်ပဲ ယူခွင့်ပေးတယ်။ အခုက လေယာဉ်လက်မှတ်ဈေးတွေကလည်း အရမ်းမြင့်တော့ ရန်ကုန်ကို တစ်လတစ်ခါ သွားဖို့ မလွယ်ကူဘူး။ ဆေးကုန်ရင်လည်း မှာလို့ မရဘူး။ ဆေးမပြတ်အောင် ယူနိုင်ဖို့ပဲ ဆုတောင်းနေရတယ်” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စစ်တွေမြို့သို့ လေကြောင်းဖြင့် ဆေးဝါးသယ်ယူခွင့်ကို ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကတည်းက တားမြစ်ပိတ်ပင်ထားပြီး ရေကြောင်းတစ်ခုတည်းဖြင့် သယ်ယူခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။

သို့သော်လည်း ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ဝင်ရောက်နေသည့် ကုန်တင်သင်္ဘောများမှာ ပုံမှန်မရှိပေ။ လနှင့်ချီကြာ အချိန်ကြာမြင့်တတ်သဖြင့် စစ်တွေမြို့တွင်း ဆေးဝါးရှားပါးခြင်း ဈေးနှုန်းမြင့်တက်ခြင်းတို့ ရှိနေကြောင်း မြို့ခံများက ပြောသည်။

ထိုနည်းတူ ကျောက်ဖြူမြို့တွင်လည်း ရန်ကုန်ကနေ ဆေးဝါးသယ်ဆောင်လာခွင့် တားမြစ်မှုများရှိနေသဖြင့် ကျန်းမာရေးမကောင်းသူများအတွက် လုံလောက်စွာ သောက်သုံးရမည့် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားကြောင်းလည်း သိရသည်။

သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးက “ ရန်ကုန်ကနေ သံတွဲကိုလာတာ ကျောက်ဖြူမြို့ကို ရောက်တော့ ပါလာတဲ့ ဆေးတွေကို စစ်တပ်က သိမ်းထားလိုက်တယ်။ ဘာဆေးမှ ယူလာလို့ မရဘူးတဲ့။ ကိုယ်က ဆီးချိုရော နှလုံးသွေး ကြောကျဉ်းရောဂါလည်း ရှိတော့ ဒီရောက်ရင် ကိုယ်လိုတဲ့ ဆေးရှာမရမှာ စိုးလို့ ဆေးကြိုပြီး ယူလာရတယ်။ ဒါပေမဲ့ သူတို့အကုန်သိမ်းသွားတော့ ဘယ်လိုဆက်လုပ်ရမလဲ မသိသေးဘူး။ ဝယ်လို့ရမရက မသေချာသေးဘူး။ ကိုယ့်ဆီမှာက ရှာမရဘူး ” ဟု ပြောသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် မြို့သိမ်းတိုက်ပွဲစတင်ချိန်မှစကာ ရခိုင်ဒေသသို့ ဆေးဝါးနှင့် ကုန်ပစ္စည်းသယ်ယူခွင့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသောကြောင့် ရခိုင်ဒေသတွင်း ဆေးဝါးရှားပါးမှုနှင့် ကြုံတွေ့နေရသည်။

ထို့ကြောင့် ရခိုင်ဒေသခံများမှာ လိုအပ်သည့်ဆေးဝါးများနှင့် ကျန်းမာရေးကိစ္စအတွက် အိန္ဒိယနိုင်ငံကို အဓိက အားကိုးနေကြရပြီး ပြည်မဘက်သို့လည်း ခဲရာခဲဆစ် သွားရောက်ဆေးကုသမှုခံယူနေကြရသည်။

“ လမ်းတွေပိတ်ကတည်းက ကျောက်ဖြူမှာ ဆေးတွေ ဈေးတက်ပြီး ရှာမရဖြစ်လာတယ်။ ဒါကြောင့် ကျောက်ဖြူ မှာရှိတဲ့ အမေ့အတွက် လေယာဉ်နဲ့တဆင့် ဆေးတွေကို ထည့်ပေးနေတာ။ လွန်ခဲ့တဲ့ ၂ လ လောက်ကစလို့ ပုံမှန် ထည့်ပေးနေကျအတိုင်း လက်မခံတော့ဘူး။ ဆေးကပ် ၅ ကတ်ဆိုရင် ၂ ကတ်ပဲ လက်ခံတော့တယ် ” ဟု ရန်ကုန်ရောက် ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရခိုင်ဒေသသို့ ကုန်စည်နှင့်ဆေးဝါးစီးဆင်းမှုကို ကန့်သတ်ရုံသာမက ရခိုင်ဒေသရှိ ဆေးရုံ ဆေးခန်းများကိုပါ ပစ်မှတ်ထားလေကြောင်း တိုက်ခိုက်နေသဖြင့် ဒေသခံများမှာ ကျန်းမာရေးနှင့် ပတ်သတ်ပြီး စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်။

ထို့အတူ စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေနှင့် ကျောက်ဖြူဒေသခံများကိုလည်း မြို့ပြင်ထွက်ခွင့် လမ်းခရီးများ ပိတ်ဆို့ထားပြီး လေကြောင်းတစ်ကိုသာ အကန့်အသတ်ဖြင့် ဖွင့်ပေးနေခြင်းဖြစ်သည်။

လေကြောင်းခရီးတွင်လည်း ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာများအဆင့်ဆင့်ကို ငွေကြေး လာဘ်ထိုးကာ တောင်းယူနေရပြီး လက်ရှိ ကျောက်ဖြူ- ရန်ကုန်၊ စစ်တွေ- ရန်ကုန် လေယာဉ်လက်မှတ်များမှာလည်း တစ်စောင်ကို ငွေကျပ် သိန်း ၂၀ အထိ ပေးပြီးဝယ်နေရကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...