ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ထိုမြို့နယ်များတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူရန် ကြိုးပမ်းနေသော်လည်း စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုနှင့် လုံခြုံရေး အခြေအနေများကြောင့် အခက်ခဲများစွာ ကြုံနေဆဲဖြစ်သည်။
ရခိုင်ဒေသတွင် အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အများအပြား လုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြသည်။
ယင်းအထဲ ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြသည့် ရခိုင်က ဒေသခံများမှာ စစ်ကောင်စီ၏ ရေတပ်အပြင် စက်သုံးဆီဈေးမြင့်တက်မှု၊ ငါးဖမ်းကိရိယာများ ဈေးနှုန်းမြင့်တက်မှုနှင့် ဈေးကွက် ကျဆင်းမှုတို့ကြောင့် ငါးဖမ်းလုပ်ငန်း ပုံမှန်မလည်ပတ်နိုင်သည်မှာ ၂ နှစ်ကျော်ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အရင်းအနှီးကြီးမားကာ ဝင်ငွေမမျှတမှုကြောင့် ငါးဖမ်းလုပ်ငန်းကို စွန့်လွှတ်သူများပြားလာကြောင်း သိရသည်။
“ အဓိက ကုန်သွယ်မှုတွေ မရှိတော့ ရခိုင်က ငါးဖမ်းလုပ်ငန်းတွေ ဆုတ်ယုတ်လာတယ်။ ရေသယံဇာတတွေ ရှားပါးလာတာက တစ်ပိုင်း၊ ကူးသန်းရောင်းဝယ်မှုမရှိတော့ ဈေးကွက် ကျဆင်းလာတယ်။ ပေါက်တောဖက်က ငါးဖမ်းသမားတွေဆိုရင် အရင်းအနှီးကြီးပြီး ရလာတဲ့ဝင်တွေ မကိုက်တဲ့အတွက် ငါးဖမ်းလုပ်ငန်းကို ဆက်မလုပ်ကြတဲ့ သူတွေရှိတယ် ” ဟု ပေါက်တောမြို့နယ်မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ပေါက်တောမြို့နယ်သည် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း၊ ငါးပုစွန်မွေးမြူရေး၊ ကဏန်းစသည့် ရေလုပ်ငန်းတို့ကို အများဆုံးလုပ်ကိုင်သည့် ဒေသဖြစ်ပြီး ယင်းထွက်ကုန်များကို ယခင်ကာ စစ်တွေသို့ တင်ပို့ခဲ့ကြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် ပေါက်တောမြို့နယ် ဆင်တက်မော် (မွတ်ဆလင်) ကျေးရွာမှ ငါးဖမ်းသမား ၂၈ ဦးမှာ ပန်းနံ့သာကျွန်းအနီးတွင် ငါးဖမ်းနေကြစဉ် စစ်ကောင်စီ နေဗီက ဖမ်းဆီးခဲ့သဖြင့် ဒေသခံများမှာ ငါးဖမ်းလုပ်ငန်းကို မလုပ်ကိုင်ရဲတော့ကြောင်း ပြောဆိုကြသည်။
ရခိုင်ပြည်တွင် ငါးဖမ်းလုပ်ငန်းကို စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ သံတွဲ၊ မာန်အောင် ရမ်းဗြဲ၊ ဂွ စသည့် မြို့နယ်များတွင် အများအပြားလုပ်ကိုင်ကြသည်။
တိုက်ပွဲမဖြစ်ခင်က ရခိုင်ဒေသထွက် သားငါးပုစွန်များကို နိုင်ငံခြား၊ ရခိုင်ပြည်တွင်းနှင့် ပြည်မဖက်သို့ တင်ပို့နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း လမ်းခရီးပိတ်ဆို့ထားမှုတို့ကြောင့် တင်ပို့မှု ရပ်တန့်ခဲ့ရသည်။
