AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင် ဂျိုင်ရိုကော်ပတာ (Gyrocopter) နှင့် ပါရာမိုတာ (Paramotor) ခေါ် စက်တပ်လေထီး အမြောက်အများကို လေ့ကျင့်ပျံသန်းမှု ပြုလုပ်နေကြောင်း သိရသည်။
ကျောက်ဖြူလေယာဉ်ကွင်းတွင် စစ်အုပ်စုက လုံခြုံရေးအစောင့်များ ချ၍ ဂျိုင်ရိုကော်ပတာနှင့် ပါရာမိုတာများကို ပြီးခဲ့သည့် မေ ၂၅ ရက်မှ ယမန်နေ့ (မေ ၂၇) အထိ လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ပန်ကာနဲ့ကောင်တွေရော၊ လေထီးနဲ့ကောင်တွေရော နှစ်ရက်၊ သုံးရက်ထိ ပျံနေကြတာ။ အနည်းဆုံး ၇ စီးလောက် ရှိမယ်။ လေယာဉ်ကွင်းမှာလည်း ယူနီဖောင်းတွေနဲ့ စစ်သားတွေ အပြည့်ကင်းချပြီးတော့ စောင့်ကြည့်နေကြတာ ” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ မာန်အောင်မြို့နယ်တွင်လည်း ဂျိုင်ရိုကော်ပတာနှင့် ပါရာမိုတာများကို ယခုရက်ပိုင်းအတွင်း လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။
စစ်အုပ်စုသည် ကျောက်ဖြူတိုက်ပွဲအတွင်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက စ၍ ပါရာမိုတာများကိုသာ အသုံးပြုတိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ယခုအခါ ဂျိုင်ရိုကော်ပတာများကိုပါ အသုံးပြုရန် လေ့ကျင့်နေခြင်းဖြစ်သည်။
စစ်ရေးစောင့်ကြည့်နေသူ ရခိုင်လူငယ်အမျိုးသားတစ်ဦးက “ ကျောက်ဖြူတိုက်ပွဲမှာ ဂျိုင်ရိုကော်ပတာ အသုံးပြုဖို့ ကြံစည်လာတာဟာ လေယာဉ်နဲ့ ဒရုန်းတွေ ပျံသန်းဖို့ခက်တဲ့ ရခိုင်ဒေသရဲ့ ရာသီဥတုကို ကြည့်ပြီး မိုးရာသီအတွက် ကြိုတင်ပြင်ဆင်နေတာလို့ ယူဆတယ် ” ဟု ပြောသည်။
မြန်မာပြည်အနှံ့ စစ်မျက်နှာတွင် ဂျိုင်ရိုကော်ပတာနှင့် ပါရာမိုတာများကို လေကြောင်းကင်းထောက် မှုအပါအဝင် တိုက်ခိုက်ရေးအတွက်ပါ စစ်အုပ်စုက အသုံးပြုနေခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ကုန်ပိုင်းတွင် ဂျိုင်ရိုကော်ပတာများကို ပိုမိုအသုံးပြုလာနေခြင်းဖြစ်သည်။
အခြားတစ်ဘက်တွင် စစ်အုပ်စုသည် ၎င်းတို့ ထိန်းချုပ်ဆဲဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ နယ်တို့အပါအဝင် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့မှတစ်ဆင့် ရခိုင်ဒေသကို ပြန်လည်စိုးမိုးရေး အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိနေသည်။
လက်ရှိ စစ်အုပ်စုသည် ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတွင် တောင်မော်ကြီးရေတပ်စခန်း အထိ ဆုတ်ခွာထားရသော်လည်း အရပ်သားနေထိုင်ရာနေရာများကို ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများရှိနေသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်က စစ်အုပ်စု၏ ဒရုန်းတိုက်ခိုက်မှုကြောင့် စနဲမြို့တွင် သက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး နေအိမ် ၇၀ ခန့် မီးလောင်ပျက်စီးခဲ့သည်။
ပုံစာ - လေ့ကျင့်ပျံသန်းနေသည့် ဂျိုင်ရိုကော်ပတာတစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - အင်တာနက်







