မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ အစစ်ဆေးအဖမ်းဆီး ပိုကြမ်းလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနီးကပ်လာချိန် မြို့ဝင်မြို့ထွက်နဲ့ လူစည်ကားရာ နေရာတွေ၊ လမ်းဆုံလမ်းခွတွေ၊ မထင်မှတ်တဲ့ နေရာတွေအပြင် မြို့ပတ်ပြီး နေရာအစုံမှာ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်လာတာပါ။
အဲဒီလို ပိတ်ဆို့စစ်ဆေး ဖမ်းဆီးမှုတွေကိုတော့ စစ်ကော်မရှင်တပ်၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်အဖွဲ့တွေအပြင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် အင်အားအမျာအးပြား အသုံးပြုပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ရေးမြို့ခံတစ်ဦးကတော့ ရွေးကောက်ပွဲနီးကပ်လာချိန် စစ်ကော်မရှင်ဘက်က လုံခြုံရေး ပိုမိုတင်း ကျပ်ထားသလို အင်အားအများအပြား အသုံးပြုပြီး နေရာပေါင်းစုံမှာ တစ်နေကုန် စစ်ဆေးနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိက ရွေးကောက်ပွဲကာလ နီးကပ်နေလို့ ဖြစ်မယ်။ အစစ်အဆေး လုံခြုံရေး ပိုတင်းကျပ် တာပေါ့။ အင်အားအများကြီးနဲ့ ထောင့်ပေါင်းစုံမှာ နေရာပေါင်းစုံမှာ စစ်ဆေးတာ နေ့ည တစ်နေကုန်လို့ ပြောလို့ရတယ်။ နေရာ ရွေ့သွားတာ တစ်ခုပဲ။ တစ်နေကုန်လို့ ပြောလို့ရတယ်။အစစ်ဆေးက ပိုပြီးတော့ စိပ်စိပ်လေး လုပ်လာတယ်”လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဘက်က အစစ်အဆေး ကြမ်းနေတဲ့အတွက် ဒေသတွင်းက လူငယ်အများစု အပြင်မထွက်ရဲ ကြတော့သလို တချို့တွေ အနေနဲ့ အလုပ်သွား၊ အလုပ်ပြန်ကအစ စိုးရိမ်စိတ်နဲ့ သတိထားသွားလာ နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဘီးလင်းမြို့ခံ တစ်ဦးကလည်း စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးမှုတွေဟာ တစ်နေ့တခြား ပိုဆိုးလာပြီး ဖမ်းဆီးရမိတဲ့ လူငယ်တချို့ကို စစ်မှုထမ်း တစ်ခါတည်း စုဆောင်းတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
“အစစ်ဆေးက ကြမ်းတယ်။ တစ်ခါတလေ ကျတော့ ၁၃ မျဉ်းစောင်းပေါ့။ ကျန်တာတော့ ကားပေါ်က အကုန်ဆွဲချတယ်။ နေ့တိုင်း ဖမ်းတယ်။ မနက်လည်း ဖမ်း ညနေလည်း ဖမ်း အရင်က ညနေ ဖမ်းတယ်။ အခု တစ်ခါ မနက်ပါ ဖမ်းတယ်။နောက်ဆို နေ့လည်ပါ ဖမ်းမယ်။မှတ်ပုံတင် မထင်မရှားတဲ့ ဥစ္စာတွေ ကျတော့ စစ်မှုထမ်းထဲပါတယ်”လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ အစစ်အဆေး ကြမ်းပြီး လူငယ်တွေကို မသင်္ကာလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီး စစ်ဆေးတာ၊ ဆဲဆို ကြိမ်းမောင်းတာအပြင် ကိုယ်ထိ လက်ရောက် ရိုက်နှက်နှိပ်စက် တာတွေကအစ လုပ်ဆောင်နေတာပါ။
ဒါ့အပြင် စစ်ကော်မရှင် လက်အောက်ခံတွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့ လူငယ်အများစုဟာ စစ်မှုထမ်းထဲ ပါသွားတက်ပြီး တချို့ စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ အသိရှိသူတွေကတော့ ငွေကြေး အဆမတန်ပေးကာ ပြန်လည် လွတ်မြောက်လာတာ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုလို စစ်ကော်မရှင် လက်အောက်ခံတွေက အစစ်အဆေး ကြမ်းနေတဲ့ အတွက် ခရီးသွားလာရာမှာ ကြန့်ကြာမှုရှိတာ၊ အချိန်မရွေး ဖမ်းဆီးခံရနိုင်တာ၊ အကြောင်းမဲ နှိပ်စက်ခံရနိုင်တာတွေကြောင့်လည်း အပြင်ထွက်ဖို့အတွက်တောင် လုံခြုံမှု ကင်းမဲ့ လာတာပါ။
မွန်ပြည်နယ်မှာ စစ်ကော်မရှင်ဘက်က အစစ်အဆေး ကြမ်းနေပေမယ့် ခိုးမှု၊ လုယက်မှု၊ ပစ်ခတ် သတ်ဖြတ်မှုတွေအပြင် လက်နက်ကိုင်ဓားပြမှုတွေကအစ ဖြစ်ပွားနေပြီး ပြစ်မှုကျူးလွန်သူအများစုကို ဖမ်းဆီးရမိတာ မရှိဘူးလို့ သိရပါတယ်။