လက်ရှိတွင် ငါးများကို ပြည်တွင်း စားသုံးရန် အနည်းငယ်သာ ရှာဖွေရောင်းချနေကြရခြင်းဖြစ်သည်။
သံတွဲဒေသခံ အမျိုးသားတစ်ဦးက “ ရေလုပ်ငန်းကတော့ တပိုင်တနိုင် ကိုယ့်ဒေသခံတွေ စားဖို့လောက်ပဲ လှေဆင်းနိုင်တယ်။ ကြီးကြီးမား လုပ်လို့ မရဘူး။ နေဗီ အန္တရာယ်ရှိနေတော့ ရေလုပ်ငန်းကြီးကြီးကျယ်ကျယ် မလုပ်နိုင်ကြဘူး ” ဟု ပြောသည်။
ငါးဖမ်းလုပ်ငန်းကို သက်မွေးဝမ်းကြောင်းအဖြစ် အဓိက လုပ်ကိုင်ကြသည့် ရခိုင်တောင်ပိုင်းဒေသများတွင်လည်း ငါးဖမ်းလုပ်ငန်း ပုံမှန်မလည်ပတ်နိုင်သဖြင့် စားဝတ်နေရေးအတွက် ရပ်တည်ရခက်ခဲလာကြကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် သံတွဲနှင့် ဂွမြို့နယ် ကမ်းခြေတစ်လျှောက်တွင် စစ်ကောင်စီ၏ စစ်သင်္ဘာများမှာ သွားလာလှုပ်ရှားမှုရှိ နေဆဲဖြစ်ပြီး ဒေသခံ ရေလုပ်သားများကို စစ်သင်္ဘာများမှ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေသဖြင့် ရေလုပ်သားများမှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေကြရသည်။
“ စစ်သင်္ဘောတွေ ရှိနေတော့ ကမ်းနီးမှာဘဲ ငါးဖမ်းရတယ်။ ကမ်းဝေးငါးဖမ်းလို့ အဆင်မပြေဘူး။ ကမ်းနီးငါးဖမ်း လုပ်ငန်းကတော့ အကုန်အကျနည်းပေမယ့် ငါးဖမ်းရတဲ့ ပမာဏနဲ့ ရေလုပ်သားတွေ ဝမ်းရေးလောက်ပဲ အဆင်ပြေတယ်။ အခုတော့ ကမ်းနီးမှာဘဲ အဆင်ပြေရုံလောက် ငါးဖမ်းလုပ်ကိုင် နေကြရပါတယ် ” ဟု ဂွမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အတူ ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင်လည်း ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ခိုးဝင်ငါးဖမ်းနေကြသဖြင့် ဒေသခံများမှာ ပင်လယ်ပြင်ငါးဖမ်းရာတွင် မလုံမခြုံဖြစ်နေကြောင်းလည်း သိရသည်။
၂၀၂၅ စက်တင်ဘာလက ရသေ့တောင်မြို့နယ် ကိုးတန်ကောက်အနီးက ပင်လယ်ကမ်းခြေအနီးတွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများနှင့် ငါးဖမ်းသမားယောင်ဆောင် လူတစ်စုက အာရက္ခတပ်တော်၏ ကမ်းခြေစောင့်တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ပြီး လက်နက်များပါ ယူဆောင်သွားခဲ့ကြသည်။
ထိုသို့ အကြောင်းအမျိုးမျိုးကြောင့် လက်ရှိ ရခိုင်ပြည် ရေလုပ်ငန်းအခြေအနေမှာ နာလန်မထူနိုင်ဖြစ်နေပြီး ဒေသခံတို့အတွက်လည်း ဝမ်းစာရေးထိခိုက်နေရကြောင်း ပြောဆိုကြသည်။
လက်ရှိ ရခိုင်ဒေသအတွင်း ရေလုပ်ငန်းလုပ်ကိုင်သူများအပါအဝင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ကိုင်သူများမှာ အဘက်ဘက်မှ အကျပ်အတည်းစိန်ခေါ်မှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနေကြရသည်။







