ပုလောတွင် လူသတ်မှုကျူးလွန်သူများအား KNU ဖမ်းမိ၊ အရေးယူမည်ဟုဆို

ပုလောတွင် လူသတ်မှုကျူးလွန်သူများအား KNU ဖမ်းမိ၊ အရေးယူမည်ဟုဆို

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့် တရားခံ (၄) ဦးအား ဖမ်းဆီးရမိပြီး ကော်သူးလေတရားဥပဒေအတိုင်း အပြစ်ပေးအရေးယူသွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြိတ်ထားဝယ် ခရိုင်က ယမန်နေ့(ဒီဇင်ဘာ ၂၁ရက်)တွင် ထုတ်ပြန်ပြောသည်။

ပုလောမြို့နယ် ဆားခဲ‌ကျေးရွာနေ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ဆရာမ ဒေါ်အေးသီအောင်နှင့် အမျိုးသားဖြစ်သူကို ပြီးခဲ့သည့် ဒီဇင်ဘာ(၁၅)ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅) အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်လာသူ(၄)ဦးက နေအိမ်၌ ဝင်ရောက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား ဒီဇင်ဘာ(၁၇)ရက်နှင့်(၁၈)ရက်တို့တွင် ကေအဲန်ယူမှ ပြန်လည်ဖမ်းဆီးရမိခဲ့ရာ စုံစမ်း စစ်ဆေးပြီးနောက် ပြစ်မှုထင်ရှားသဖြင့် ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

“သူတို့လေးယောက်က အရင်က ပြစ်မှုတစ်ခုနဲ့အချုပ်ကျထားသူတွေဖြစ်တယ်။ အချုပ်ကနေ ထွက်ပြေးပြီးတော့ အခုလိုပြစ်မှုကိုကျူးလွန်ခဲ့တာဖြစ်တယ်။ လက်ရှိမှာလည်း အချုပ်ထဲမှာ သူတို့ကိုဖမ်းဆီးထားတယ်။ စစ်ရေးအရ ကျ‌နော်တို့အရေးယူသွားမှာဖြစ်တယ်။” ဟု ပဒိုစောအယ်နာက ဆိုသည်။

ဒီဇင်ဘာ(၁၃)ရက်နေ့ မနက်(၅)နာရီဝန်းကျင်တွင် အကျဥ်းခန်းမှထွက်ပြေးလွတ်မြောက်လာပြီးနောက် သေဆုံးသူဇနီးမောင်နှံအိမ်၌ ထမင်းသွားတောင်းစားသည့် မောင်ဝင်းစိုး ဆိုသူမှာ ထမင်းမရသဖြင့် ဒေါ်အေးသီအောင်အား ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းနှင့်အတူ အချုပ်မှထွက်ပြေးလာသည့် အောင်နိုင်ဦး၊ ဖြိုးဝေဦး၊ ဇော်ထိုက်တို့၏အကူအညီဖြင့် ဒေါ်အေးသီအောင်၏ခင်ပွန်းဖြစ်သူအား ထပ်မံသတ်ဖြတ်ခဲ့ပြီးနောက် လတ်ဝတ်ရတနာများကိုခိုးယူ၍ ထိုင်းနိုင်ငံသို့ထွက်ပြေးရန်ကြိုးပမ်းခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM လုပ်ဆောင်သူ ဒေါ်အေးသီအောင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ပညာရေးကျောင်းများ မြို့နယ်အတွင်းဖွင့်လှစ်နိုင်ရေး လှုပ်ရှားဆောင်ရွက်နေသူလည်းဖြစ်သည်။ တရားခံမဖမ်းမိခင်က ၎င်းနှင့်ခင်ပွန်း သတ်ဖြတ်ခံရသည့်အပေါ် CDM နှင့်တော်လှန်ရေးတက်ကြွလှုပ်ရှားသူ အသိုင်းအဝိုင်းမှ အမှုမှန်ပေါ်ပေါက်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံ ဝိုင်းဝန်းတောင်းဆိုခဲ့သေးသည်။

တနင်္သာရီတိုင်းအတွင်း အခြေစိုက်စစ်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းကလည်း ဆရာမတို့ဇနီးမောင်နှံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး အထူးစုံစမ်းရေးအဖွဲ့ဖွဲ့ကာ အမှုမှန်ပေါ်ပေါက်ရေးနှင့်အပြစ်ပေးအရေးယူရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ(၁၇)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Most read this week

December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...
December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...