ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ ၁၉ ရက်၊ ကရင်နှစ်သစ်ကူးနေ့ နံနက် ၆ နာရီဝန်းကျင်မှစ၍ နေ့လည်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ဖလူးလေးကျေးရွာထိပ်ရှိ ရွှေတိဂုံပုံတူစေတီကုန်းနေရာသို့စစ်အုပ်စုက မနက်အစောပိုင်းတွင် လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ပြီး စစ်ကြောင်းထိုးတိုက်ခိုက်လာသည်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်တပ်များက တန်ပြန်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “မနက်အစောကြီးကွယ် အလုံးကြီး ၆ လုံးလောက် ဆက်တိုက်ပစ်ထည့်တာလေ၊ ရွှေတိဂုံပုံတူ ဘုရားကုန်းဘက်ကို၊ လက်နက်ငယ်သံတွေ လည်းညံနေရောပစ်ကြတာ၊ လက်နက်ကြီး ပစ်တာက မင်းလက်ပံတရုတ်ဆိုဒ်ဘက်က စစ်တပ်က ပစ်ထုတ်နေတာ၊ သူတို့စစ်တပ်အဲ့နေရာကိုတပ်ထိုင်ဖို့ တိုးနေတာတစ်လလောက်ရှိနေပြီ၊ တိုက်ပွဲဖြစ်နေတော့ ကရင်နှစ်သစ်ကူး သွားကြ လာကြမယ့်အဖွဲ့တွေလည်း အကုန်ပြေးရှောင်ရတာပေါ့နော်” ဟုပြောသည်။
အဆိုပါ ဖလူးကြီး၊ ဖလူးလေး၊ မင်းလက်ပံကျေးရွာဘက်ကို စစ်အုပ်စုက ယခုဒီဇင်ဘာလ ၁၅ ရက် နောက်ပိုင်းတွင် မိုးပျံပူဖောင်းသုံးကင်းထောက် ကင်မရာများလွှတ်တင်ပြီး ကာမီကာဇေ အသေခံ ဒရုန်းဖြင့် တိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်ဘက်က ပြောသည်။ ၎င်းတိုက်ခိုက်မှုကြောင့် ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်တွင် ဖလူးရွာနှင့် မင်းလက်ပံရွာကျေးရွာသားများ ထိခိုက်သေဆုံးမှု ရှိကြောင်း ဆိုသည်။
“အခုရက်မှာ စစ်တပ်ဘက်က ပူဖောင်းတင်ပြီး အဲ့ကကင်မရာကနေအောက်ကလှုပ်ရှားမှုရှိတဲ့နေရာတွေ ကိုကာမီကာဇေနဲ့ ဝင်ဆောင့်တာမျိုး လုပ်တယ်။ ဒီရက်ထဲ မင်းလက်ပံဘက်ကဖလူးဘက်က ရွာသား တစ်ယောက် သေ၊ တစ်ယောက်ထိတယ်၊ အဲဒီ ရှေ့ရက်တွေက KNLA /PDF တွေလည်းထိတာ ကျတာ မျိုးရှိတယ်။ အခုရက်မှာဒရုန်းနဲ့ လက်နက်ကြီး ပြောင်းသုံးပြီးတိုက်လာတယ် ”ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
ထိုသို့ ထိုင်း-မြန်မာနယ်စပ် နေရာအနီးတွင် နှစ်ဘက်တိုက်ပွဲပြင်းထန် နေသည့်အတွက် ထိုင်းနိုင်ငံ စစ်တပ်မှ ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ရက်တို့တွင် စစ်ရဟတ်ယာဉ်ဖြင့်နယ်စပ် လမ်းပိုင်းအား ကင်းပတ်ပျံသန်း စောင့်ကြည့်နေသလို မြေပြင်နယ်ခြားစစ်တပ်မှလည်း စစ်ရေးပြင်ဆင်ကင်းပတ်နေကြကြောင်း သိရှိရသည်။
လက်ရှိ ဖလူးဒေသတွင် ကျေးရွာအလိုက် ကရင်နှစ်သစ်ကူးကောက်သစ်စားပွဲများကျင်းပနိုင်ခြင်းမရှိဘဲ DKBA ဌာနချုပ်ဆုံဆည်းမြိုင်နေရာ၊ မြဝတီမြို့နှင့် မြဝတီမြို့မြောက်ဘက်ရွှေကုက္ကိုဒေသတို့တွင်သာ ကရင်နှစ်သစ်ကူး ပွဲတော်များ ကျင်းပနိုင်ကြသည်။







